ကမ္ဘာ့ဖလားကနေ ထွက်ရလို့ ကြေကွဲနေတဲ့ နေမာ အတွက် စိတ်ဖြေစရာ သတင်းကောင်းတခု

ဘရာဇီး နဲ့ PSG တိုက်စစ်မှူး နေမာ ဟာ သူ့ကို စွဲဆိုထားတဲ့ အမှုကနေ ကင်းလွတ် သွားပြီလို့ သိရပါတယ် ။ နေမာ ဟာ ၂၀၁၃ ခုနှစ်တုန်းက ဘာစီလိုနာ အသင်းဆီကို ဆန်းတိုစ့် ကလပ် ကနေ ပြောင်းရွှေ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရုံးတင် စစ်ဆေးမှု ခံယူ နေရတာဖြစ်ပြီး အခု အခါမှာတော့ အဆိုပါ အမှုကနေ လွတ်မြောက် သွားခဲ့ပြီ ဖြစ်ပါတယ် ။

ခရိုအေးရှား အသင်းကို ကွာတားဖိုင်နယ် အဆင့်မှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ပြီး ကမ္ဘာ့ဖလား ကနေ အိမ်ပြန် လာခဲ့ရတဲ့ ဘရာဇီး အသင်းရဲ့ အဓိက ကစားသမား ဖြစ်တဲ့ နေမာ ဟာ ဖခင် ဖြစ်သူ နဲ့ အတူ ငွေကြေး ခဝါချမှု ၊ အခွန်လိမ်လည်မှု စတဲ့ စွဲချက်တွေကို ရင်ဆိုင် ဖြေရှင်း ခဲ့ရပါတယ် ။

နေမာ နဲ့ ပတ်သက်တဲ့ မူပိုင်ခွင့်တွေကို ၄၀% အထိ ပိုင်ဆိုင်တဲ့ ဘရာဇီး ကုမ္ပဏီ DIS က သူတို့ဟာ နေမာ ရဲ့ အပြောင်းအရွှေ့ ( ဆန်းတိုစ့် မှ ဘာစီလိုနာ သို့ ) မှာ ထိုက်သင့်တဲ့ အကျိုး ခံစားခွင့်ကို မရရှိ ခဲ့ဘူးလို့ စွဲချက်တင်ခဲ့ ပါတယ် ။

အကြောင်းကတော့ ပြောင်းရွှေ့ကြေး အစစ်အမှန်ကို စာချုပ်ထဲမှာ ထည့်သွင်း မချုပ်ဆို ခဲ့တာကြောင့် ဖြစ်တယ်လို့ ကုမ္ပဏီဘက်က ပြောဆို လာခဲ့ပါတယ် ။

ဒါပေမယ့် စပိန် အခြေစိုက် တရားရုံးကတော့ DIS က စွဲချက်တင်ထားတဲ့ ကိစ္စဟာ မှန်ကန်ကြောင်း ခိုင်လုံစွာ သက်သေ သာဓက ပြသနိုင်ခြင်း မရှိတာကြောင့် စွဲချက်တွေကို ပလပ် လိုက်ကြောင်း ဒီကနေ့မှာ ထုတ်ပြန် ကြေညာ သွားခဲ့ ပါတယ် ။

DIS က ငှားရမ်းထားတဲ့ ရှေ့နေတွေ ကတော့ ဒီဆုံးဖြတ်ချက် ကို မကျေနပ်ဘဲ နောက်တဆင့် တက်ဖို့ စိတ်ကူး နေတယ်လို့ ကြားသိရ ပါတယ် ။

တရားလို ရှေ့နေအဖွဲ့ဟာ နေမာ နဲ့ ဖခင် ဖြစ်သူတို့ကို ထောင်ဒဏ် ၅ နှစ်အထိ ကျခံနိုင်တဲ့ ပုဒ်မတွေနဲ့ စွဲချက်တင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ၂ နှစ်ခွဲ ပြစ်ဒဏ်ကို ပြောင်းလဲ လျော့ချ စွဲချက် တင်ခဲ့ ပါတယ် ။

နေမာ ကတော့ ၂၀၁၁ ခုနှစ် တုန်းက ညှိနှိုင်းချိန်မှာ သူ ပါဝင် ခဲ့သလား ၊ ဘာတွေ ပြောခဲ့သလဲ ဆိုတာ မမှတ်မိ တော့ကြောင့် တရားရုံးကို ဖွင့်ဟ ပြောဆိုထားခဲ့ပြီး ဖြစ်ပါတယ် ။ ၂၀၁၃ ခုနှစ်မှာ ဖြစ်ပေါ်လာတဲ့ စံချိန်တင် အပြောင်းအရွှေ့အတွက် ဘာစီလိုနာ နဲ့ ဆန်းတိုစ့် တို့ဟာ ၂၀၁၁ မှာ စတင် ဆွေးနွေး ခဲ့ကြတာဖြစ်ပြီး အဆိုပါ အချိန်တုန်းက ရီးရဲမက်ဒရစ် ဟာလည်း နေမာ ကို ဘာဆာ နဲ့ အပြိုင် ကမ်းလှမ်းမှု ပြုလုပ် နေချိန် ဖြစ်ပါတယ် ။

နေမာ ဟာ ၂၀၁၇ ခုနှစ် မှာတော့ ပြင်သစ် ထိပ်သီးကလပ် PSG ထံ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ထပ်မံ ပြောင်းရွှေ့ ခဲ့ ပါတယ် ။

လက်ရှိ မှာတော့ နေမာ ဟာ PSG မှာ အနာဂါတ် မရေရာ မသေချာ ဖြစ်နေပြီး ရာသီအကုန်မှာ နေမာ ကို အခြား လူငယ် သွေးသစ်တွေနဲ့ အစားထိုးဖို့ ပြင်သစ် ကလပ်က စီမံကိန်း လုပ်ဆောင် နေတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။

နေမာ ဟာ ဘရာဇီး အသင်းကို ဦးဆောင်ပြီး ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင် ခဲ့ပေမယ့် အဖွင့် ပွဲစဉ်က ဒဏ်ရာကြောင့် ၃ ပွဲသာ ကစားပြီး အိမ်ပြန်လာခဲ့ရ ပါတယ် ။

နေမာ ရဲ့ ကလပ် အသင်းဖော်တွေ ဖြစ်တဲ့ အမ်ဘာပေ နဲ့ လီယွန်နယ် မက်ဆီ တို့ကတော့ ဆီမီးဖိုင်နယ် အဆင့်ဆီ တက်လှမ်း သွားခဲ့ကြပြီး ဒီနေ့နဲ့ မနက်ဖြန် ညတွေမှာ အမြင့်ဆုံး အောင်ပွဲကြီးနဲ့ လက်တကမ်း အလိုကို လှမ်းတက် နိုင်ဖို့ အဆုံးအဖြတ် ခံယူကြရတော့မှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR