လက်ရှိ ကမ္ဘာ့ဖလားမှာ ဒီဘားလား ဘာကြောင့် ကစားခွင့် မရသေးတာလဲ ဆိုတာ ရှင်းပြလာတဲ့ စကယ်လိုနီ

အာဂျင်တီးနား အသင်းဟာ ယနေ့ညမှာ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် အဖြစ် နယ်သာလန် အသင်းနဲ့ ထိပ်တိုက် တွေ့ဆုံဖို့ ရှိပြီး ၊ လီယွန်နယ် မက်ဆီနဲ့ အခြားသော အဓိက ကစားသမား အများစုသာ ထိုပွဲမှာ ပွဲထွက် ကစားခွင့် ရဖို့ သေချာနေပါတယ် ။

လက်ရှိ အရန်ခုံထဲက ကစားခွင့် မရသေးတဲ့ စတား အချို့လည်း ရှိနေပြီး ၊ ရိုးမားတိုက်စစ်မှူး ပေါ်လို ဒီဘားလားဟာလည်း ထိုအထဲမှာ တဦး အပါအဝင် ဖြစ်ပါတယ် ။ ဒီဘားလားဟာ ပြီးခဲ့တဲ့ ရုရှား ကမ္ဘာ့ဖလားမှာ အသင်းရဲ့ အရေးပါတဲ့ ကစားသမား တဦး ဖြစ်ခဲ့ပေမယ့် ၊ ၄နှစ် အတွင်း ကလပ် အဆင့်က စွမ်းဆောင်ရည်ပိုင်း ဆုတ်ယုတ်မှုတွေနဲ့ ကြုံထားရပါတယ် ။

ယခုနှစ် နွေရာသီ စျေးကွက် အတွင်း ဒီဘားလား တယောက် ရိုးမားသို့ အလွတ်နဲ့ ပြောင်းလာခဲ့ကာ ၊ ပုံမှန် ပွဲထွက်ခွင့်တွေ ရထားပေမယ့် ၊ ကမ္ဘာ့ဖလား မတိုင်ခင် တလ အလိုမှာ ပေါင်ကြွက်သား ဒဏ်ရာ ရခဲ့တာကြောင့် ကြံ့ခိုင်မှု ပုံစံကောင်း ပြန်ရဖို့ အနည်းငယ် ရုန်းကန်ထားရပါတယ် ။

ဒါ့အပြင် အင်တာမှ လော်တရို မာတီနက်ဇ် ၊ မန်စီးတီးမှ ယူလီယန် အဲလ်ဗားရက်ဇ်တို့လောက် ဒီဘားလားတယောက် နည်းပြ ဖြစ်သူ လီယွန်နယ် စကယ်လိုနီကို အထင်ကြီးစေတဲ့ စွမ်းဆောင်ရည်မျိုး မပြနိုင်သေးတဲ့ပုံ ပေါ်နေပါတယ် ။ ဒီအတွက်ကြောင့် ၄င်းဟာ ယနေ့ညမှာလည်း ထူးခြားတဲ့ အခိုက်အတန့် တခု မရမချင်း အရန်ခုံ ဆက်ထိုင်ရဖို့ များနေပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ အာဂျင်တီးနား နည်းပြ စကယ်လိုနီ က ဒီဘားလားမှာ ဘာဒဏ်ရာ ပြဿနာမှ မရှိပေမယ့် ၊ ပွဲအခြေအနေအရ ၊ ကစားခွင့် ရထားတဲ့ အသင်းသားတွေရဲ့ စွမ်းဆောင်ရည်တွေ အရ ၄င်းကို ထည့်သုံးဖို့ အခွင့်အလမ်း မပေးခဲ့ကြောင်း အခုလိုပဲ ဖြေရှင်းခဲ့ပါတယ် ။

စကယ်လိုနီ က ” မှန်ပါတယ် ။ ကျွန်တော် သူ့ကို အခုအချိန် အထိ မသုံးရသေးတာက သူ့ကို ကွင်းထဲမှာ ထည့်သုံးဖို့ အခိုက်အတန့်မျိုး ရှာမတွေ့သေးလို့ပါ ။ သူဟာ ကြံ့ခိုင်မှု ပုံစံကောင်းမှာ ရှိနေပြီး ၊ ပွဲထွက် ၁၁ယောက်မှာ ပါဝင်ခွင့် ရဖို့ အနေအထားကောင်းမှာ ရှိနေပြီးသားပါ ။ ”

” ဒါပေမယ့် ကျွန်တော်တို့ ကစားခဲ့တဲ့ ပွဲအရေအတွက်တွေ အရရော ၊ ကစားခွင့် ရတဲ့ အသင်းသားတွေရဲ့ တိုးတက်ပုံ အရပါ ကျွန်တော်တို့မှာ သူ့ကို ကွင်းတွင်း ထည့်သုံးဖို့ အခွင့်အရေး မရှိခဲ့ပါဘူး ။ ကျွန်တော်တို့ဟာ သူ အသင်း အတွက် ပံ့ပိုးနေတာတွေ အတွက် ပျော်ရွှင်မိပါတယ် ။ ”

” ဒါပေမယ့် ကျွန်တော်တို့မှာ ကစားသမား ၂၆ယောက် ရှိတာကြောင့် တပွဲချင်းစီ အတွက် အကောင်းဆုံး ဖြစ်စေမယ့် ပွဲထွက်စာရင်းကို ထုတ်သုံးနိုင်ဖို့ ကြိုးစားရပြီး ၊ တခါတလေမှာ ပွဲတွေကို မတူညီတဲ့ နည်းလမ်းတွေနဲ့ ချဉ်းကပ်ရတာတွေ ရှိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ အာဂျင်တီးနားတို့ အားထားရတဲ့ ကွင်းလယ်လူ ရိုဒရီဂို ဒီပေါလ်နဲ့ ဝါရင့် တောင်ပံကစားသမား အိန်ဂျယ် ဒီမာရီယာတို့ ဒဏ်ရာ ပြဿာနာ အနည်းငယ် ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေခြင်းနဲ့ ပတ်သက်ပြီးလည်း စကယ်လိုနီက အခုလိုပဲ ဖြေရှင်းခဲ့ပါတယ် ။

စကယ်လိုနီက ” ကျွန်တော်တို့ မနေ့ကပဲ တံခါးပိတ် ထရိန်နင်ပွဲ ကစားခဲ့တာကြောင့် ရိုဒရီဂိုမှာ ဒဏ်ရာ ပြဿနာ ရှိကြောင်း ခင်ဗျား တပ်အပ် ပြောနိုင်တာကို ကျွန်တော် စဉ်းစားမရပါဘူး ။ အကယ်၍ သူတို့ဟာ အဆင်ပြေတယ်ဆိုရင် ဒီနေ့ ထရိန်နင်မှာ တွေ့ရမှာ ဖြစ်သလို ၊ နယ်သာလန်နဲ့ ပွဲမှာ ကစားတာကိုပါ မြင်ကြရမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR