IQ မြင့်ဘောလုံးသမားလို့ ချီးကျုးခံနေရတဲ့ ဘာနာဒိုဆေးလ်ဗား ရဲ့ ဆွစ်ဇာလန် နဲ့ပွဲက လုပ်ရပ်

ပေါ်တူဂီ လက်ရွေးစင် အသင်းဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ ညတုန်းက ဆွစ်ဇာလန် အသင်းကို ၆ ဂိုးသွင်းပြီး အနိုင် ရရှိခဲ့ ပါတယ် ။ ခရစ္စတီယာနို ရိုနယ်ဒို အရန်ခုံတန်း ကနေ စတင် ခဲ့တဲ့ ဒီပွဲမှာ ရိုနယ်ဒို အစား ပွဲထွက်ခွင့် ရခဲ့တဲ့ ၂၁ နှစ်သား တိုက်စစ်မှူးလေး ဂွန်ကာလို ရာမိုစ့် ရဲ့ ဟက်ထရစ် အပါအဝင် ပီပီ ၊ ရာဖေး ဂွာရဲရိုး ၊ ရာဖေး လီယို တို့ရဲ့ ဂိုးတွေက ပေါ်တူဂီ ကို သက်တောင့် သက်သာနဲ့ ကွာတားဖိုင်နယ် ကို ပို့ဆောင် ပေးခဲ့ ပါတယ် ။

လာမယ့် ကွာတား မှာတော့ သူတို့ဟာ မော်ရိုကို အသင်းနဲ့ ရင်ဆိုင် ရတော့မှာပါ ။

ပေါ်တူဂီ နည်းပြကြီး ဖာနန်ဒို ဆန်းတိုစ့် ဟာ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရိုနယ်ဒို ကို အရန်စာရင်းမှာ ထည့်ဖို့ ရဲရဲဝံ့ဝံ့ လုပ်ဆောင်ခဲ့ ပါတယ် ။

ပေါ်တူဂီ ဟာ ရိုနယ်ဒို မပါချိန်မှာ ကစားပုံ အရမ်းကောင်း ခဲ့ပြီး ကမ္ဘာ့ချန်ပီယံ တသင်းရဲ့ ခြေစွမ်းမျိုးကို ပြသ နိုင်ခဲ့တယ်လို့ ချီးမွမ်းမှုတွေ ခံခဲ့ရ ပါတယ် ။

ဘင်ဖီကာ တိုက်စစ်မှူး ရာမိုစ့် ကတော့ တပွဲတည်းနဲ့ သူ့ရဲ့ နာမည်ကို ဘောလုံးကမ္ဘာမှာ ရေးထိုး နိုင်ခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလား ရဲ့ ပထမဆုံး ဟက်ထရစ်ရှင် ဖြစ်လာခဲ့ ပါတယ် ။

ဒုတိယပိုင်းမှာ ရိုနယ်ဒို လူစားဝင် ကစားခဲ့ပေမယ့် သွင်းဂိုးတော့ မရယူနိုင်ခဲ့ ပါဘူး ။

ဒီပွဲမှာ ပရိသတ်တွေကို စိတ်ဝင်တစား ရှိစေတဲ့ ကိစ္စ တခု ဖြစ်ခဲ့ပါတယ် ။ အဲ့ဒါကတော့ ပေါ်တူဂီ ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗား ဟာ ဆွစ်ဇာလန် ဘက်ကို ဂိုးသွင်းအပြီး အောင်ပွဲ ခံနေတဲ့ အသင်းဖော်တွေ ဆီကနေ ခွဲထွက် လာပြီး ကွင်းထဲမှာ တယောက်တည်း ရပ်ကြည့် နေတဲ့ ကိစ္စပါ ။

ပရိသတ်တွေကတော့ ဘာနာဒို ဆေးလ်ဗား ဟာ ရည်ရွယ်ချက် ရှိရှိ နဲ့ ဒီလို လုပ်ခဲ့တာ ဖြစ်ပြီး အလွန် ဉာဏ်ကောင်းသူ တယောက်လို့ ချီးကျုး ပြောဆိုမှုတွေ ရှိလာခဲ့ ပါတယ် ။

ဘာလို့လည်း ဆိုတော့ တချို့ အသင်းတွေဟာ ဘောလုံးကို ကွင်းလယ်မှာ အမြန်ပြန်တည်ပြီး ပွဲကို စတင်တတ် ကြလို့ပါပဲ ။ ဒီဖြစ်ရပ်နဲ့ အတူ မေးခွန်းအချို့လည်း ပေါ်ထွက် လာခဲ့ ပါတယ် ။ တကယ်ပဲ ဒီလိုလုပ်လို့ ရသလား ( တသင်းက အောင်ပွဲခံနေတုန်း နောက်တသင်းက အမြန်ပြန်စလို့ရနိုင်သလား ) ဆိုတဲ့ မေးခွန်းပါပဲ ။

ဖီဖာ ရဲ့ စည်းမျဉ်း အရ ပွဲပြန်စဖို့ အတွက် ဆိုရင် စပေးဘော ကန်မယ့် ကစားသမားကလွဲရင် ကျန်တဲ့ ကစားသမား အားလုံးဟာ ကိုယ့် ကွင်းဘက်မှာ ရှိနေရမယ်လို့ ပါရှိပါတယ် ။ အတော်များများ ကတော့ ဘောလုံးသမားတွေ ကွင်းပြင် ရောက်နေကြတာ ( အောင်ပွဲခံရင်း ကွင်းပြင်ရောက်နေတာ ၊ စသည် ) ဟာ ကိုယ့်ကွင်းဘက် ခြမ်းမှာ ရှိနေတာမျိုး မဟုတ်လို့ ပွဲကို ပြန်စလို့ မရနိုင်ဘူးလို့ တွေးထင်တတ်ကြပါတယ် ။

ဒါပေမယ့် ၂၀၁၈ ကမ္ဘာ့ဖလား မှာတော့ ဖီဖာ တာဝန်ရှိသူဟာ ဒီ စည်းမျဉ်းနဲ့ ပတ်သက်ပြီး သေချာ ရှင်းပြ သွားခဲ့ ပါတယ် ။ ကစားသမားတွေကွင်းပြင်ထွက် အောင်ပွဲ ခံနေတာဟာ ကိုယ့် ကွင်းဘက်ခြမ်း မှာ မရှိနေဘူးလို့ သတ်မှတ် နိုင်တာကြောင့် ပွဲကို ပြန်မစနိုင်ပါဘူး ။ စပေးဘော ကန်ရမယ့် အသင်းက အမြန်ပြန်တည်ပြီး ဂိုးသွင်း သွားခဲ့မယ် ဆိုရင်တောင် ဒိုင်လူကြီး အနေနဲ့ ( Fair Play ရှုထောင့်အရ ) ဒါကို ခွင့်ပြု ပေးလို့ မရပါဘူး လို့ ဖီဖာ ရဲ့ ပြောဆိုခွင့် ရှိသူ တယောက်က ရှင်းပြသွားခဲ့ ပါတယ် ။

ဒါကြောင့် ဆွစ်ဇာလန် ဘက်က ဘောလုံးကို အမြန်ပြန်တည်ပြီး ဂိုးသွင်း သွားနိုင်မယ် ဆိုရင်တောင် ဒါက ခွင့်ပြု ခံရမှာ မဟုတ်ပါဘူး ။ ဒါပေမယ့် အငြင်းအခုန် အချေအတင်တွေ ဖြစ်ပြီး ပွဲကြန့်ကြာမှုတွေတော့ ဖြစ်လာနိုင် ပါတယ် ။

ဘာပဲ ဖြစ်ဖြစ် ဘာနာဒို ဆေးလ်ဗား ကတော့ ဆွစ်ဇာလန် ဘက်ကို ဘယ်လို အခွင့်အရေးမျိုးမှ မပေးချင်ခဲ့တာ အသေအချာပါပဲ ။

 

SPORTS MYANMAR