ဝေဖန်သူ အဖြစ်မှ ရော်နယ်ဒို အပေါ် ကရုဏာသက်သူ ဖြစ်သွားခဲ့ရတဲ့ ဂယ်ရီ နဗီးလ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ညာနောက်ခံလူဟောင်း တစ်ဦးဖြစ်သူ ဂယ်ရီ နဗီးလ် က အသင်းဖော်ဟောင်း ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒို ကမ္ဘာ့ ဖလား ပြိုင်ပွဲမှ ငိုကြွေးပြီး ထွက်ခွာသွားတာကို စောင့်ကြည့်ရတာ ကြောက်မက်ဖွယ် ကောင်းလွန်းတယ်လို့ ပြောကြား သွားခဲ့လိုက်ပါတယ် ။

ခရစ္စတီယာနို ရော်နယ်ဒို ဟာ ကမ္ဘာ့ ဖလား ပြိုင်ပွဲရဲ့ အုပ်စု အဆင့်တွေမှာ ပေါ်တူဂီ လက်ရွေးစင် အသင်း အတွက် ပွဲထွက် ကစားခွင့်တွေ ရရှိခဲ့ပေမဲ့ ဆွစ်ဇာလန် နဲ့ ရင်ဆိုင်ခဲ့ရတဲ့ 16 သင်း ရှုံးထွက် အဆင့်မှာတော့ အရန်လူ အဖြစ်နဲ့သာ လူစားဝင် ကစားခွင့် ရရှိခဲ့ပါတယ် ။

အဆိုပါ ပွဲစဥ်မှာတော့ သူ့ရဲ့ နေရာကို လူစားဝင် ကစားခဲ့တဲ့ ဂွန်ကာလို ရာမို့စ် က ဟတ်ထရစ်ဂိုး သွင်းယူသွားနိုင်ခဲ့ပါတယ် ။ အဲ့ဒီနောက် ကွာတား ဖိုင်နယ် အဆင့်မှာ ရာမို့စ် ပဲ ပွဲထွက်ခွင့် ဆက်လက် ရရှိခဲ့ပြီး ရော်နယ်ဒို ကတော့ လူစားဝင် ကစားခွင့်သာ ရရှိခဲ့ပြန်ပါတယ် ။

အဆိုပါ ပွဲစဥ်မှာတော့ ပေါ်တူဂီ တို့ဟာ အန် နေဆီရီ ရဲ့ တစ်လုံးထဲသော သွင်းဂိုးနဲ့ အတူ ပြိုင်ပွဲကြီးမှ နှုတ်ဆက် ထွက်ခွာသွားခဲ့ရပါတယ် ။ အဲ့ဒီမှာ ​လူတွေ အားလုံးရဲ့ အာရုံကို ဖမ်းစားသွားနိုင်ခဲ့တာက ကွင်းထဲကနေ စတင်ပြီး အဝတ်လဲခန်းအထိ ငိုကြွေးသွားခဲ့တဲ့ ရော်နယ်ဒိုရဲ့ ပုံရိပ်တွေပဲ ဖြစ်ခဲ့ရပါတယ် ။

အခုတော့ ပြီးခဲ့တဲ့လတွေတုန်းက ရော်နယ်ဒို အပေါ် ဝေဖန််မှုတွေ လုပ်ဆောင်ခဲ့သေးတဲ့ မန်ချက်စတာ ယူနိုက်တက်် အသင်းရဲ့ ခံစစ်ကစားသမားဟောင်း ဖြစ်သူ ဂယ်ရီ နဗီးလ် က ကမ္ဘာ့ အကောင်းဆုံး ကစားသမား တစ်ဦး အိပ််မက်တွေ ပျက်စီးပြီး ငိုကြွေးပြန်ခဲ့ရတာက တကယ့်ကို ကြောက်မက်ဖွယ်ကောင်းကြောင်း ပြောခဲ့လိုက်ပါတယ် ။

” ကျွန်တော် ခရစ္စတီယာနို ရော်နယ်ဒို ဆိုပြီး မန်းရှင်း မခေါ်လိုပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ဥမင်လိုင်ခေါင်းထဲ ငိုကြွေးပြီး ဝင်ရောက်သွားတဲ့ သူ့ကို ကျွန်တော်မြင်ခဲ့ရလို့လေ ။ ဒါက ကျွန်တော့်အတွက်တော့ တကယ့် ကြောက်ရွံ့ တုန်လှုပ်ဖွယ်ကောင်းတဲ့ မြင်ကွင်း ဖြစ်သွားခဲ့ရပါတယ် ”

” အဲ့ဒီ အခိုက်အတန့် ဆိုတာက သူဟာ သူ့နိုင်ငံ အတွက် ကမ္ဘာ့ ဖလား ဆွတ်ခူးပေးချင်တဲ့ အိပ်မက်တွေ ကုန်ဆုံးခဲ့ရပြီလို့ သိလိုက်တဲ့ အခိုက်အတန့် ဖြစ်သွားခဲ့ရတယ်လေ ။ ကျွန်တော်တို့လည်း သူ့လိုမျိုး ကစားသမား ဘဝရဲ့ နေဝင််ချိန်ကို ကြုံတွေ့ခဲ့ဖူးသူတွေပါ ”

” ဒါပေမဲ့ သူကတော့ မတူပါဘူး ။ သူဟာ ဘောလုံး သမိုင််းကြောင်းရဲ့ အခမ်းနားဆုံး ကစားသမား တစ်ယောက် ၊ ဒါမှမဟုတ် အခမ်းနားဆုံး ကစားသမား ဖြစ်နေလို့ ပါပဲ ။ သူ့ကို အခုလို မြင်ရလို့ တုန်လှုပ်မိပါတယ် ။ သူဟာ ခက်ခဲတဲ့ အခိုက်အတန့်တွေ ပိုင်ဆိုင်ခဲ့ရသေးတယ်လေ ” လို့ နဗီးလ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar