လီယွန်နဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ အယ်လီယော့ နဲ့ ဒဏ်ရာပြန်လည်ရရှိခဲ့တဲ့ လူးဝစ်ဒီယက် တို့ရဲ့ အခြေအနေတွေကို ပြောပြလိုက်တဲ့ ယာဂန်ကလော့

ယာဂန်ကလော့ဟာ လူးဝစ်ဒီယက် နဲ့ ဟာဟာဗေးအယ်လီယော့ တို့ရဲ့ နောက်ဆုံးရ ကြံ့ခိုင်မှုအခြေအနေတွေကို ပြောပြသွားခဲ့ပါတယ်။ လူးဝစ်ဒီယက်ဟာ ဒီတစ်ပတ် ဒူဘိုင်းမှာ ပြုလုပ်နေတဲ့ လီဗာပူးရဲ့ training camp မှာ ဒဏ်ရာပြန်လည်ရရှိသွားခဲ့တာ ဖြစ်ပြီး ဟာဗေးအယ်လီယော့ ကတော့ မနေ့ညက လီယွန်နဲ့ ကစားခဲ့တဲ့ လီဗာပူးရဲ့ Dubai Super Cup အဖွင့်ပွဲစဉ်မှာ ၂၉ မိနစ်သာ ကစားနိုင်ခဲ့ပြီး ဒဏ်ရာကြောင့် လူစားလဲပစ်ခဲ့ရပါတယ်။

လီယွန်ကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ Dubai Super Cup ပွဲစဉ်အပြီးမှာ ယာဂန်ကလော့က “ဟာဗေးအယ်လီယော့ဟာ ကျနော်တို့ ဂိုးမရမီ ဒဏ်ရာရရှိသွားခဲ့တာပါ။ သူ ထိခိုက်မှု ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျကျနော်တို့ ကံကောင်းခဲ့တယ်လို့ထင်ပါတယ်။ အခုဆိုရင် သူ အိုကေနေတဲ့ ပုံစံပါပဲ။ နာကျင်မှုကိုတော့ ခံစားနေရပါတယ်။ ဒါပေမယ့် ဒါဟာ သာမန် အခြေအနေပါပဲ။ ထိခိုက်မှုကတော့ ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ ဒီအခိုက်အတန့်မှာ ကံကောင်းမှု ရှိခဲ့ပါတယ်။” လို့ပြောသွားပါတယ်။

လူးဝစ်ဒီယက်နဲ့ပက်သက်ပြီး ကလော့က “အမှန်ပါပဲ။ သူကတော့ သိပ်ပြီး ကောင်းမွန်တဲ့ အနေအထားမှာ ရှိမနေပါဘူး။ ဒါဟာ ကျနော်တို့အတွက်ကော သူ့အတွက်ပါ ကြီးမားတဲ့ စိတ်ပျက်စရာ အခြေအနေပဲ ဆိုတာ ရှင်းလင်းပါတယ်။ သူ့ရဲ့ ဒဏ်ရာဟာ training နဲ့ ပက်သက်ပြီး ဖြစ်ခဲ့တဲ့ အခြေအနေ မဟုတ်ပါဘူး။ လေ့ကျင့်နေတုန်း တစ်စုံတစ်ရာ မဖြစ်ခဲ့ဘဲ နောက်တနေ့မှ သူ့ရဲ့ ဒူးခေါင်းဟာ သိပ်ပြီး ခံစားလို့မရတဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ဘက်က ဒါနဲ့ပက်သက်ပြီး သတိကြီးကြီး ထားချင်ခဲ့ပါတယ်။ ဒါ့ကြောင့် ‘အိုကေ။ မင်းရဲ့ အခြေအနေကို စစ်ကြည့်ကြတာပေါ့’ လို့ ပြောခဲ့ပါတယ်။ အမှန်ပါပဲ။ အဲဒီနောက် သူ့ရဲ့ ဒဏ်ရာသတင်းက ထွက်လာခဲ့ပြီး မျက်နှာကို ကောင်းကောင်း ဖြတ်ရိုက်သလိုပါပဲ။” လို့ဆိုလိုက်ပါတယ်။

ကိုလံဘီယာ မီဒီယာတွေရဲ့ ဖော်ပြချက်အရ‌ကတော့ လူးဝစ်ဒီယက်ဟာ ဒူးအရွတ်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပြီး ခွဲစိတ်ကုသရန် လိုအပ်ကာ မတ်လလောက်ထိ အနားယူရဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဆက်လက်ပြီး ယာဂန်ကလော့က မနေ့ညက လီယွန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ကနေ သူ့ရဲ့အသင်းသားတွေ ရယူသွားရမယ့် သင်ခန်းစာတွေနဲ့ အပေါင်းလက္ခဏာဆောင်တဲ့ အရာတွေကို ပြောပြသွားခဲ့ပါတယ်။ ပထမပိုင်းမှာ လီဗာပူးရဲ့ ကစားဟန်ဟာ အတော်လေး ထက်မြက်ခဲ့ပြီး ၁ မိနစ် မပြည့်မီမှာပဲ ကာဗယ်ဟိုက ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။

၁၄ မိနစ်မှာ လီဗာပူးတို့ ပင်နယ်တီရခဲ့ပေမယ့် ဆာလား ဝင်အောင် မသွင်းနိုင်ခဲ့ပါဘူး။ ပထမပိုင်း ပြီးခါနီးမှာ ရောဘတ်ဆန်နဲ့ ကယ်လီဟာတို့ နားလည်မှုလွဲချော်ခဲ့ရာကနေ လက်ကာဇက်က ပြန်လည် ချေပခဲ့ပါတယ်။

ဒုတိယပိုင်းမှာ လူအပြောင်းအလဲတွေ အများကြီး လုပ်သွားခဲ့တဲ့ လီဗာပူးဟာ ပထမပိုင်းက အရှိန်အဟုန်ကို ပြန်မရှာနိုင်တော့ဘဲ လီယွန်ရဲ့ ပြန်ဖိကစားခြင်းကို ခံခဲ့ရကာ ပြင်သစ်ကလပ်အတွက် ဘာကိုလာ နဲ့ လက်ကာဇက် တို့က အနိုင်ဂိုးတွေ သွင်းယူသွားခဲ့ပါတယ်။

လီယွန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ် အပြီးမှာ ကလော့က “ပွဲအစပိုင်းမှာ ကျနော်တို့ရဲ့ ကစားပုံဟာ တကယ်ကောင်းခဲ့ပါတယ်။ ပထမပိုင်းရဲ့ ပွဲချိန် တော်တော်များများကို ကျနော် ကြိုက်ပါတယ်။ လေ့ကျင့်ရေးကွင်းမှာ ကျနော်တို့ လုပ်နေခဲ့တဲ့ အရာတွေကို တွေ့ခဲ့ရပါတယ်။ တကယ့်ကို aggressive ဖြစ်ပြီး ကစားပုံကောင်းခဲ့ကာ အချိတ်အဆက်တွေ မိခဲ့ပြီး ဒုတိယမြောက်ဂိုးလည်း ရနိုင်ခဲ့သင့်ပါတယ်။ ချေပဂိုးကတော့ ရော်ဘို နဲ့ ကယ်လီဟာ တို့ နားလည်မှု လွဲချော်ရာကနေ ပေးခဲ့ရတာပါ။ သိပ်တော့မကောင်းပေမယ့် ဒါမျိုး ဖြစ်တက်ပါတယ်။

လေ့ကျင့်ရေးကွင်းမှာ ကျနော်တို့ လုပ်ခဲ့တဲ့အရာတွေကြောင့် ဘယ်သူမ‌ဆို မိနစ် ၆၀ သာ အများဆုံး ကစားနိုင်စွမ်း ရှိတဲ့ အခြေအနေကြောင့် ကျနော်တို့ ဒုတိယပိုင်းမှာ လူစားလဲမှုတွေကို အများအပြား လုပ်ခဲ့ရပါတယ်။ ကျနော်တို့အသင်းမှာ လူငယ် ကစားသမားတွေ အများအပြား ဖြစ်နေကာ စုစည်းမှုက မရှိတော့ပါဘူး။ ပြောရမယ်‌ဆိုရင် ကျနော်တို့ ဘောလုံးဆုံးရှုံးသွားတဲ့အခါတိုင်း ဒါဟာ ကျနော်တို့ ဂိုးပေါက်မှာပဲ အဆုံးသတ်နေခဲ့ပါတယ်။

ကျနော်တို့ ဆုံးရှုံးသွားတဲ့ ဘောလုံးတိုင်းက တန်ပြန်တိုက်စစ် ဖြစ်နေခဲ့ပြီး ပြိုင်ဘက်အတွက် ကြီးမားတဲ့ အခွင့်အရေး ဖြစ်ခဲ့ပါတယ်။ ဒါဟာ ကောင်လေးတွေအတွက် လေ့လာသင်ယူစရာ ဖြစ်ပါတယ်။ ကျနော်တို့ ဒီပွဲကို အသုံးချကာ လေ့လာသင်ယူသွားမှာပါ။” လို့ဆိုလိုက်ပါတယ်။

SM