ကမ္ဘာ့ ဖလားမှာ ခြေစွမ်းပြခဲ့တဲ့ မက်ဂွားယားကို စိန်ခေါ် စကား ပြောလိုက်တဲ့ အဲရစ် တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် ကတော့ ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီးမှာ ပုံစံကောင်း ပြသထားနိုင်ခဲ့တဲ့ နောက်ခံလူ မက်ဂွားယားကို ကာတာမှာ ပြသခဲ့တဲ့ ခြေစွမ်းမျိုး အသင်းဆီ ပြန်လည် ယူဆောင်လာဖို့ စိန်ခေါ်စကား ဆိုခဲ့လိုက်ပါတယ် ။

ဟယ်ရီ မက်ဂွားယားဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် 3 ကြိမ်မျှသာ ပွဲထွက် ကစားခွင့် ရရှိထားခဲ့ပေမဲ့ ကာတာမှာ ကမ္ဘာ့ ဖလား ကစားရတဲ့ အင်္ဂလန် လက်ရွေးစင်အသင်းအတွက် ကစားခွင့် ရရှိခဲ့ပါတယ် ။

အဲ့ဒီမှာတော့ သူဟာ ပွဲစဥ်တိုင်း ပွဲထွက် ကစားခွင့်တွေ ရရှိိခဲ့ပြီး အင်္ဂလန် အသင်းရဲ့ ခံစစ်ကို လုံခြုံမှုတွေ ပေးနိုင်ခဲ့သလို အလျင်းသင့်သလို တိုက်စစ်ပိုင်းကိုပါ တက်ရောက် ကူညီပေးနိုင်ခဲ့ပါတယ် ။ ဒီအတွက် သူဟာ ချီးကျူးမှုတွေလည်း ရရှိခဲ့ပါတယ် ။

အခုတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က သူ့ကို ချီးကျူးမှုတွေ လုပ်ဆောင်ရင်း တကယ့်ကို ကောင်းမွန််တဲ့ ပြိုင်ပွဲ တစ်ခုကို ပိုင်ဆိုင်ခဲ့ကြောင်း ၊ သူ့ကို ထောက်ခံ အားပေးသွားဖို့ ရှိနေကြောင်း ၊ အဲ့ဒီလို စွမ်းဆောင်ရည်ကို အသင်းမှာ ပြသဖို့ လိုကြောင်း ပြောခဲ့လိုက်ပါတယ် ။

” ကျွန်တော် သူ့ကို ထောက်ခံ အားပေးသွားဖို့ပဲ ရှိနေပါတော့တယ် ။ သူ အသင်းအတွက် ကစားပေးနိုင်စွမ်း ရှိရဲ့လားဆိုတာမျိုး ကျွန်တော် သူ့ကို မကြာခန မေးခဲ့ဖူးပါတယ်် ။ သူဟာ အဆင့်အတန်း မြင့်မားတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်် ကစားပေးနိုင်စွမ်း ရှိတယ်ဆိုတာ ထင်ရှားလှပါတယ် ”

” သူ့ရဲ့ ယုံကြည်ချက်တွေကို ကွင်းထဲမှာ ပြသနိုင်ရေးဆိုတာက သူ့အပေါ်မှာပဲ မူတည်နေပါတယ် ။ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ကစားပေးတဲ့ အခါတွေမှာတော့ သူဟာ အဲ့တာကို ပွဲစဥ်တိုင်း ထုတ်ဖော်ပြသနိုင်ခြင်း မရှိခဲ့ပါဘူး ”

” အခုလို ပုံစံမျိုးနဲ့ ယုံကြည်ချက် အပြည့်ထားပြီး ကစားတဲ့ အခါတိုင်း မန်ချက်စတာ ယူနိုက်တက်အတွက် အရေးကြီိးတဲ့ ကစားသမား ဖြစ်နိုင်ခဲ့ပါတယ် ။ ကျွန်တော်တို့ သူ့ဆီက မျှော်လင့်တာလဲ အဲ့တာပါပဲ ။ ဟယ်ရီ မက်ဂွားယား ကိုယ်တိုင်ကလည်း သူ့ဆီက မျှော်လင့်နေတာ ဒါပဲလေ ”

” သူဟာ အဆင့်အတန်း မြင့်မားသူ တစ်ဦးပါ ။ အဆင့်အတန်း မြင့်မားတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ကစားလိုသူ တစ်ဦးပဲလေ ။ သူဟာ ခံစစ်ကို ဦးဆောင်ချင်ပါတယ် ။ သူက ကျွန်တော်တို့ရဲ့ ကစားဟန် ၊ system ထဲမှာ ကစားပေးနိုင်စွမ်း ရှိတာ သေချာလှပါတယ် ”

” သူဟာ အင်္ဂလန် အသင်း အတွက် ပွဲစဥ်တိုင်းနီးပါး ပွဲကောင်းတွေချည်း ပိုင်ဆိုင်ခဲ့သူပါ ။ သူဟာ မန်ချက်စတာ ယူနိုက်တက်မှာ ဆိုးရွားတဲ့ ခြေစွမ်းတွေ ပြခဲ့ဖူးပါတယ် ။ သေချာတာပေါ့ ၊ ဒါတွေဟာ သူ ခက်ခဲတဲ့ အခိုက်အတန့်တွေ ပိုင်ဆိုင်ခဲ့လို့ ဖြစ်ခဲ့ရတာပါ ”

” သူ့ကိုယ်သူ ယုံကြည်မှု ပြည့်ဝတဲ့ အခါတွေမှာ သူဟာ ကွင်းအတွင်း စွမ်းဆောင်ရည် ကောင်းခဲ့တာချည်းပါပဲ ။ ခင်ဗျား အလုပ်တွေ ကြိုးစားရင် ယုံကြည်ချက်တွေ မြင့်တက်လာမှာပါပဲ ။ အင်္ဂလန်မှာ သူကစားပေးခဲ့တဲ့ ပုံစံကို ကြည့်ရုံနဲ့ ခင်ဗျားတို့ သိနိုင်မှာပါ ”

” အဲ့တာကို မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြန််လည် သယ်ဆောင်လာဖို့ ၊ ကွင်းထဲ ယူဆောင်လာဖို့ မျှော်လင့်နေကြပါတယ် ။ ကျွန်တော်နဲ့ အသင်းက သူ့ဆီကနေ အဲ့တာမျိုး မျှော်လင့်နေခဲ့ကြတာပါ ။ အဲ့တာ လုပ်ပြနိုင်ရင်် သူဟာ ကျွန်တော်တို့အတွက် ခမ်းနားတဲ့ ကစားသမား ဖြစ်လာပါလိမ့်မယ် ” လို့ တန်ဟတ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar