ပေါ်တူဂီတို့ ကမ္ဘာ့ဖလားမှ ထွက်ခွာခဲ့ရခြင်း အတွက် အာဂျင်တီးနား ကွင်းလယ်ဒိုင်နဲ့ မက်ဆီ အပေါ် အပြစ် ပုံချခဲ့တဲ့ ပေပေ

မနေ့ညက ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် အဆင့် တတိယမြောက်ပွဲမှာ နာမည်ကြီး ပေါ်တူဂီတို့ ၁၉၈၆ နောက်ပိုင်း ပထမဆုံး အကြိမ် ကွာတားဖိုင်နယ် တက်လာခဲ့တဲ့ မော်ရိုကိုကို တိုက်စစ်မှူး ယူဆက်ဖ် အန်နစ်ဆရီရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အရေးနိမ့်ကာ ပြိုင်ပွဲကနေ နှုတ်ဆက်ခဲ့ရပြီ ဖြစ်ပါတယ် ။

ဒီပွဲဟာ ပေါ်တူဂီ အသင်းဟာ တပွဲလုံးနီးပါး ဘောလုံး ပိုင်ဆိုင်မှု အသာစီး ၊ အခွင့်အရေး ဖန်တီးမှု အသာစီး ၊ ဂိုးပေါက် ခြိမ်းခြောက်မှု အသာစီး ရခဲ့ပေမယ့် ၊ မော်ရိုကို ဂိုးသမား ဘိုနူကို မကျော်လွန်နိုင်ခဲ့သလို ၊ မော်ရိုကိုရဲ့ တန်ပြန်တိုက်စစ် ထိုးဖောက်မှုတွေကိုလည်း ထိထိရောက်ရောက် ဟန့်တားနိုင်ခဲ့ခြင်း မရှိပါဘူး ။

ထူးထူးခြားခြားပဲ ထိုပွဲကို အာဂျင်တိုင်းသား ဒိုင်လူကြီးတွေ ကိုင်တွယ်ခဲ့ပြီး ၊ တမြန်နေ့ညက နယ်သာလန်နဲ့ ပွဲမှာ စပိန် ကွင်းလယ်ဒိုင် အန်တိုနီယို လာဟို့ဇ်ရဲ့ ကိုင်တွယ်ပုံတွေကို ဝေဖန်ခဲ့တဲ့ လီယွန်နယ် မက်ဆီကြောင့် ပေါ်တူဂီသားတွေ အတွက် မနေ့ညက ဒိုင်တွေ အပေါ် အနည်းနဲ့ အများ အပြစ်ပုံချဖို့ အကြောင်းဖန်ခဲ့ပါတယ် ။

မက်ဆီ က ” ဖီဖာဟာ ဒါကို တာဝန်ယူ စစ်ဆေးရမယ်လို့ ကျွန်တော် ထင်ပါတယ် ။ ဒီလို ပွဲအဆင့်မျိုး ၊ ဒီလို အရေးကြီးတဲ့ပွဲမျိုးမှာ ဒီလို ကွင်းလယ်ဒိုင်ကို ပွဲကြီးကြပ်ခွင့် ပေးလို့မရပါဘူး ။ ကွင်းလယ်ဒိုင်ဟာ ကိုယ်လုပ်ဆောင်ရမယ့် တာဝန်တွေကို လစ်ဟင်းလို့ လုံးဝ မဖြစ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ပေါ်တူဂီ ဝါရင့် ခံစစ်မှူး ပေပေကတော့ ပွဲအပြီး SIC Noticias နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ၄င်းတို့ကို အချိန်ပို ၈မိနစ်ပဲ ပေးခဲ့တဲ့ အာဂျင်တီးနား ကွင်းလယ်ဒိုင် ဖာကွန်ဒို တယ်လို အပေါ် ဝေဖန်ခဲ့ပြီး ၊ မက်ဆီနဲ့ အာဂျင်တိုင်းသားတွေ အတိုင်အဖောက် ညီခဲ့တဲ့ အတွက် ဒီကမ္ဘာ့ဖလားမှာ အာဂျင်တီးနားသာ ဗိုလ်စွဲမှာ ဖြစ်ကြောင်း တပ်အပ် ခန့်မှန်းသွားခဲ့ပါတယ် ။

ပေပေ က ” ကျွန်တော်တို့ဟာ ဒီနေ့ပွဲကို အသာစီးနဲ့ အချိန်တိုင်း လွှမ်းမိုး ကစားနိုင်ခဲ့တာပါ ။ မမျှော်လင့်ထားတဲ့ အချိန်မျိုးမှာမှ ကျွန်တော်တို့ ဂိုးစပေးခဲ့ရပါတယ် ။ ဒါပေမယ့် ကျွန်တော် ဒါကို ပြောမှ ရပါမယ် ။ မနေ့က အဖြစ်အပျက် အပြီးမှာ အာဂျင်တီးနားလူမျိုး ကွင်းလယ်ဒိုင်ကို ဒီနေ့ပွဲ ကြီးကြပ်စေတာက ဘယ်လိုမှ လက်ခံနိုင်စရာမရှိပါဘူး ။ ”

” အထူးသဖြင့် မက်ဆီနဲ့ အာဂျင်တီးနားသားတွေ ဒိုင်နဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုအပြီးမှာပေါ့ ။ ဒီနေ့ ရှုံးပွဲက ဒါနဲ့ လုံးဝကြီး သက်ဆိုင်တယ်လို့ ကျွန်တော် မဆိုလိုပါဘူး ။ ဒါပေမယ့် ဒုတိယပိုင်းမှာ ကျွန်တော်တို့ ဘယ်လောက်များ ကစားခဲ့ရလို့လဲ ? ပြိုင်ဖက် ဂိုးသမားဟာ ပွဲအရှိန် ကျအောင် အမြဲတမ်း လုပ်ခဲ့ပါတယ် ။ ”

” ဒါတောင် ကျွန်တော်တို့ အတွက် နာကျင်အချိန်ပို ၈မိနစ်တည်း ပေးခဲ့ပါတယ် ။ ကျွန်တော်တို့ ဒီလောက်ထိ ပြင်းပြင်းထန်ထန် ကြိုးစားပြခဲ့ပြီး ၊ ဒုတိယပိုင်း ကျွန်တော်တို့ ဘယ်လောက်မှတောင် မကစားနိုင်ခဲ့ချိန် ဒိုင်က နာကျင်အချိန်ပို ၈မိနစ်ပဲ ပေးခဲ့ပါတယ် ။ ”

” အမှန်တကယ် ဘောလုံး ကစားချင်ခဲ့တာက ပေါ်တူဂီပါ ။ ကျွန်တော်တို့ ဒီအတွက် ဝမ်းနည်းမိပါတယ် ။ ကျွန်တော်တို့မှာ ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ဖို့ လုံလောက်တဲ့ အရည်အသွေးတွေ ရှိပါတယ် ။ ကံဆိုးစွာနဲ့ ကျွန်တော်တို့ မလုပ်နိုင်ခဲ့ပါဘူး ။ ”

” ဒါက စိတ်ခြောက်ခြားမှု မဟုတ်ပါဘူး ။ ဒါက ဒေါသပါ ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ ဒုတိယပိုင်းမှာ လုံလုံလောက်လောက် ကစားခဲ့ရတာ မဟုတ်လို့ ( သို့မဟုတ် ) ပြိုင်ဖက်က အချိန်ဆွဲနေခဲ့လို့ ဖြစ်ပါတယ် ။ မော်ရိုကိုဟာ ကျွန်တော်တို့ရဲ့ open play မှန်သမျှ ပိတ်ပစ်ခဲ့ပါတယ် ။ ပြစ်ဒဏ်ဘောတွေ အများကြီး ကျူးလွန်ခဲ့ပါတယ် ။ ”

” ဒါတွေကြောင့် ဒုတိယပိုင်းမှာ ကျွန်တော်တို့ အတွက် ကစားခွင့် အချိန်တွေ အများကြီး ဆုံးရှုံးခဲ့ပါတယ် ။ ဒါပေမယ့် ကွင်းလယ်ဒိုင်က ပြိုင်ဖက် ဂိုးသမားဆီ သွားပြီး ၊ ၂ခါလောက်ပဲ ဘောလုံး မြန်မြန်တည် ၊ ပွဲမြန်မြန် ပြန်စဖို့လောက်ပဲ ပြောခဲ့ပါတယ် ။ ”

” ကျွန်တော်တို့ကသာ ဒီနေ့ပွဲကို ကစားနိုင်ဖို့ ကြိုးစားခဲ့တာပါ ။ ဒီအတွက်လည်း ကျွန်တော်တို့ နောက်ဆုံးမိနစ် အထိ တိုက်ပွဲဝင်ခဲ့ပါတယ် ။ ကျွန်တော်ကတော့ ဒီပြိုင်ပွဲကို ဝမ်းနည်းမှုတွေနဲ့ နှုတ်ဆက်ခဲ့ရပါပြီ ။ ဘာလို့လဲဆိုတော့ ဒီကမ္ဘာ့ဖလားမှာ ချန်ပီယံဆု ရဖို့ အထိ ကျွန်တော်တို့မှာ လုပ်ဆောင်နိုင်စွမ်းတွေ ရှိလို့ပါ ။ ”

” ဒါဟာ ကွင်းတွင်းက ဒိုင်ရဲ့ ခေါင်းမာမှုတွေကြောင့်ပါ ။ အာဂျင်တီးနား ဒီကမ္ဘာ့ဖလားမှာ ချန်ပီယံ ဖြစ်မယ်ဆိုတာ ကျွန်တော် အရာရာ ပုံအပ်ပြီး လောင်းရဲပါတယ် ။ ဒီနေ့ ကွင်းမှာ ရှိနေတဲ့ ဒိုင် ၉ဦး အနက် ၊ ၅ဦးဟာ အာဂျင်တီးနားသားတွေပါ ။ ဒီတော့ ကျွန်တော် ဘာများ ဆက်ပြောနိုင်ဦးမှာလဲ ? အဆုံးမှာ ဘယ်သူ ဖလားရမယ် ဆိုတာ စောင့်ကြည့်ကြတာပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR