၈ သင်းစုံတဲ့ ကွာတား ၊ နည်းပြတွေရဲ့ အနာဂါတ် ၊ ကြယ်ပွင့်လေး အန်းဒရစ် ရဲ့ သတင်း ၊ အပြောင်းအရွှေ့အချို့နဲ့ . . . နံနက်ခင်း အားကစားသတင်းများ

မနေ့ညက ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ၁၆ သင်းဆင့် ပွဲစဉ်တွေမှာတော့ မော်ရိုကို နဲ့ ပေါ်တူဂီတို့ ကွာတားဖိုင်နယ်ကို တက်လှမ်းလာခဲ့ ကြပါတယ် ။

မော်ရိုကို ဟာ ဥရောပ ထိပ်သီး စပိန် ကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရယူ ခဲ့တာ ဖြစ်ပြီး ကမ္ဘာ့ဖလား သမိုင်းတလျောက် အာဖရိက အသင်းတွေထဲမှာ ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်တဲ့ စတုတ္ထမြောက် အသင်း ဖြစ်လာခဲ့ ပါတယ် ။

ပေါ်တူဂီ ကတော့ ဆွစ်ဇာလန် အသင်းကို ဂိုးဒါဇင်ဝက် သွင်းပြီး အားလုံးကို အံ့အားသင့်စေခဲ့ ပါတယ် ။
ရိုနယ်ဒို အရန်ခုံ ထိုင်ခဲ့ရတဲ့ ဒီပွဲမှာ ရိုနယ်ဒို အစား ပွဲထွက်ခွင့် ရခဲ့တဲ့ တိုက်စစ်မှူး ဂွန်ကာလို ရာမိုစ့် ဟာ အခု ကမ္ဘာ့ဖလားရဲ့ ပထမဆုံး ဟက်ထရစ် ကို သွင်းယူပေးနိုင် ခဲ့ပါတယ် ။


ပေါ်တူဂီ နည်းပြကြီး ဆန်းတိုစ့် ကတော့ ရိုနယ်ဒို ကို အရန်ခုံ ထိုင်ခိုင်းတာဟာ နည်းဗျူဟာ ဆုံးဖြတ်ချက် ဖြစ်ပြီး ရိုနယ်ဒို နဲ့ ဘာ ပြဿနာမှ မရှိဘူးလို့ ပြောဆိုသွားခဲ့ ပါတယ် ။

စပိန် လက်ရွေးစင် အသင်း နည်းပြ လူးဝစ် အန်နရီကေး ကတော့ သူ့ရဲ့ အနာဂါတ် အတွက် လာမယ့် ရက်သတ္တပတ် အနည်းငယ် အတွင်းမှာ ဆွေးနွေး သွားမယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ပြီး စပိန် အသင်း ကမ္ဘာ့ဖလားကနေ ထွက်ခဲ့ရမှုမှာ သူ့ရဲ့ တာဝန် ဖြစ်တယ်လို့ ဆိုသွားခဲ့ ပါတယ် ။

ဘရာဇီး လူငယ် ကြယ်ပွင့်လေး အန်းဒရစ် အတွက် အားပြိုင်မှုကနေ PSG အသင်း ရှောင်ထွက် သွားခဲ့ပြီလို့ သိရပါတယ် ။ PSG ဟာ အန်းဒရစ် အတွက် ယူရို သန်း ၆၀ နီးပါး နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပါးမေးရပ်စ် အသင်းက ပယ်ချ ခဲ့ပါတယ် ။

အခု နောက်ဆုံး ကြားသိရတဲ့ သတင်းမှာတော့ ရီးရဲမက်ဒရစ် ဟာ အခြား ဥရောပ ထိပ်သီး တွေထက် အန်းဒရစ် ကို ခေါ်ယူနိုင်ဖို့ နီးစပ်မှု ရှိလာခဲ့ပြီလို့ ဖာဘရီဇီယို ရိုမာနို က ဖော်ပြ လာခဲ့ ပါတယ် ။

ပါမေးရပ်စ် နဲ့ ရီးရဲမက်ဒရစ် တို့ အကြား ညှိနှီုင်းမှုတွေဟာ နောက်ဆုံး အဆင့်ကို ရောက်ရှိတော့မှာ ဖြစ်ပြီး စပိန် ချန်ပီယံ ဟာ အန်းဒရစ် အတွက် ယူရို သန်း ၇၀ ကျော် ( စာချုပ် + အခွန် ) ကုန်ကျမယ်လို့လည်း ဖော်ပြထား ပါတယ် ။

ခရစ္စတီယာနို ရိုနယ်ဒို ကလည်း ဆော်ဒီ ကလပ် အယ်နက်ဆာ အသင်းဆီ ပြောင်းရွှေ့မယ် ဆိုတဲ့ သတင်းတွေကို မဟုတ်မှန်ကြေင်း ငြင်းဆို သွားခဲ့ ပါတယ် ။

မနေ့ ညက ပေါ်တူဂီ အတွက် ခြေစွမ်းပြ ခဲ့တဲ့ ဂျာအို ဖိလစ် ကတော့ ပေါ်တူဂီ နဲ့ အက်သလက်တီကို မက်ဒရစ် တို့ ကစားပုံချင်း ကွဲပြားကြောင်း ၊ နိုင်ငံ အသင်းမှာ ပိုပြီး ကစားရတာ သက်တောင့်သက်သာ ရှိကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ကာ အသင်းပြောင်းနိုင်တဲ့ ကောလဟာတွေကို ပိုမို ကျယ်လောင် စေခဲ့ ပါတယ် ။

နယူးကာဆယ် တိုက်စစ်မှူးအေး အိုင်ဆက် ဟာ အသင်းရဲ့ ကမ္ဘာ့ဖလားကာလ ခြေစမ်းပွဲ ကို ပါဝင် ကစားဖို့ ကြံ့ခိုင်မှု မလုံလောက်ဘူးလို့ သိရပါဆယ် ။

အင်တာမီလန် နည်းပြ အင်ဇာဂီ က သူတို့ဟာ လူကာကူ ဘက်ကနေ ရပ်တည်ပြီး ကမ္ဘာ့ဖလားမှာ ဗီလိန် ဖြစ်ခဲ့ရတဲ့ တိုက်စစ်မှူးကို ကာကွယ်ကူညီဖေးမ ပေးသွားမယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ပါတယ် ။

SPORTS MYANMAR