အင်္ဂလန် နဲ့ ပြင်သစ် ကွာတားဖိုင်နယ် ပွဲမှာ ဘယ်အသင်း အနိုင်ရသွားမလဲ ဆိုတာ ခန့်မှန်းလိုက်တဲ့ ပေါလ်မာဆင်

ဂန်းနား ကွင်းလယ်လူဟောင်း ပေါလ်မာဆင် က ကွာတားဖိုင်နယ် ပွဲစဉ်မှာ အင်္ဂလန် အသင်းဟာ ပြင်သစ် အသင်းကို အနိုင် ရမယ်လို့ ယုံကြည်မှု အပြည့် ရှိကြောင်း ပြောကြား လိုက်ပါတယ် ။ ပေါလ်မာဆင် က ပြင်သစ် နဲ့ ပွဲမှာ အင်္ဂလန် အသင်း အနေနဲ့ ဘာပေး ကိုပဲ သတိထားဖို့ လိုလိမ့်မယ်လို့ ပြောကြား သွားခဲ့ပါတယ် ။

အင်္ဂလန် နဲ့ ပြင်သစ် အသင်းတို့ဟာ မနက်ဖြန် နံနက် မြန်မာ စံတော်ချိန် ၁ နာရီ မိနစ် ၃၀ မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ် ။ ပေါလ်မာဆင် က Sports Keeda မှာ ” ဂရစ်ဇ်မန်း ရဲ့ ခြေစွမ်းကို ကျနော် အထင်ကြီး သဘောကျပါတယ် ။ ဒါပေမယ့် သူ့ကို မထိန်းနိုင်မှာကို မစိုးရိမ်ပါဘူး ၊ ကီလီယန် အမ်ဘာပေး ကိုပဲ စိုးရိမ် မိပါတယ် ။ ”

” အင်္ဂလန် အသင်းသာ ဘာပေး ကို ရပ်တန့်နိုင်ရင် သူတို့ နိုင်ပါပြီ ၊ ပြင်သစ် အသင်း မှာ ဘာပေး ကလွဲလို့ တခြား ဘယ်ကစားသမားကိုမှ အထူးတလည် မစိုးရိမ်မိပါဘူး ၊ ကိုင်လီ ဝေါလ်ကာ မှ ဘာပေး ကို မရပ်တန့် နိုင်ရင် တခြား ကမ္ဘာ့ဖလား အသင်းတွေ အားလုံး ဘာပေးနဲ့ ရင်ဆိုင်ရရင် ဒုက္ခရောက်ကြမှာ အမှန်ပါပဲ ။ ”

” မေဆင်မောင့် ပွဲထွက် ကစားခွင့် ရမယ်လို့တော့ ကျနော် မထင်ပါဘူး ၊ သူက ထိပ်တန်း ကစားသမား တစ်ဦးပါ ၊ ဒါပေမယ့် အင်္ဂလန် က အပြောင်းအလဲ များများစားစား လုပ်မယ် မထင်ပါဘူး ၊ ဂါရက် ဆောက်ဂိတ် က ကစားနေကြ လူစာရင်း အတိုင်း ဆက်လက် ကစားရတာကို ကြိုက်သူပါ ၊ သူ ပြင်သစ် နဲ့ ပွဲမှာ နောက်တန်း သုံးယောက် ပြောင်းကစားမယ်လို့ မထင်ပါဘူး ။ ”

” ဒီလို ပွဲမျိုးက မက်ဂွိုင်းယား ကို ထုတ်သုံးဖို့ အကောင်းဆုံးပါပဲ ၊ သူသာ ပွဲထွက်ရင် အိုလီဗီယာ ဂျီရူး နဲ့ အမြင့်ဘောချင်း ကောင်းကောင်း ယှဉ်နိုင်ပါတယ် ။ ဂျီရူး က ဂိုးဧရိယာ အပြင်ဘက်ကနေ အင်္ဂလန် ကို ပြဿနာ တက်အောင် လုပ်နိုင်စွမ်း မရှိပါဘူး ။ ”

” ကျနော်တို့သာ ဘာပေး ကို ရပ်တန့် နိုင်ရင် အင်္ဂလန် အသင်း ရှုံးစရာ အကြောင်း လုံးဝ မရှိပါဘူး ။ ကျနော် ကတော့ ဒီပွဲ မှာ အင်္ဂလန် ဘက်က အခိုင်အမာ ရှိပါတယ် ၊ သူတို့သာ ရှုံးသွားရင် ကျနော် လုံးဝ အံ့ဩ မိမှာပါ ၊ ပြင်သစ် က ပိုလန် နဲ့ ပွဲမှာတောင် အတော်လေး တိုင်ပတ် နေခဲ့တဲ့ အသင်းပါ ။ ”

” အင်္ဂလန် က လက်ရှိမှာ ပုံစံကောင်း ရနေတဲ့ အသင်းပါ ၊ အင်္ဂလန် အသင်း ပြင်သစ် ကို အနိုင်ရဖို့ မျှော်လင့်ပါတယ် ၊ ကျနော်ကတော့ အင်္ဂလန် အသင်း ပြင်သစ် ကို သုံးဂိုး တစ်ဂိုး နဲ့ အနိုင်ရမယ်လို့ ခန့်မှန်း ချင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM