လီယွန် နဲ့ ခြေစမ်းပွဲမှာ ပါဝင် မကစားခဲ့တဲ့ အကြောင်းအရင်းကို ရှင်းပြ လိုက်တဲ့ ဇင်ချန်ကို

အာဆင်နယ် အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကာလအတွင်း ပူနွေးတဲ့ ရာသီဥတုအောက်မှာ လေ့ကျင့်ခန်း ဆင်းလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒူဘိုင်းကို ရောက်ရှိနေပါတယ် ။ အာဆင်နယ် အသင်းဟာ ဒူဘိုင်းမှာ ပထမဆုံး ခြေစမ်းပွဲ အဖြစ် လီယွန် အသင်း နဲ့ ကစားခဲ့ပြီး ဖြစ်ပြီး ၃ ဂိုးပြတ် အနိုင် ရခဲ့ပါတယ် ။

လီယွန် နဲ့ ပွဲမှာ အာဆင်နယ် အသင်းဟာ ကမ္ဘာ့ဖလား မကစားရတဲ့ အဓိက ကစားသမား အများစုကို ပွဲထုတ် ခဲ့ပြီး နောက်တန်းမှာ ဆီဒရစ် ၊ ဟိုးလ်းဒင်း ၊ ဂါဘရီရယ် နှင့် တီယာနေး တို့ကို ကစားစေခဲ့ပါတယ် ။ ဂိုးသမား ကတော့ လူငယ် ဂိုးသမား ကားလ်ဟိန်း ဖြစ်ပြီး ကွင်းလယ်မှာတော့ အယ်နီနီ နဲ့ လိုကွန်ဂါ တို့ကို တွဲဖက် ပေးခဲ့ပါတယ် ။

တောင်ပံ နှစ်ဖက်ကိုတော့ နယ်လ်ဆင် နဲ့ ဗီအဲရာတို့က တာဝန်ယူ ခဲ့ပြီး ကပ္ပတိန် အော်ဒီဂတ် လည်း ပွဲထွက် ကစားခဲ့ပါတယ် ။ တိုက်စစ် ကို ဦးဆောင်ခဲ့သူကတော့ အက်ဒီ အန်ကီတီးယား ပါ ။ အာဆင်နယ် အသင်းဟာ ပထမပိုင်းမှာကတည်းက ဂါဘရီရယ် ၊ အန်ကီတီးယား ၊ ဗီအဲရာ တို့က သွင်းယူ ပေးခဲ့ကြတာပါ ။

အာဆင်နယ် အသင်း ရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်တဲ့ ဇင်ချန်ကို ဟာ ကမ္ဘာ့ဖလား မကစားရပေမယ့် လီယွန် နဲ့ ခြေစမ်းပွဲမှာ ပါဝင် ကစားခဲ့ခြင်း မရှိပါဘူး ။ ပရိသတ်တွေကတော့ လီယွန် နဲ့ ပွဲမှာ ဇင်ချန်ကို ပါဝင် မကစားခဲ့တဲ့ အကြောင်းအရင်းကို သိချင်နေကြပါတယ် ။

ဇင်ချန်ကို က Sky Sports နဲ့ အင်တာဗျူးမှာ သူ့ရဲ့ ဒဏ်ရာ အခြေအနေ နဲ့ ပတ်သက်ပြီး ” ကျနော့် မှာ ကြွက်သား သက်သောင့် မသက်သာ ဖြစ်မှု အနည်းငယ် ရှိနေခဲ့ပါတယ် ။ ဒါပေမယ့် ကျနော် ကြံ့ခိုင်မှု ပြည့်ဝဖို့ အတော်လေး နီးစပ် နေပါပြီ ၊ ကြံ့ခိုင်မှု ပြန်ကောင်းလာအောင် ကျနော် ကြိုးစား လုပ်ဆောင် နေပါတယ် ။ အသင်း နဲ့ အတူ အမြန်ဆုံး ပူးပေါင်း ကစားချင်ပါပြီ ။ ”

” ပြောရရင် အသင်း အတွက် မကစားပေးနိုင်တဲ့ ခံစားချက်က အတော်လေး ဆိုးရွားပါတယ် ။ ပြီးခဲ့တဲ့ နှစ်လ အတွင်းမှာ ကျနော် အတော်လေး ရုန်းကန် ခဲ့ရပါတယ် ၊ ဒါပေမယ့် အတိတ်မှာ ဖြစ်ခဲ့တာတွေကို ထားခဲ့လိုက်ပါပြီ ၊ အခု အချိန်မှာတော့ လက်ကျန် ရာသီ အတွက်ကိုပဲ အာရုံ စိုက်ထားပါတယ် ။ ”

ဒါ့အပြင် ဇင်ချန်ကို က ဒဏ်ရာကြောင့် သုံးလခန့် အနားယူရမယ့် ဂျေးဇု နဲ့ ပတ်သက်ပြီးလည်း မှတ်ချက် ပေးသွားခဲ့ပါတယ် ။ ” ဂျေးဇု နောက်မှာ ကျနော်တို့ အားလုံး ရှိနေကြကြောင်း ကျနော် ပြောထားပြီးပါပြီ ။ ကျနော်တို့ အားလုံးကို သူ့ကို အားပေး သွားကြမှာပါ ။ ”

” သူ မကစားနိုင်တာ က ကျနော်တို့ အသင်း အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ပါ ၊ သူ အသင်းအတွက် လုပ်ပြထားတဲ့ အရာတွေက လုံးဝ အံ့မခန်း ပါပဲ ၊ ကျနော် သူနဲ့ သိလာတာ ကြာပါပြီ ၊ သူက ကျနော်တို့ အတွက် စစ်သည်တော်ကြီးပါပဲ ၊ သူ အရင်ကထက် ပို သန်မာတဲ့ ပုံစံ နဲ့ ပြန်လာနိုင်မယ်လို့ ကျနော်ကတော့ ရာနှုန်းပြည့် ယုံကြည်မှု ရှိပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM