ဟာကိမီရဲ့ ပင်နန်ကာနဲ့ပင်ဂွင်း ၊ အန်နရီကေးရဲ့ အလုပ်မဖြစ်ခဲ့တဲ့ ပင်နယ်တီ ၁ ထောင်…မော်ရိုကိုတို့ စပိန်ကို နိုင်ခဲ့တဲ့ပွဲစဉ်မှ ထူးထူးခြားခြားပြောစရာများ

မိနစ် ၁၂၀ ထိ နှစ်သင်းစလုံး အခွင့်အရေးကောင်းရဖို့ ထိန်းကစားနေခဲ့အပြီးမှာ မော်ရိုကိုဟာ စပိန်ကို ပင်နယ်တီ အဆုံးအဖြတ်မှာ ၃-၀ နဲ့ နိုင်ခဲ့ပြီး ဟာကီမီက Panenka နဲ့ အနိုင်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။ အချိန်ပိုနောက်ဆုံးမိနစ်မှာ ဆာရာဘီးယားရဲ့ ကန်ချက် တိုင်ထိထွက်ခဲ့လို့သာ စပိန်တို့ ကွာတားဖိုင်နယ်ကို မရောက်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ မော်ရိုကိုဟာ နောက်ဆုံး ၈ သင်း အဆင့်မှာ ဆွစ်ဇာလန်ကို ဂိုးပြတ် အနိုင်ယူကာ တက်လာခဲ့တဲ့ ပေါ်တူဂီ နဲ့ ရင်ဆိုင် ကစားရတော့မှာ ဖြစ်ပါတယ်။

ဒီပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာတွေကတော့

၁~ပန်နန်ကာ နဲ့ ပင်ဂွင်း
ဟာကိမီဟာ မော်ရိုကို အတွက် စတုတ္ထမြောက် ပင်နယ်တီကို မကန်ခင် သူ့ခေါင်းထဲမှာ အတွေးတွေ အများကြီး ရှိနေမှာ ဖြစ်ပါတယ်။ မက်ဒရစ်မှာ မွေးဖွားခဲ့ပြီး စပိန်ဘောလုံးအဖွဲ့ချုပ်ဟာ ၎င်းကို မွေးတဲ့နိုင်ငံကို ကိုယ်စားပြု ကစားစေချင်ခဲ့ပေမယ့်လည်း ဟာကိမီဟာ သူ့မိဘတွေရဲ့ နိုင်ငံကိုသာ ကိုယ်စားပြုဖို့ အမြဲတမ်း ဆန္ဒရှိနေခဲ့သူပါ။ မနေ့ညက သူဟာ သူကောင်းကောင်း သိနေတဲ့ နိုင်ငံနဲ့ ရင်ဆိုင်ကစားခဲ့ရပေမယ့်လည်း ဒါကို လုံး၀ ဂရုမစိုက်ဘဲ အကောင်းဆုံး ကစားပြခဲ့ပါတယ်။

အဆုံးအဖြတ် ပင်နယ်တီမှာ ဒီလို Panenka ကို ကန်ခဲ့တယ်ဆိုတာ ဘယ်လောက် ယုံကြည်မှု မြင့်မားသလဲဆိုတာ သိနိ်ုင်ပြီး ဂိုးသွင်းပြီးချိန်မှာ ပင်ကွင်းအကကို ကခဲ့တာကို ကြည့်ရင် မော်ရိုကိုကို ပထမဦးဆုံး အကြိမ် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပို့ဆောင်ပေးခဲ့တဲ့ အပေါ် ဘယ်လောက် ပျော်ရွှင်နေသလဲဆိုတာ သိနိုင်ပါတယ်။

၂~မလုံလောက်ခဲ့တဲ့ အကြိမ် ၁၀၀၀ ပင်နယ်တီ
ဒီပွဲစဉ်မတိုင်မီ အန်နရီကေးဟာ သူ့ရဲ့ အသင်း ဒီကမ္ဘာ့ဖလားမှာ ပင်နယ်တီ အဆုံးအဖြတ် ခံယူရမယ့် ပွဲစဉ်မျိုး ကြုံလာရနိုင်တာကြောင့် အသင်းသားတွေကို ဘယ်လို ပြင်ဆင်မှု လုပ်စေခဲ့သလဲဆိုတာ ထုတ်ဖော်ခဲ့ပါတယ်။

အန်နကီကေးက “လွန်ခဲ့တဲ့ ၁ နှစ်က ကျွန်တော့်ရဲ့ Training camp မှာ ကမ္ဘာ့ဖလားမတိုင်မီ မိမိတို့ရဲ့ ကလပ်တွေမှာ ပင်နယ်တီကန်တာ အကြိမ် ၁၀၀၀ လောက် ကျင့်ခဲ့ဖို့ ကစားသမားတွေကို အိမ်စာ ပေးခဲ့ပါတယ်။ လက်ရွေးစင် အသင်းကို ရောက်မှ လုပ်လို့မရနိုင်ပါဘူး။ သူတို့ အိမ်စာ လုပ်လာခဲ့မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါဟာ ထီထိုးသလိုပဲလို့ ကျွန်တော် မထင်ပါဘူး။ ဒါဟာ skill တစ်ခုပါ။ များများလေ့ကျင့်လေ တိုးတက်လာလေလေပါပဲ။ ဖိအားတို့ ဘာတို့ကိုတော့ လေ့ကျင့်လို့ မရနိုင်ပါဘူး။ ဒါပေမယ့် ဒါဟာ ကံတရား အပေါ်ချည်းပဲ မူတည်မနေပါဘူး။” လို့ ပြောခဲ့ပါတယ်။

ကံမကောင်းစွာနဲ့ ပင်နယ်တီ အကြိမ် ၁၀၀၀ အိမ်စာကလည်း စပိန် အတွက် လုံလောက်မှု မရှိခဲ့ပါဘူး။

၃~မော်ရိုကို ခံစစ်
နည်းပြ ရီဂရာဂွီရဲ့ လက်အောက် ကစားခဲ့တဲ့ ၇ ပွဲမှာ မော်ရိုကိုဟာ clean sheet ၆ ကြိမ်ထိ ရရှိခဲ့ကာ ဒီကမ္ဘာ့ဖလားမှာ ပြိုင်ဘက် ကစားသမားရဲ့ ဂိုးသွင်းခြင်းကို မခံရသေးဘဲ ကနေဒါနဲ့ ပွဲမှာ ဗဟိုနောက်ခံလူ အဂွီရက်ရဲ့ own goal တစ်လုံးသာ ခွင့်ပြုထားခဲ့ရပါတယ်။ ဂိုးသမား ဘူနို (ဆီဗီလာ) ၊ ဟာကိမီ (PSG) ၊ အဂွီရက် (၀က်ဟမ်း) ၊ ရိုမန်ဆိုက် (ဘက်ဆစ်တပ်) နဲ့ မာဇူရာဝီ (ဘိုင်ယန်) တို့ ဖွဲ့စည်းထားတဲ့ ခံစစ်ကြောင်းဟာ ဒီကမ္ဘာ့ဖလားမှာ စပိန် ခရိုအေးရှား ဘယ်ဂျီယံ စတဲ့ ထိပ်တန်းအသင်းတွေကို ဂိုးမပေးရအောင် စွမ်းဆောင်ထားခဲ့တာ ကတော့ ချီးကျူးစရာပဲ ဖြစ်ပါတယ်။ စပိန်ဟာ ဘောလုံးပိုင်ဆိ်ုင်မှု များစွာ အသာစီး ရခဲ့ပေမယ့်လည်း မိနစ် ၁၂၀ အတွင်း မော်ရိုကို ဂိုးပေါက်ကို ထိရောက်တဲ့ ခြိမ်းခြောက်မှုတွေ မလုပ်နိုင်ခဲ့ဘဲ ဘောလုံးပိုင်ဆိုင်မှု သိပ်မရှိတဲ့ မော်ရိုကို ကသာ တစ်ပွဲလုံး ပွဲကို ထိန်းချုပ်ထားခဲ့တာပါ။

၄~ထူးချွန်စွာ ကစားပြနေတဲ့ အမ်မရာဘတ်
အမ်မရာဘတ်ရဲ့ နေရာစုံ ရောက်ရှိနေမှုကြောင့် စပိန်ကွင်းလယ်ဟာ ကစားရှိန်ကို ကောင်းကောင်း မြှင့်လို့မရ ဖြစ်နေခဲ့ပါတယ်။ ဖီအို ကွင်းလယ်ခံစစ် ကစားသမားဟာ နေရာစုံ space တွေကို ကာဗာလုပ် ကစားသွားခဲ့ပြီး ဘူ့စကွက် ဦးဆောင်တဲ့ ဘာစီလိုနာ ကွင်းလယ်ကို ကစားရခက်အောင် လုပ်ပြခဲ့ပါတယ်။ ဒါ့အပြင် ၎င်းရဲ့ line breaking play တွေကလည်း မော်ရိုကိုရဲ့ တိုက်စစ်ကို ကောင်းစွာ ပံ့ပိုးမှု လုပ်နိုင်ခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ် ကစားသမားဟာ ဒီပွဲစဉ်မှာ ဖျက်ထုတ်မှု ၄ ကြိမ် ၊ ကြားဖြတ်လုယူမှု ၁ ကြိမ် အပြင် ကောင်းမွန်တဲ့ passing တွေလည်း လုပ်သွားခဲ့ပါတယ်။ ကမ္ဘာ့ဖလားမတိုင်မီ အီတလီမှာ ကစားနေတဲ့ အမ်မရာဘတ် အကြောင်း သိတဲ့သူ နည်းပါးပေမယ့်လည်း စပိန်နဲ့ ကစားခဲ့တဲ့ ၂ နာရီ မှာတော့ ၎င်းဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကွင်းလယ်လူထဲက တစ်ဦးလို ကစားပြသွားခဲ့ပါတယ်။

၅~၂ ကြိမ်ဆက် ကျေနပ်ခဲ့ရတဲ့ Last 16
အုပ်စု ဒုတိယနေရာနဲ့ တက်လာခဲ့တဲ့ စပိန်ဟာ မော်ရိုကိုနဲ့ပွဲစဉ်ရဲ့ မိနစ် ၇၀ မှာ ဘောလုံးပေးပို့မှု အကြိမ် ၆၀၀ ကျော် လုပ်ထားခဲ့ပြီး ဖြစ်ပေမယ့် ဂိုးပေါက်တည့်မှုက တစ်ကြိမ်သာ ရှိခဲ့ပြီး ဒါကလည်း ဖရီးကစ်ကနေ ဖြစ်ပါတယ်။ မော်ရိုကို ကတော့ စပိန်ကို စိတ်ကြိုက် ဘောလုံးကိုင်ခွင့် ပေးထားပြီး final third ရောက်မှသာ ပြင်းထန်တဲ့ လုပ်အား နဲ့ ခံစစ်ကို စည်းစနစ်တကျ ကစားကာ ရှင်းထုတ်မှုတွေ လုပ်ခဲ့ပြီး နေရာလွတ် မရှိအောင် ပိတ်ဆို့ ကစားနိုင်ခဲ့ပါတယ်။ နှစ်ဘက်စလုံး သတိကြီးကြီး ကစားခဲ့တာကြောင့် ဦးဆောင်ဂိုးရတဲ့ အသင်းဟာ နောက်တဆင့်ကို တက်နိုင်မယ့် အခြေအနေ ဖြစ်ခဲ့ပေမယ့် ပွဲဟာ မိနစ် ၁၂၀ ထိ အဆုံးအဖြတ် မပေးနိုင်ခဲ့ပါဘူး။

ရိုဒရီနဲ့ လာပေါ့ဒ် တို့ဟာ ဘောလုံးကိုင်ကစားခွင့် များစွာ ရရှိခဲ့ပေမယ့်လည်း ဘူ့စကွက်ဆီကို လုံလောက်တဲ့ ဘောလုံးတွေ မရောက်ခဲ့ကာ ဘာစီလိုနာ စတားဟာ မော်ရိုကို ကွင်းလယ်ရဲ့ press အောက်မှာ လှုပ်မရ ဖြစ်နေခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းကလည်း စပိန်ဟာ ရုရှားကို ဒီလိုပုံစံမျိုးနဲ့ ရှုံးကာ ပြုတ်ခဲ့ရတာ ဖြစ်ပြီး ဒီနှစ်သင်းဟာ စပိန်ကို ရှုံးထွက်အဆင့်မှာ ဘယ်လို ထုတ်ပယ်လို့ ရသလဲဆိုတဲ့ blueprint ကို ချပြလိုက်သလိုပါပဲ။

SM