ပြင်သစ် နဲ့ ပွဲမှာ အင်္ဂလန် အတွက် နစ်နာမှု ကြီးမားခဲ့တဲ့ ဆုံးဖြတ်ချက်တွေ ကွင်းလယ်ဒိုင်လူကြီး ချမှတ်ခဲ့တယ်လို့ ဝေဖန် ထောက်ပြ ခံနေရ

ပရီးမီးယားလိဂ် ကွင်းလယ် ဒိုင်လူကြီးဟောင်း ဒါမော့ ဂယ်လာဂါ က ပြင်သစ် နဲ့ အင်္ဂလန် ပွဲကို ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ် ဒိုင်လူကြီး Pereira Sampaio ဟာ ပွဲကြီး ပွဲကောင်းကို ကောင်းကောင်းမွန်မွန် ကိုင်တွယ် နိုင်စွမ်း ရှိကြောင်း မပြသ နိုင်ခဲ့ဘူးလို့ ဝေဖန် ပြောကြား လိုက်ပါတယ် ။

စနေနေ့ညက ကစားခဲ့တဲ့ ကွာတားဖိုင်နယ် နောက်ဆုံး ပွဲစဉ်မှာ အင်္ဂလန် အသင်းဟာ ပြင်သစ် အသင်းကို နှစ်ဂိုး တစ်ဂိုးဆိုတဲ့ ရလဒ် နဲ့ အရေးနိမ့် သွားခဲ့ပါတယ် ။ အဆိုပါပွဲမှာ ပြင်သစ် အသင်းဟာ ကွင်းလယ်လူ ချူအာမန်နီ ရဲ့ အဝေးကန်ချက် နဲ့ ပွဲကို စတင် ဦးဆောင် နိုင်ခဲ့ပါတယ် ။ ချုအာမန်နီ ရဲ့ သွင်းဂိုး မတိုင်မှီမှာ ဆာကာ ပြစ်ဒဏ် ကျူးလွန် ခံခဲ့ရပေမယ့် ပြစ်ဒဏ်ဘော မပေးခဲ့တာဟာ အင်္ဂလန် အတွက် ကြီးမားတဲ့ နစ်နာမှု တစ်ခု ဖြစ်တယ်လို့ ဒိုင်လူကြီးဟောင်း ဂယ်လာဂါ က ထောက်​ပြ လိုက်ပါတယ် ။

” ကျနော် ကတော့ ဆာကာ လဲကျသွားတာက ပြစ်ဒဏ်ဘော ပေးရမယ့် အနေအထားလို့ မြင်ပါတယ် ။ ပြစ်ဒဏ်ဘော ဟုတ်ပါ့မလား ဆိုတာတောင် သံသယ ဖြစ်စရာ မရှိတဲ့ ပြစ်ဒဏ်ဘောပါပဲ ၊ ခင်ဗျားတို့လည်း foul ဖြစ်သွားတယ် ဆိုတာ တွေ့ကြမှာပါ ။ ”

” ဒိုင်လူကြီး က မမြင်ဘူးပဲ ထားပါဦး ၊ လက်ထောက် ဒိုင်လူကြီး ရှိနေတဲ့ နေရာက အဲ့ဒီ မြင်ကွင်း ကို ကောင်းကောင်း မြင်နိုင်တဲ့ နေရာပါ ၊ သူလည်း အဲ့ဒီ အဖြစ်အပျက်ကို တည့်တည့်ကြီး ကြည့်နေတာပဲလေ ၊ သူနဲ့ အရမ်းအရမ်းကို နီးကပ်တဲ့ နေရာမှာ ဖြစ်သွားခဲ့တာလေ ။ ”

” လက်ထောက် ဒိုင်လူကြီးသာ အလံထောင်လိုက်ရင် ပြစ်ဒဏ်ဘော ဖြစ်သွားတယ်ဆိုတာ အားလုံး လက်ခံကြမှာပါ ။ အဓိက ပြဿနာက ပြစ်ဒဏ်ဘော နဲ့ ပြင်သစ် အသင်း ရသွားတဲ့ ဂိုးမှာ အချိန် ကွာခြားချက် က ၂၅ စက္ကန့်ပဲ ရှိနေတာပါပဲ ၊ VAR ရှိနေတာက အဲ့ဒါတွေကို ဆုံးဖြတ်ဖို့ မဟုတ်ဘူးလားဗျာ ။ ”

ဆက်လက်ပြီး ဂယ်လာဂါ က ကွင်းလယ် ဒိုင်လူကြီး ရဲ့ စွမ်းဆောင်ရည် အပေါ် ” သူ စိတ်လှုပ်ရှား ရင်ခုန် နေလို့ပဲ ဖြစ်ဖြစ် ပွဲအခြေအနေကြောင့်ပဲ ဖြစ်ဖြစ် သူ့ရဲ့ စွမ်းဆောင်ရည် က ဒီလို အဆင့် ပွဲမှာ ဒိုင်လူကြီး တစ်ယောက်ဆီက ကျနော်တို့ မျှော်လင့်ထားတဲ့ စွမ်းဆောင်ရည် မဟုတ်ခဲ့တာတော့ သေချာပါတယ် ။ ”

” ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ကို ကိုင်တွယ်နိုင်တဲ့ ဒိုင်လူကြီး အဆင့်အတန်းမျိုး မဟုတ်ခဲ့ပါဘူး ၊ သူ့မှာ အဲ့ဒီလို အဆင့်အတန်းမျိုး မရှိဘူးလို့ ဆိုလိုတာ မဟုတ်ဘူးနော် ၊ အဲ့ဒီပွဲက သူ့ရဲ့ စွမ်းဆောင်ရည်ကပဲ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲ ကို ကိုင်တွယ် နိုင်တဲ့ အနေအထားမျိုး မဟုတ်ခဲ့တာပါ ။ ”

” မိနစ် ၉၀ လုံးလုံး သူ့မှာ ဒီပွဲကို ကိုင်တွယ်နိုင်တဲ့ အရည်အချင်း ရှိတယ်ဆိုတာ မပြ နိုင်ခဲ့ပါဘူး ၊ ပြဿနာက သူ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက် ထက် မချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေက ပွဲအပေါ် ကြီးကြီးမားမား သက်ရောက်မှု ရှိနေတာပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM