ကမ္ဘာ့ဖလား အပြီး လာမယ့် ဇန်နဝါရီမှာ အာဆင်နယ်နဲ့ ချဲလ်ဆီးကနေ ထွက်ခွာဖို့ စတား ၂ဦးကို တိုက်တွန်းလိုက်တဲ့ ဖရီဒယ်

လက်ရှိ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွင်း သက်ဆိုင်ရာ နိုင်ငံလက်ရွေးစင် အသင်းတွေမှာ ခြေစွမ်း တောက်ပခဲ့ကြတဲ့ ကြယ်ပွင့်တွေ ရှိကြတဲ့အနက် ၊ အမေရိကန်မှာတော့ တောင်ပံ ကစားသမား ခရစ်တီယန် ပူလီဆစ်နဲ့ ဂိုးသမား မတ်တာနာတို့ဟလည်း စွမ်းဆောင်ရည် တောက်ပြောင်ခဲ့ကြပါတယ် ။

၂ဦးလုံးဟာ လန်ဒန်မြို့ခံ ကလပ် ၂သင်း ဖြစ်တဲ့ ချဲလ်ဆီးနဲ့ အာဆင်နယ် အသင်းတွေမှာ အရန် ကစားသမား အဖြစ်သာ ရှိနေပေမယ့် ၊ နိုင်ငံလက်ရွေးစင် အဆင့်မှာတော့ အမေရိကန်ကို ကမ္ဘာ့ဖလား ၁၆သင်း အဆင့် အထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ် ။

အသက် ၂၄နှစ် အရွယ်ရှိ ပူလီဆစ်ဟာ အမေရိကန်တို့ ကမ္ဘာ့ဖလား အတွင်း ရရှိခဲ့တဲ့ သွင်းဂိုးတိုင်းနဲ့ ပါဝင်ပတ်သက်မှု ရှိခဲ့ကာ ၊ ၁ဂိုးသွင်း ၊ ၂ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ် ။ အလားတူ အာဆင်နယ် ဒုတိယ ဦးစားပေး ဂိုးသမား မတ်တာနာဟာလည်း အုပ်စုတွင်း ပွဲအားလုံးမှာ တည်ငြိမ်တဲ့ လက်စွမ်းကောင်းတွေ ပြသခဲ့ကာ ၊ Clean Sheet ၂ကြိမ် စွမ်းဆောင်နိုင်ခဲ့ပါတယ် ။

အက်စတွန်ဗီလာနဲ့ အမေရိကန် လက်ရွေးစင် ဂိုးသမားဟောင်း ဘရက်ဒ် ဖရီဒယ်ကတော့ ပူလီဆစ်နဲ့ တာနာတို့ဟာ ကမ္ဘာ့ဖလား အတွင်း ပြသခဲ့တဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် ၊ ပုံမှန် ကစားခွင့်တွေ အတွက် သက်ဆိုင်ရာ ကလပ်တွေကနေ စွန့်ခွာဖို့ အခုလိုပဲ တိုက်တွန်းသွားခဲ့ပါတယ် ။

Online Casino ဝက်ဘ်ဆိုက်နဲ့ တွေ့ဆုံခဲ့ရာမှာ ဖရီဒယ် က ” ကလပ်ပွဲတွေ ပြန်စလို့ ချဲလ်ဆီးဟာ ခရစ်တီယန် ပူလီဆစ်ကို မသုံးသေးဘူးဆိုရင် ၊ သူ့အနေနဲ့ ကစားခွင့် ပုံမှန် ရမယ့် တခြား ကလပ် တသင်းသင်းဆီ ပြောင်းရွှေ့သင့်ပါတယ် ။ ဘာလို့လဲဆိုတော့ သူဟာ တခြား တနေရာမှာ ပုံမှန် ကစားခွင့် ရဖို့ ထိုက်တန်မှု လုံလုံလောက်လောက် ရှိတာကြောင့်ပါ ။ ”

” မတ်တာနာလည်း ထိုနည်း၄င်းပါပဲ ။ သူဟာ အာဆင်နယ်ရဲ့ အရန်ခုံမှာ ဆက်မထိုင်သင့်တော့ပါဘူး ။ ဒါပေမယ့် မီခေးလ် အာတီတာ အနေနဲ့ စွမ်းဆောင်ရည် ကောင်းနေတဲ့ အာရွန် ရမ်းစ်ဒေးလ်ကို ကျော်ပြီး မတ်တာနာကို ကစားခွင့် ပေးဖို့ ကျွန်တော် ပြောနေတာ မဟုတ်ပါဘူး ။ ”

” ကျွန်တော် ဆိုလိုတာက သူဟာ ကစားခွင့် ရဖို့ ထိုက်တန်လောက်အောင် အထိ ကောင်းလွန်းနေလို့ပါ ။ ကျွန်တော်ဟာ မတ်တာနာနဲ့ ပတ်သက်ပြီး အတော်လေး အားရကျေနပ်မိပါတယ် ။ အစောပိုင်းတုန်းကတော့ ဒါက သူ့အတွက် ပထမဆုံး ကမ္ဘာ့ဖလား ဖြစ်တဲ့ အတွက် အုပ်စု အဖွင့်ပွဲမှာ ကျွန်တော် သူ့ကို နည်းနည်း စိုးရိမ်ခဲ့မိပါသေးတယ် ။ ”

” ဒါပေမယ့် သူဟာ အင်္ဂလန်နဲ့ ပွဲမှာ အံ့သြဖွယ်ကောင်းခဲ့ပြီး ၊ ပြီးခဲ့တဲ့ အင်္ဂါနေ့က ပွဲမှာလည်း တည်တည်ငြိမ်ငြိမ် ရှိခဲ့ပါတယ် ။ ကလပ်တွေဟာ မေဂျာလိဂ်ရဲ့ အဆင့်အတန်းကို ပိုပြီး လေးလေးနက်နက်ထား တွေးသင့်ပြီလို့ ကျွန်တော် ထင်ပါတယ် ။ ”

” ကျွန်တော်ကတော့ တာနာကို နံပါတ်တစ် ဂိုးသမား နေရာရမယ့် ကလပ် တသင်းသင်းဆီ ပြောင်းရွှေ့ဖို့ကိုသာ ပိုပြီး အလိုရှိပါတယ် ။ ဘာလို့လဲဆိုတော့ သူဟာ ထိပ်တန်း ကလပ် တသင်းဆီမှာ နံပါတ်တစ် ဂိုးသမား ဖြစ်ဖို့ လုံလောက်မှု ရှိလို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR