ကွာတားဖိုင်ယ်မှာ နယ်သာလန်တို့ အာဂျင်တီးနားကို ဘယ်လို ရလဒ်နဲ့ အနိုင်ယူသွားမလဲဆိုတာ ခန့်မှန်းလိုက်တဲ့ ဗန်ဒါဗတ်

နယ်သာလန် လက်ရွေးစင်ဟောင်း ရာဖေးဗန်ဒါဗတ်က the Dutch တို့ဟာ အာဂျင်တီးနားကို သက်တောင့်သက်သာ အနိုင်ယူသွားလိမ့်မယ်လို့ ခန့်မှန်းသွားခဲ့ပြီး ဆကာလိုနီရဲ့ အသင်းဟာ လီယွန်နယ်မက်ဆီ ကလွဲပြီး သိပ်ပြီး ကောင်းတဲ့ အသင်း မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။ ဥရောပ နဲ့ တောင်အမေရိက ထိပ်တန်း နှစ်သင်းဟာ ယနေ့မှာ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် တစ်နေရာစာ အတွက် ယှဉ်ပြိုင် ကစားသွားရမှာ ဖြစ်ပါတယ်။

အာဂျင်တီးနားဟာ လွန်ခဲ့တဲ့ ၁၉၇၈ ခုနှစ် ဖိုင်နယ်က နယ်သာလန်ကို အနိုုင်ယူခဲ့ပြီး ဒန်းနစ်ဘားကမ့် ကလည်း ၁၉၉၈ ကမ္ဘာ့ဖလားတုန်းက ကွာတားဖိုင်နယ် အဆင့်မှာ ပြိုင်ပွဲသမိုင်းတစ်လျှောက် အကောင်းဆုံး သွင်းဂိုးတွေထဲက တစ်ဂိုးကို သွင်းယူခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၈ နှစ်က ဘရာဇီး ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားဟာ ဆီမီးဖိုင်နယ်မှာ နယ်သာလန်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ဖိုင်နယ်ကို တက်လှမ်းခဲ့ပါတယ်။

မက်ဆီဟာ ဒီပြိုင်ပွဲမှာ သွင်းဂိုး ၃ ဂိုးနဲ့ အတူ ပုံစံကောင်း ပြသလျက် ရှိနေကာ သူ့ရဲ့ နိုင်ငံကို တတိယ အကြိမ်မြောက် ကမ္ဘာ့ဖလား ရယူပေးနိုင်ဖို့ စိတ်အားထက်သန်နေပါတယ်။ ဒါပေမယ့် ဗန်ဒါဗတ်က မက်ဆီ ကလွဲပြီး ကျန်ကစားသမားတွေရဲ့ စွမ်းဆောင်ရည် အပေါ် မေးခွန်းထုတ်သွားခဲ့ပြီး သူ့ရဲ့ နိုင်ငံဟာ တောင်အမေရိက ပြိုင်ဘက်ကို သက်တောင့်သက်သာ အနိုင်ယူကာ ဆီမီးဖိုင်နယ် တက်သွားမှာ ဖြစ်တယ်လို့ ထောက်ခံလိုက်ပါတယ်။

ဗန်ဒါဗတ်က “မက်ဆီဟာ ဒီပြိုင်ပွဲမှာ သူ့ရဲ့ အရည်အသွေးကို ထပ်ပြီး ပြသခဲ့ပြန်ပါတယ်။ ဒါပေမယ့် သူ့ကို ၀န်းရံထားတဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေ ကတော့ သိပ်ပြီး မကောင်းလှပါဘူး။ ဒါဟာ နယ်သာလန် အတွက် လွယ်ကူတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်လာမှာပါ။ ကျွန်တော် ကတော့ နယ်သာလန်တို့ ၃-၀ နဲ့ အနိုင်ရသွားမယ်လို့ ခန့်မှန်းပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဆက်လက်ပြီး ဗန်ဒါဗတ်ဟာ ရီးရဲယ်မက်ဒရစ်မှာ ကစားခဲ့စဉ်တုန်းက အယ်ကလာစီကိုမှာ မက်ဆီနဲ့ ရင်ဆိုင်ကစားခဲ့တုန်းက အကြောင်းကို ပြန်ပြောပြခဲ့ပါတယ်။

ဗန်ဒါဗတ်က “ကျွန်တော် မက်ဆီနဲ့ ရင်ဆိုင် ကစားခဲ့ဖူးပါတယ်။ သူ့ကို ဖမ်းလို့ကို မရနိုင်ပါဘူး။ တစ်ခါတစ်လေ သူ့ကို kick ပစ်ချင်ခဲ့ပေမယ့် သူက ထွက်သွားခဲ့ပြီး ဖြစ်ပါတယ်။ အခုဆိုရင် သူဟာ အနည်းငယ်တော့ နှေးသွားခဲ့ပါပြီ။ သူဟာ လမ်းလျှောက်တာ ပိုများလာခဲ့ပါတယ်။ ဒါပေမယ့် သူဟာ အရေးပါတဲ့ pass တွေ ကိုတော့ ပေးနိုင်ဆဲပါ။ ရော်နယ်ဒိုဟာ သူ့ရဲ့ ခန္တာကိုယ် နဲ့ ဂိုးတွေ အပေါ် မှီခိုနေရသူ ဖြစ်ပေမယ့် မက်ဆီ ကတော့ သွင်းဂိုးတွေကို အများကြီး ပိုမိုတဲ့သူပါ။

ကျွန်တော် ရီးရဲယ်မက်ဒရစ်မှာ ကစားခဲ့ပါတယ်။ နည်းပြဟာ မက်ဆီကို အသေကပ်ကစားဖို့ အတွက် ရာမို့စ်ကို တာ၀န်ပေးခဲ့ပါတယ်။ မက်ဆီ ဘယ်ကိုပဲ သွားသည် ဖြစ်စေ လိုက်ကပ်ကစားဖို့ ဖြစ်ပါတယ်။ အိမ်သာ သွားခဲ့မယ်ဆိုရင်တောင် နောက်ကနေ လိုက်သွားဖို့ ပြောခဲ့ပါတယ်။ အဲဒီပွဲမှာ ရာမို့စ်ဟာ မက်ဆီရဲ့ အရူးလုပ် ကစားမှုကို ခံခဲ့ရပါတယ်။ သူ့ကို လူကပ် မကစားတာ ကျွန်တော်တို့ အတွက် ပိုကောင်းနိုင်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

SM