ရက်ဖိုဒ့် ကို စိတ်ဝင်စားတဲ့ PSG ၊ ခရိုအေးရှားစတား ကို လက်ဦးအောင်ကြံမယ့် ချဲလ်ဆီး ၊ ကမ္ဘာ့ဖလားအကြို မှတ်ချက်စကားတွေနဲ့ . . . နံနက်ခင်းအားကစားသတင်းများ

PSG အသင်း ဥက္ကဌ အယ် ခါလီဖီ ဟာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးလေး မားကပ် ရက်ဖိုဒ့် နဲ့ ပတ်သက်ပြီး ငြင်းဆန်ခြင်း မပြုခဲ့ ပါဘူး ။ ခါလီဖီ ဟာ လာမယ့် နွေရာသီ မှာ ယူနိုက်တက် နဲ့ စာချုပ် သက်တမ်းကုန်ဖွယ်ရှိတဲ့ ရက်ဖိုဒ့် အတွက် ကြိုးစားမှာလား ဆိုတဲ့ မေးခွန်းကို ‘Why not?’ လို့ ပြန်လည် ဖြေကြားရင်း ကောလဟာလတွေကို ဖြစ်ပေါ် စေခဲ့ ပါတယ် ။

ပေါ်တူဂီ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရိုနယ်ဒို ဟာ ကမ္ဘာ့ဖလား မပြီးမချင်း သူ့ရဲ့ အနာဂါတ် ကို ဆုံးဖြတ် စဉ်းစား ဦးမှာ မဟုတ်ဘူးလို့ ကြားသိရ ပါတယ် ။

ချဲလ်ဆီး အသင်းကတော့ ခရိုအေးရှား ခံစစ်မှူး ဂျော့စ်ကို ဂျီဗာဒေါ ကို အခြား ပြိုင်ဘက်တွေထက် လက်ဦးမှု ရယူ နိုင်ဖို့ စီစဉ်နေပြီး လိုက်ပ်ဇစ် အသင်းထံ ပေါင် သန်း ၇၀ ကျော်နဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖို့ စဉ်းစား နေတယ်လို့ သိရပါတယ် ။

ချဲလ်ဆိး ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ကတည်းက ဂျီဗာဒေါ ကို ချဉ်းကပ် ခဲ့တဲ့ အသင်း ဖြစ်ပြီး လိုက်ပ်ဇစ် ဘက်က ငြင်းပယ်ခဲ့တာကြောင့် ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြမယ့် စူပါစတားလေးကို မခေါ်ယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

အာဂျင်တီးနား နဲ့ ကမ္ဘာ့ဖလားမှာ ပါဝင် ကစားပြီး ပုံစံကောင်း ရဖို့ ရုန်းကန် နေရတဲ့ တိုက်စစ်မှူး လူတာရို မာတီနက် ဟာ ခြေကျင်းဝတ် ဒဏ်ရာ ရှိနေသေးပြီး အနာသက်သာစေမယ့် ဆေးတွေ သုံးကာ ကစားနေရတာ ဖြစ်တယ်လို့ အေးဂျင့်က ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ် ။

စပိန် လက်ရွေးစင် အသင်း နည်းပြ ရာထူးကနေ နှုတ်ထွက် လာတဲ့ နည်းပြ လူးဝစ် အန်နရီကေး က စပိန် အသင်း အတွက် အလိုအပ်ဆုံး အရာဟာ ထောက်ခံ အားပေးမှု ဖြစ်တယ်လို့ ပြောဆိုကာ ကမ္ဘာ့ဖလား ၁၆ သင်းဆင့်ကနေ လှည့်ပြန်ခဲ့ရတဲ့ သူတို့ အသင်းကို အားပေးကြဖို့ တိုက်တွန်း ပြောဆို သွားခဲ့ ပါတယ် ။

အင်္ဂလန် ကွင်းလယ်လူ ကယ်လ်ဗင် ဖိလစ် က မန်စီးတီး နောက်ခံလူ ကိုင်လ်ဝေါ်ကာ ဟာ ပြင်သစ် အဓိက တိုက်စစ်မှူး ခီလီယံ အမ်ဘာပေ ကို ထိန်းနိုင်မယ်လို့ ယုံကြည်ကြောင်း ၊ ဝေါ်ကာ ဟာ သူ မြင်ဖူးသမျှ ထဲမှာ အမြန်ဆုံး ဘောလုံးသမား ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ ပါတယ် ။

ပြင်သစ် ခံစစ်မှူး အပ်ပါမီကာနို ကတော့ အာဆင်နယ် ကြယ်ပွင့်လေး ဘူကာယို ဆာကာ ဟာ လာမယ့် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ ပြင်သစ် ကို အဓိက ခြိမ်းခြောက်မယ့် ကစားသမား ဖြစ်တယ်လို့ အသင်းဖော်တွေကို သတိပေး ပြောဆိုသွားခဲ့ ပါတယ် ။

အင်္ဂလန် ကွင်းလယ်စတား ဂျုဒ် ဘယ်လင်ဂမ် ဟာ ကမ္ဘာ့ဖလား အပြီးမှာ သူ့ရဲ့ အနာဂါတ် ကို ရွေးချယ်ဖို့ ရှိနေပြီး ဒေါ့မွန် အသင်းကိုလည်း သူ့ဆန္ဒကို လိုက်လျောပေးဖို့ တောင်းဆို ထားတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

အင်္ဂါနေ့ တုန်းက အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ မပါဝင် ခဲ့တဲ့ ခီလီယံ အမ်ဘာပေ ဟာ မနေ့က ပြင်သစ် အသင်းရဲ့ လေ့ကျင့်ခန်း မှာ ပြန်လည် ပါဝင် လာခဲ့ပြီး အင်္ဂလန် နဲ့ ပွဲအတွက် အဆင်သင့် ရှိနေပုံ ရတယ်လို့ သိရပါတယ် ။

အီတလီ စီးရီးအေ ချန်ပီယံ အေစီမီလန် ဟာ မန်စီးတီး ရဲ့ အင်္ဂလန် စတား ဂျက် ဂရီလစ်ရှ် ကို စိတ်ဝင်စား နေတယ်လို့လည်း သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ယမန်နေ့ ညက ကစားခဲ့တဲ့ ဒူဘိုင်း စူပါဖလား ပွဲမှာ အာဆင်နယ် ဟာ ပြင်သစ် ကလပ် လီယွန် အသင်းကို ပွဲချိန် အတွင်း ၃-၀ ၊ ပင်နယ်တီ အဆုံးအဖြတ် ၂-၁ တို့နဲ့ အနိုင်ရကာ ၄ မှတ် နဲ့ စတင် ဖွင့်လှစ် နိုင်ခဲ့တယ်လို့ သိရပါတယ် ။ ( သာမန် မိနစ် ၉၀ အတွက် ၃ မှတ် ၊ ပင်နယ်တီ အနိုင်ရမှုအတွက် ၁ မှတ် )

အာဆင်နယ် ဟာ ဒုတိယပွဲမှာ အေစီမီလန် အသင်းနဲ့ ကစားရမယ်လို့ သိရှိရ ပါတယ် ။

 

SPORTS MYANMAR