ဂါရက်ဆောက်ဂိတ်ကို အင်္ဂလန် မန်နေဂျာအဖြစ် ဆက်ရှိနေရန် တောင်းဆိုလိုက်ကြတဲ့ ဂယ်ရီနဗီး နဲ့ အီရန်ရိုက်

အင်္ဂလန်တို့ ကမ္ဘာ့ဖလားရဲ့ ကွာတားဖိုင်နယ်ကနေ အဆင့်ကနေ ထွက်ခွာခဲ့ရပြီးနောက် ဂါရက်ဆောက်ဂိတ်ရဲ့ အနာဂတ်ဟာ မရေမရေ ဖြစ်လျက် ရှိနေပေမယ့်လည်း အီရန်ရိုက် နဲ့ ဂယ်ရီနဗီး တို့က ဆောက်ဂိတ်ကို အင်္ဂလန် မန်နေဂျာ အဖြစ် ဆက်ရှိနေရန် တိုက်တွန်းသွားခဲ့ပါတယ်။ ဆောက်ဂိတ်ဟာ ၂၀၁၈ က အင်္ဂလန်ကို ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ၊ ၂၀၂၀ မှာ ယူရိုဖိုင်နယ် နဲ့ ဒီကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ်ကို ပို့ဆောင်ပေးခဲ့ပြီး မနေ့ညက ပြင်သစ်ကို ခြေအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

ဆောက်ဂိတ်ရဲ့ စာချုပ်ဟာ ယူရို ၂၀၂၄ အပြီးမှာ ကုန်ဆုံးမှာ ဖြစ်ပေမယ့် အင်္ဂလန်ကို ကောင်းစွာ ကိုင်တွယ်ပေးခဲ့တဲ့ ၎င်းကို စိတ်၀င်စားနေတဲ့ ကလပ်တွေလည်း ရှိနေတာကြောင့် အနာဂတ်ဟာ မရေမရာ ဖြစ်နေပါတယ်။ အင်္ဂလန် အနေနဲ့ ဆီမီးဖိုင်နယ်မှာ မော်ရိုကိုနဲ့ တွေ့ဆုံမှာ ဖြစ်တာကြောင့် ဖိုင်နယ်တက်ရန် အခွင့်အရေးကောင်း ရှိနေပေမယ့်လည်း ၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံရဲ့ အနိုင်ယူခြင်းကို ခံခဲ့ရပါတယ်။

အင်္ဂလန် လက်ရွေးစင်ဟောင်းတွေ ဖြစ်ကြတဲ့ အီရန်ရိုက် နဲ့ ဂယ်ရီနဗီး တို့ကတော့ လက်ရွေးစင် အသင်းရဲ့ အနာဂတ်ကို ပြောင်းလဲပေးခဲ့တဲ့ ဆောက်ဂိတ်ကို အင်္ဂလန် မန်နေဂျာ အဖြစ် ဆက်လက် မြင်တွေ့ချင်နေပါတယ်။

နဗီးက “ကျွန်တော်ကတော့ ဂါရက်ကို အနည်းဆုံး နောက်ထပ် ၂ နှစ်လောက် ဒီမှာ ဆက်ရှိစေချင်ပါတယ်။ ဒီထက် ပိုကြာကြာလည်း ဆက်ရှိနေတာကို အလိုရှိပါတယ်။ ဒါမှမဟုတ် ရင်လည်း အက်ဖ်အေရဲ့ ရာထူး တစ်နေရာ အတွက် ဒီအသင်းမှာ ဆက်ရှိစေချင်ပါတယ်။ အင်္ဂလန်ဟာ ပြီးခဲ့တဲ့ ၁၀ နှစ်တာ ကာလအတွင်းမှာ လူငယ်ပြိုင်ပွဲတွေမှာ ဗိုလ်စွဲထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီက အမျိုးသမီးယူရိုမှာလည်း ဗိုလ်စွဲခဲ့ပါတယ်။ ကျွန်တော်တို့ အမျိုးသား အသင်းဟာ ယူရိုဖိုင်နယ်ကို တက်နိုင်ခဲ့သလို ဒီပြိုင်ပွဲမှာလည်း ကစားပုံ တကယ် ကောင်းခဲ့ပါတယ်။

ကျွန်တော်တို့ဆီမှာ နည်းစနစ် ကြွယ်၀တဲ့ ကစားသမားတွေလည်း ရှိနေပါတယ်။ အင်္ဂလန်ဟာ နေရာကောင်းမှာ ရှိနေတာကိုတော့ ရှင်းရှင်းလင်းလင်း ပြောလို့ရပါတယ်။ ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ ၂၅ နှစ် အတွင်းမှာ အဓိကပြိုင်ပွဲကြီးတွေ ကနေ စိတ်ပျက်စရာ ပုံစံနဲ့ ထွက်ခွာခဲ့ရပါတယ်။ အနာဂတ်ဟာ တကယ့်ကို မတွေးရဲစရာပါ။ လက်ရှိမှာတော့ ကျွန်တော်တို့ဆီမှာ အရမ်းကောင်းတဲ့ အနာဂတ် ရှိနေကာ ဂါရက်ဟာ ဒီနေရာမှာ အဓိက နေရာကနေ ပါ၀င်ထားခဲ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

အာဆင်နယ် တိုက်စစ်မှုးဟောင်း အီရန်ရိုက် ကလည်း ဒီမှတ်ချက် အပေါ် သဘောတူညီခဲ့ပြီး ဆောက်ဂိတ်ဟာ နိုင်ငံရဲ့ အအောင်မြင်ဆုံး မန်နေဂျာတွေထဲက တစ်ဦး ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

အီရန်ရိုက်က “သူ့ရဲ့ ခေါင်းဆောင် အရည်အသွေး ၊ သူ လုပ်ပြခဲ့တာတွေနဲ့ ပက်သက်ပြီး ဂယ်ရီနဲ့ ကျွန်တော် အမြင်တွေ တူပါတယ်။ သူဟာ ဆာအက်ဖ်ရမ်ဆေး နောက်ပိုင်း ကျွန်တော်တို့ နိုင်ငံရဲ့ အအောင်မြင်ဆုံး မန်နေဂျာ ဖြစ်ပါတယ်။ ကျွန်တော် ကတော့ သူ့ကို ဒီမှာ ဆက်လုပ်နေတာကို မြင်ချင်ပါတယ်။”

မန်ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းကလည်း “လာမည့် ယူရိုပြိုင်ပွဲ အတွက် ဂါရက်ဆောက် ဒီအသင်းကို ကိုင်တွယ်လိမ့်မယ်လို့ ကျွန်တော် အပြည့်အ၀ မျှော်လင့်ထားပါတယ်။ သူ့ရဲ့ ခေါင်းထဲမှာ exit plan ကတော့ ရှိနေမှာပါ။ သူဟာ ဒီအလုပ်မှာ စိတ်အားထက်သန်နေတုန်းလား။ ဝါရင့် ကစားသမား တစ်ချို့ကလည်း လာမည့် လအနည်းငယ်မှာ ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေ ချသွားကြမှာပါ။

ဂါရက်နဲ့ ပက်သက်ပြီး ခင်ဗျားတို့ ပြောခဲ့တဲ့ အရာအားလုံးကို ကျွန်တော် သဘောတူပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ ကိုယ့်ရဲ့ အနာဂတ်ကို ပြန်ကြည့်သွားရမှာ ဖြစ်ပြီး မိသားစုနဲ့ ဆွေးနွေးသွားရမှာပါ။ သူဟာ အကောင်းဆုံး လုပ်ပြထားခဲ့ပါတယ်။ သူ ဒီမှာ နောက်ထပ် ၂ နှစ်လောက် ဆက်လုပ်သွားချင်သလား? သူ ဆက်လုပ်ချင်မယ်လို့ မျှော်လင့်မိပါတယ်။”

SM