ဒတ်ချ် ကစားသမားတွေရှေ့မှာ ဘာကြောင့် လှောင်ပြောင်အောင်ပွဲခံခဲ့တာလဲ ဆိုတာ ရှင်းပြလိုက်တဲ့ အော်တာမန်ဒီ

အာဂျင်တီးနား ဗဟို နောက်ခံလူ အော်တာမန်ဒီ ကတော့ ဝေဖန်မှုတွေ များနေတဲ့ သူ့ရဲ့ အောင်ပွဲခံပုံ နဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို ကာကွယ် ပြောကြား လိုက်ပါတယ် ။ အာဂျင်တီးနား အသင်းဟာ တနေ့က ကွာတားဖိုင်နယ် မှာ နယ်သာလန် ကို အနိုင်ယူပြီး ဆီမီးဖိုင်နယ် အဆင့် ကို တက်လှမ်း သွားခဲ့တာ ဖြစ်ပါတယ် ။

အာဂျင်တီးနား အသင်းဟာ နယ်သာလန် အသင်းကို အသာစီး နဲ့ ကစားပြီး နှစ်ဂိုးပြတ် ဦးဆောင်နေပြီးခါမှ ချေပဂိုးတွေ ပြန်ပေးလိုက်ရတာကြောင့် ပင်နယ်တီ အဆုံးအဖြတ် အထိ ရောက်သွားခဲ့ရတာ ဖြစ်ပါတယ် ။ ပင်နယ်တီမှာတော့ ဂိုးသမား မာတီနက်ဇ် ရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေ နဲ့ အတူ အာဂျင်တီးနား အသင်းဟာ နယ်သာလန် ကို ၄-၃ နဲ့ အနိုင် ရသွားခဲ့ပါတယ် ။

လော်တာရို မာတီနက်ဇ် က အာဂျင်တီးနား အသင်း နောက်တဆင့် တက်စေမယ့် ပင်နယ်တီ သွင်းဂိုး ကို ကန်သွင်းခဲ့အပြီးမှာ အာဂျင်တီးနား အသင်းသားတွေဟာ စိတ်ပျက်ဝမ်းနည်းနေကြတဲ့ နယ်သာလန် အသင်းသားတွေကို လှောင်ပြောင်ပြီး အကြီးအကျယ် အောင်ပွဲခံ ခဲ့ကြပါတယ် ။

အထင်ရှားဆုံး ဖြစ်ခဲ့သူကတော့ နောက်ခံလူ အော်တာမန်ဒီ ပါ ။ အော်တာမန်ဒီ ဟာ သူ့ရဲ့ လက်နှစ်ဖက် ကို နား အနားကပ်ပြီး နယ်သာလန် အသင်းသားတွေကို သရော်ခဲ့တာ ဖြစ်ပါတယ် ။ ပွဲအပြီးမှာတော့ အော်တာမန်ဒီ ရဲ့အောင်ပွဲခံပုံဟာ ပြိုင်ဘက် အသင်းသားတွေ အပေါ် လေးစားမှု မရှိတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ပရိသတ်တွေက ဝေဖန် ခဲ့ကြပါတယ် ။

အော်တာမန်ဒီ ကတော့ သူ့ရဲ့ အောင်ပွဲခံမှုမှာ နောက်ကွယ်က အကြောင်းအရင်း ခိုင်ခိုင်မာမာ ရှိတယ်လို့ ဖွင့်ဟ ပြောကြား လာခဲ့ပါတယ် ။ ” သူတို့ရဲ့ မျက်နှာရှေ့တည့်တည့်မှာ ဘာကြောင့် အောင်ပွဲ ခံသလဲ ဆိုတာ ပြောပြပါမယ် ၊ နယ်သာလန် အသင်းက ကစားသမား တစ်ဦး က ကျနော်တို့ အသင်း ပင်နယ်တီ ကန်သွင်းတဲ့ အချိန်တိုင်း လာပြီး စကားပြော နှောင့်ယှက် ခဲ့ပါတယ် ။ အဲ့ဒါကြောင့် ကျနော် အဲ့ဒီလို အောင်ပွဲ ခံခဲ့တာပါ ။ ”

” ဒီဓါတ်ပုံက အကြောင်းမဲ့ ရိုက်သွားခဲ့တဲ့ ဓါတ်ပုံပါ ၊ ကျနော်တို့ က သူတို့ရဲ့ လုပ်ရပ်ကို တုန့်ပြန် အောင်ပွဲ ခံခဲ့တာ ဖြစ်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။အာဂျင်တီးနား အသင်း နဲ့ နယ်သာလန် အသင်းပွဲဟာ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် အဝါကဒ် အများဆုံး ပြသခဲ့တဲ့ ပွဲအဖြစ် မှတ်တမ်း ဝင်သွားခဲ့ပါတယ် ။

အာဂျင်တီးနား နှင့် နယ်သာလန် ပွဲမှာ ကွင်းလယ် ဒိုင်လူကြီး Lahoz ဟာ အဝါကဒ် စုစုပေါင်း ၁၅ ကဒ် အထိ ပြသ ခဲ့ပြီး နယ်သာလန် အသင်းကို အဝါကဒ် ၇ ကဒ် ၊ အာဂျင်တီးနား အသင်းကို အဝါကဒ် ၈ ကဒ် အထိ ပြသ ခဲ့ပါတယ် ။ ဒါ့အပြင် အာဂျင်တီးနား လက်ထောက် နည်းပြ ဝေါလ်တာ ဆမ်မြူရယ် အဝါကဒ် ထိခဲ့ပြီး နယ်သာလန် နောက်ခံလူ ဒမ်ဖရိုင်းစ် လည်း နှစ်ဝါ တစ်နီ နဲ့ ထုတ်ပယ် ခံခဲ့ရပါတယ် ။

SM