နံနက်ခင်းအားကစားသတင်းများ ( ကမ္ဘာ့ဖလား နဲ့ ကလပ်အသင်း နောက်ဆုံးရအကြောင်းအရာများ )

မနေ့ညက ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်တွေ အပြီးမှာတော့ မော်ရိုကို နဲ့ ပြင်သစ် တို့ ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်း လာခဲ့ကြပြီး ထိပ်တိုက် ရင်ဆိုင် ကစားကြရတော့မှာပါ ။

မော်ရိုကို ဟာ ပေါ်တူဂီ ကို ၁-၀ နဲ့ အနိုင် ကစားခဲ့တာ ဖြစ်ပြီး ကမ္ဘာ့ဖလား သမိုင်းမှာ ဆီမီးဖိုင်နယ် အဆင့်ကို ရောက်ရှိခဲ့တဲ့ ပထမဆုံး အာဖရိက ကိုယ်စားပြု အသင်း ဖြစ်လာခဲ့ ပါတယ် ။

ပြင်သစ် ကတော့ အင်္ဂလန် အသင်းကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး ချူအာမာနီ ၊ ဂျီရူး တို့က ပြင်သစ် အတွက် ဂိုးတွေ သွင်းယူပေး ခဲ့ကြပါတယ် ။

ပြင်သစ် ဟာ ကမ္ဘာ့ဖလား ချန်ပီယံတွေ နောက်တကြိမ် ပြိုင်ပွဲမှာ မအောင်မြင်တတ်တဲ့ အစဉ်အလာဆိုးကို ချိုးဖျက်နိုင်ရုံမက ၂၀၀၀ ခုနှစ် နောက်ပိုင်း ဘယ်ချန်ပီယံ အသင်းမှာ မရောက်ဖူးတဲ့ ဆီမီးဖိုင်နယ် အဆင့်ကို အရောက်တက်လှမ်း နိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

အင်္ဂလန် နဲ့ ပေါ်တူဂီ ကစားသမားတွေ ကတော့ မနေ့ညက ပွဲကို ကိုင်တွယ်တဲ့ ဒိုင်လူကြီးတွေ ရဲ့ ဆုံးဖြတ်ချက် တွေ အပေါ်မှာ အလွန်အမင်း စိတ်ပျက် ခဲ့ကြကြောင်း ထုတ်ဖော် ပြောဆိုခဲ့ ပါတယ် ။

ပေါ်တူဂီ ခံစစ်မှူး ပီပီ က ပေါ်တူဂီ နဲ့ မော်ရိုကို ပွဲစဉ် ကို အာဂျင်တီးနား ဒိုင်လူကြီးကို တာဝန်ပေးခဲ့မှု အပေါ် မကျေမနပ် ဖြစ်ခဲ့ပြီး ဒိုင်လူကြီး ရဲ့ ဆုံးဖြတ်ချက်တွေဟာ သူတို့ကို ပြိုင်ပွဲကနေ ထွက်ခွာခဲ့စေတယ်လို့ ပြောဆိုခဲ့ ပါတယ် ။

အင်္ဂလန် အခြေစိုက် ဘောလုံးသတင်းဌာန တွေကနေ သုံးသပ် တင်ဆက်ခဲ့ကြတဲ့ ဂယ်ရီ နဗီးလ် တို့ကလည်း အင်္ဂလန် ဟာ ပြင်သစ် နဲ့ ပွဲမှာ ခွင့်မပြု သင့်တဲ့ ဂိုးတွေ ၊ ရသင့်တဲ့ ပင်နယ်တီတွေ ကို လျစ်လျူရှု ခံခဲ့ရတယ်လို့ ဝေဖန် ပြောဆိုခဲ့ ပါတယ် ။

ရွိုင်ကင်း ကတော့ ပြင်သစ် ရဲ့ ခြေစွမ်းဟာ ချန်ပီယံ တသင်းရဲ့ ခြေစွမ်းမျိုး ဖြစ်ကြောင်း ချီးကျုး ခဲ့ပြီး ကမ္ဘာ့ဖလားကြီးကို နောက်တကြိမ် ရယူနိုင်လိမ့်မယ်လို့ ထောက်ခံ ပြောဆို သွားခဲ့ ပါတယ် ။

အာဂျင်တီးနား နဲ့ နယ်သာလန် အသင်းတို့ကတော့ ကွာတားဖိုင်နယ် ပွဲက ရန်ဖြစ်မှု ၊ အငြင်းပွားမှုတွေ ကြောင့် ဖီဖာ က ဒဏ်ငွေ ချမှတ် သွားဖို့ ရှိနေတယ်လို့ ကြားသိရ ပါတယ် ။

မနေ့ ညက ပွဲမှာ ပေါ်တူဂီ အတွက် လူစားလဲ ဝင်ရောက် ကစားခဲ့တဲ့ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရိုနယ်ဒို ဟာ အမျိုးသား လက်ရွေးစင် သမိုင်းမှာ ပွဲအများဆုံး ကစားထားတဲ့ ကူဝိတ် ဘောလုံးသမားကြီး အယ်လ် မူတာဝါ ရဲ့ ၁၉၆ ပွဲ စံချိန်ကို လိုက်မီ သွားခဲ့တယ်လို့ သိရပါတယ် ။

အင်္ဂလန် အတွက် ပြင်သစ် ဘက်ကို ချေပဂိုး သွင်းယူခဲ့တဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း ဟာလည်း ဝိန်းရွန်းနီ ရဲ့ အင်္ဂလန် လက်ရွေးစင် သွင်းဂိုး ၅၃ ဂိုး ( အများဆုံး စံချိန် ) ကို လိုက်မီ သွားခဲ့တယ်လို့ သိရှိရ ပါတယ် ။

ပေါ်တူဂီ လက်ရွေးစင် နည်းပြကြီး ဖာနန်ဒို ဆန်းတိုစ့် က သူ့အနေနဲ့ ရိုနယ်ဒို ကို အရန်ခုံ ထိုင်ခိုင်းဖို့ ဆုံးဖြတ်ခဲ့တဲ့ အပေါ် နောင်တ မရမိကြောင်းနဲ့ သူ့ရဲ့ အနာဂါတ် ကို မှတ်ချက်ပေးဖို့ ငြင်းဆန် သွားခဲ့ ပါတယ် ။

ခရိုအေးရှား နဲ့ ပွဲမှာ ပင်နယ်တီ မဝင်ဘဲ လွဲချော် ခဲ့တဲ့ ဘရာဇီး စတားလေး ရိုဒရီဂို ဟာ သူ့ရဲ့ လွဲချော်မှု အတွက် တောင်းပန်ကြောင်း ဆိုရှယ်မီဒီယာ ထက်မှာ ရေးသား ဖွင့်ဟလာခဲ့ပါတယ် ။ ဒါ့အပြင် ရိုဒရီဂို က နောက်လာမယ့် ၄ နှစ် ( ၂၀၂၆ ကမ္ဘာ့ဖလား ) မှာ လုံးဝကွဲပြားခြားနားတဲ့ သူ့ကို မြင်ရဖို့လည်း ကတိပြုသွားခဲ့ ပါတယ် ။

မနေ့ညက ပွဲချိန် အတွင်း အရန်ခုံတန်းမှာ ရှိနေတဲ့ ရိုနယ်ဒို ကို ရေနဲ့ ပက်ဖို့ ကြိုးစား ခဲ့တဲ့ ပရိသတ် တယောက်ဟာ ကွင်းထဲကနေ ထုတ်ပယ် ခံခဲ့ရပြီး ပြစ်ဒဏ် ချမှတ် ခံရနိုင်တယ်လို့ သိရပါတယ် ။

ဘာစီလိုနာ ဟာ ကွင်းလယ်ကို အားဖြည့်ဖို့ အတွက် ချဲလ်ဆီး ကွင်းလယ်လူ အန်ဂိုလို ကန်တီ ကို ကင်းထောက် စောင့်ကြည့် နေပြီး ပြင်သစ် သား ရဲ့ ဒဏ်ရာ အလားအလာ ကိုလည်း တွက်ချက် နေတယ်လို့ သိရပါတယ် ။

ဝိန်းရွန်နီ ကတော့ သူ ကိုင်တွယ် နေတဲ့ ဒီစီ ယူနိုက်တက် အသင်းဆီကို လိဒ် ယူနိုက်တက် ကစားသမား မက်တီယူးဇ် ကလစ်ချ် ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီ လို့ သိရပါတယ် ။

အဲဗာတန် ကွင်းလယ်လူ အီဝိုဘီ ကတော့ အသင်းနဲ့ စာချုပ်သစ် ကို မကြာခင် ချုပ်ဆို သွားမယ်လို့ သတင်း ရရှိ ပါတယ် ။

 

SPORTS MYANMAR