မက်ဆီရဲ့ အာဂျင်တီးနားကို ကျော်ဖြတ်နိုင်ရန် ခရိုအေးရှားတို့ ဘာလုပ်ဖို့ လိုအပ်သလဲဆိုတာကို ပြောပြလိုက်တဲ့ မိုဒရစ်

လူကာမိုဒရစ်က ခရိုအေးရှား အနေနဲ့ လီယွန်နယ်မက်ဆီရဲ့ အာဂျင်တီးနားကို ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် အဆင့်မှာ ကျော်ဖြတ်နိုင်ဖို့အတွက် သူတို့ဘဝရဲ့ အကောင်းဆုံး ပွဲကို ကစားသွားဖို့ လိုအပ်တယ်လို့ ဆိုလိုက်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဖိုင်နယ်အဆင့်ကို ရောက်ရှိခဲ့တဲ့ ခရိုအေးရှား အသင်းဟာ ဒီကမ္ဘာ့ဖလားမှာ ဂျပန် နာမည်ကြီး ဘရာဇီးတို့ကို ပင်နယ်တီအဆုံးအဖြတ်တွေနဲ့ ကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိလာခဲ့ပါတယ်။

 

ခရိုအေးရှားတို့ ဖိုင်နယ်ကို ၂ ကြိမ်ဆက် တက်ရောက်နိုင်ဖို့ မျှော်လင့်ချက်ဟာ အာဂျင်တီးနားစတား မက်ဆီကို ထိန်းထားနိုင်ဖို့ လိုအပ်နေပြီး ပီအက်ဂျီ တိုက်စစ်မှုဟာ ဒီကမ္ဘာ့ဖလားမှာ ဂိုးပါဝင်ပက်သက်မှု ၆ ကြိမ်ထိ ရှိထားခဲ့ပြီး အမ်ဘက်ပေ (၇ ကြိမ်) ကသာ ၎င်းထက် စွမ်းဆောင်ရည်ကောင်းတဲ့ တစ်ဦးတည်းသော ကစားသမား ဖြစ်နေပါတယ်။ မက်ဆီကို ထိန်းချုပ်နိုင်ဖို့ဟာ အရေးပါတဲ့ အချက် ဖြစ်နေပေမယ့်လည်း မိုဒရစ်က ကစားသမား တစ်ဦးတည်းအပေါ် စွမ်းအင်တွေ အကုန် မသုံးမိစေရန် ဒါလစ်ရဲ့ အသင်းသားတွေကို သတိပေးသွားခဲ့ပါတယ်။

မိုဒရစ်က “ကျနော့်‌အနေနဲ့ အာဂျင်တီးနားအသင်းကိုပဲ ရင်ဆိုင်ကစားသွားချင်ပါတယ်။ ကစားသမား တစ်ဦးတည်းကို မဟုတ်ပါဘူး။ အမှန်ပါပဲ။ မက်ဆီဟာ တအားကို ထူးချွန်တဲ့ ကစားသမား ဖြစ်ပါတယ်။ သူ့ကို ရပ်တန့်နိုင်ဖို့အတွက် ကျနော်တို့ ကြီးမားတဲ့ ပြသနာတွေနဲ့ ရင်ဆိုင်သွားရမှာပါ။ ဒါပေမယ့် ကျနော်တို့ ဒီအတွက် အဆင်သင့် ဖြစ်နေပြီး ကျနော်တို့ အကောင်းဆုံး လုပ်သွားမှာပါ။

အာဂျင်တီးနားဟာ ထိပ်တန်း အသင်းကြီး ဖြစ်ပါတယ်။ ကျနော်တို့ ဒီပြိုင်ပွဲရဲ့ အကောင်းဆုံးပွဲတစ်ပွဲ ၊ ကျနော်တို့ ဘဝရဲ့ အကောင်းဆုံးပွဲ တစ်ပွဲ ဖြစ်လာအောင် ကြိုးစားသွားကြမှာပါ။ဒါဟာ ဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့အတွက် လုံလောက်မှု ရှိနိုင်ဖို့ ကျနော် မျှော်လင့်ထားပါတယ်။” လို့ပြောသွားပါတယ်။

လူတော်တော်များများဟာ ခရိုအေးရှားတို့ ဒီအဆင့်ကို တက်ရောက်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ထားခြင်း မရှိဘဲ မိုဒရစ်ဟာ ဒီလိုအောက်အသင်း ဖြစ်နေတာဟာ သူတို့နဲ့ အံကိုက်ဖြစ်တယ်လို့ ဆိုလိုက်ပြီး ခရိုအေးရှားနဲ့ ပက်သက်ပြီး ပြိုင်ဘက်ကို သတိပေးသွားခဲ့ပါတယ်။

မိုဒရစ်က “အားလုံးဟာ နိုင်ငံကြီးတွေပဲ အကောင်းဆုံး လုပ်နိုင်မယ်လို့ မျှော်လင့်ထားတာ သာမန် အခြေအနေပါပဲ။ ကျနော်တို့ဟာ နိုင်ငံသေးသေးလေး ဖြစ်တာကြောင့် ဘယ်သူမှ ကျနော်တို့ကို ထည့်တွက်မထားကြပါဘူး။ ဒါပေမယ့် အခြားအသင်းတွေက ရေပန်းစားနေပြီး ကျနော်တို့က နောက်ကွယ်မှာ တိမ်မြှပ်နေခဲ့တဲ့ အတွက် ဘာပြသာနာမှ မရှိပါဘူး။ ကျနော်တို့ ကိုယ့်ဘာသာကိုယ်ပဲ အအကောင်းဆုံး ကြိုးစားပါတယ်။ အအကောင်းဆုံး အားထုတ်ပါတယ်။ ဒါဟာ ကျနော်တို့ရဲ့ အင်အား ဖြစ်ပါတယ်။

ကမ္ဘာ့ဖလား ပြိုင်ပွဲကို မထွက်ခွာမီတုန်းက ရီးရဲယ်မက်ဒရစ် အဝတ်လဲခန်းထဲမှာ ဘယ်အသင်းတွေ ဗိုလ်စွဲရန် ရေပန်းစားသလဲ ဆိုတာနဲ့ပက်သက်ပြီး ကျနော်တို့ အများကြီး ပြောဆို ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီတုန်းက ကျနော် သူတို့ကို ‘ခရိုအေးရှား ကိုလည်း သေချာစောင့်ကြည့်နေလိုက်ပါ’ လို့ပြောခဲ့ပါတယ်။” လို့ဆိုလိုက်ပါတယ်။

SM