ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် မတိုင်မီ သူနဲ့ အထူးတလည် ရင်းနှီးတဲ့ အာဂျင်တီးနား စတား ၂ဦးနဲ့ ဘာအဆက်အသွယ်မှ မရှိနေကြောင်း ဖွင့်ဟလာတဲ့ ပါရီဆစ်

ယနေ့ညမှာ ကာတာ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် အဆင့် ပထမပွဲကို ကျင်းပသွားဖို့ ရှိပြီး ၊ ၂၀၁၈ runner-up ခရိုအေးရှားနဲ့ လက်ရှိ ကိုပါ အမေရိက ချန်ပီယံ အာဂျင်တီးနားတို့ Lusail Iconic ဘောလုံးကွင်းမှာ အကြိတ်အနယ် ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ် ။

၂သင်းစလုံးဟာ ပြီးခဲ့တဲ့ ကွာတားဖိုင်နယ် အဆင့်မှာ အချိန်ပို မိနစ် ၃၀ အပါအဝင် ၊ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ပြီးမှ ဆီမီးဖိုင်နယ်ကို တက်ရောက်လာတာ ဖြစ်ပါတယ် ။ လီယွန်နယ် မက်ဆီ ဦးဆောင်တဲ့ အာဂျင်တီးနားဟာ ကွာတားမှာ နယ်သာလန်ကို မိနစ် ၁၂၀ အတွင်း တဖက် ၂ဂိုးစီ သရေ ကစားခဲ့ပြီး ၊ ပင်နယ်တီ အဆုံးအဖြတ်မှာ ၄ – ၃ ရလဒ်နဲ့ နိုင်ခဲ့ပါတယ် ။

 

ထို့အတူ လူကာ မိုဒရစ် ဦးဆောင်တဲ့ ခရိုအေးရှားကလည်း နာမည်ကြီး ဘရာဇီးကို မိနစ် ၁၂၀ အတွင်း တဖက် တဂိုးစီ သရေ ကစားခဲ့ကာ ၊ ပင်နယ်တီ အဆုံးအဖြတ်မှာ ၄ – ၂ ရလဒ်နဲ့ နိုင်ခဲ့ပါတယ် ။ ယနေ့ည ဒီ ၂သင်းရဲ့ ထိပ်တိုက် တွေ့ဆုံမှုကရော ပင်နယ်တီ အဆုံးအဖြတ် အထိ ရောက်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။

တဖက်မှာ ဒီပွဲဟာ ခရိုအေးရှား ဝါရင့် တောင်ပံ ကစားသမား အိုင်ဗန် ပါရီဆစ် အတွက်တော့ တော့တင်ဟမ် အသင်းဖော်ဖြစ်တဲ့ အာဂျင်တီးနား ခံစစ်မှူး ခရစ်တီယန် ရိုမဲရိုး ၊ အင်တာမီလန် အသင်းဖော်ဟောင်း ဖြစ်တဲ့ အာဂျင်တီးနား တိုက်စစ်မှူး လော်တရို မာတီနက်ဇ်တို့ကို ပြိုင်ဖက် အဖြစ်နဲ့ ရင်ဆိုင်ရမယ့် ပွဲလည်း ဖြစ်ပါတယ် ။

အသက် ၃၃နှစ် အရွယ်ရှိ ပါရီဆစ် ဟာ လက်ရှိ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ခရိုအေးရှား အတွက် ပွဲတိုင်း ပွဲထွက် ကစားပေးထားကာ ၊ တဂိုးသွင်း ၂ဂိုး ဖန်တီးပေးထားပါတယ် ။ Football Italia နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ပါရီဆစ်က ဆီမီးဖိုင်နယ် မတိုင်ခင် သူနဲ့ ရင်းနှီးတဲ့ ခရစ်တီယန် ရိုမဲရိုး ၊ လော်တရို မာတီနက်ဇ်တို့နဲ့ အဆက်အသွယ် မရှိနေကြောင်း အခုလိုပဲ ဖွင့်ဟလာပါတယ် ။

ပါရီဆစ် က ” အုပ်စုအဆင့်ပွဲတွေတုန်းက ကျွန်တော်တို့ အကြားမှာ အဆက်အသွယ်တွေ ရှိခဲ့ပါတယ် ။ ဒါပေမယ့် ဆီမီးဖိုင်နယ် ရောက်လာတဲ့အခါမှာတော့ အဆက်အသွယ်တွေ ပြတ်သွားပါတယ် ။ ဒါပေမယ့် လော်တရိုနဲ့ ခရစ်တီယန်တို့ဟာ ကိုယ့်နိုင်ငံ အတွက် အသက်ရှင်သန်ကြပြီး ၊ အာဂျင်တီးနား အတွက်ဆို ကစားပေးဖို့ မစောင့်နိုင်တာ ကျွန်တော် သိထားပါတယ် ။ ”

” လန်ဒန်နဲ့ မီလန်မှာ ကစားတဲ့အချိန်တွေမှာ အခက်အခဲတွေ ရှိခဲ့ပေမယ့် ၊ ကိုယ့်နိုင်ငံ အတွက် ကိုယ်စားပြု ကစားတဲ့ နေရာမှာတော့ ဘယ်လောက်ထိ မျှော်လင့် စောင့်စားနေမလဲ ဆိုတာ ကျွန်တော် နားလည်ပေးနိုင်ပါတယ် ။ ကျွန်တော်တို့လည်း ထိုနည်း၄င်းပါပဲ ။ ”

” သူတို့ကလည်း ရာနှုန်းပြည့် စွမ်းဆောင်ရည်နဲ့ ကျွန်တော်တို့ကို ရင်ဆိုင်မှာ ဖြစ်သလို ၊ ကျွန်တော်တို့ကလည်း ထိုနည်းတူ တုန့်ပြန်ကစားမှာပါ ။ ပွဲကောင်းတပွဲ ဖြစ်လာဖို့သာ ကျွန်တော်တို့ မျှော်မှန်းထားပါတယ် ။ ကွင်းတွင်း ပရိသတ်တွေလည်း ဒီပွဲကို ကြည့်ရှုရတာ နှစ်သက်မှု ရှိဖို့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR