လက်ရှိလစာထက် ၁၀ဆ ပိုပေးပြီး လူငယ်ကြယ်ပွင့်လေးကို အပိုင်ချီတော့မယ့် မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် ဟာ အခု ရာသီမှာ အသင်းကြီးနဲ့ ပါဝင် ကစားပြီး ပုံစံကောင်းတွေ ပြသ နေတဲ့ လူငယ် ကစားသမားလေး အဲလီဂျန်ဒရို ဂါနာချို ကို လစာတိုးပေးပြီး စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင် နေပြီလို့ သိရပါတယ် ။

စာချုပ်သစ် ချုပ်ဆို ပြီးစီးပါက ဂါနာချို ဟာ လက်ရှိ ယူနိုက်တက် လူငယ် အသင်းမှာ ရရှိနေတဲ့ လုပ်ခ လစာထက် ၁၀ဆ ပိုမို ရရှိတော့မှာ ဖြစ်တယ်လို့ သတင်း ကြားသိရ ပါတယ် ။

အာဂျင်တိုင်းသား လူငယ်လေး ဂါနာချို ဟာ အခု ရာသီမှာ ယူနိုက်တက် အသင်းကြီးနဲ့ အတူ ပါဝင် ဖြတ်သန်း နေပြီး နည်းပြ အဲရစ် တန်ဟတ် စိတ်ကျေနပ်လောက်တဲ့ ခြေစွမ်းတွေ ကို ပြသနေပါတယ် ။

ရာသီကြို ပြင်ဆင် လေ့ကျင့်တုန်းက စည်းကမ်းပိုင်း ဆိုင်ရာ အားနည်းချက်တွေ ရှိခဲ့ ပေမယ့် ဂါနာချို ဟာ သူ့ရဲ့ ခံယူချက်ကို ပြင်ဆင် ခဲ့ပြီး ကြိုးစား လေ့ကျင့်လာခဲ့ရာကနေ အခုလို ချီးကျုး ခံရတဲ့ အခြေအနေကို ရောက်ရှိ လာခဲ့တာပဲ ဖြစ်ပါတယ် ။

ဂါနာချို ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ လ အတွက် တလတာ အကောင်းဆုံး မန်ချက်စတာ ယူနိုက်တက် ကစားသမား ဆုကိုပါ ဆွတ်ခူး နိုင်တဲ့ အထိ တိုးတက်လာခဲ့ ပါတယ် ။

ခရစ္စတီယာနို ရိုနယ်ဒို ကို ငယ်စဉ်ကတည်းက အားကျခဲ့တဲ့ ဂါနာချို ဟာ မန်ချက်စတာ ယူနိုက်တက် အတွက် ရိုနယ်ဒို နောက်တယောက် ဖြစ်လာနိုင်တယ်လို့လည်း ထင်ကြေးပေး သုံးသပ် ခံထားရသူ ဖြစ်ပါတယ် ။

ပီယာ့စ် မော်ဂန် နဲ့ အင်တာဗျူး ထွက်ပေါ်လာ အပြီး ယူနိုက်တက် နဲ့ လမ်းခွဲ ခဲ့တဲ့ ရိုနယ်ဒို ရဲ့ နေရာကို ဂါနာချို အစားထိုး နိုင်ဖို့လည်း ပရိသတ်တွေက မျှော်လင့် နေကြပါတယ် ။ ဒီ မျှော်လင့်ချက်တွေ ပိုမို ခိုင်မာလာစေဖို့ ယူနိုက်တက် ဘက်ကလည်း ကြိုးစား လုပ်ဆောင်နေပြီး လူငယ်ကြယ်ပွင့်လေးကို လုပ်ခ လစာ တိုးမြှင့်ကာ ကာလရှည် စာချုပ်သစ် ချုပ်ဆိုဖို့ လုပ်ဆောင်နေပြီ ဖြစ်ပါတယ် ။

မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ပြ ခဲ့တဲ့ သတင်းအရ ယူနိုက်တက် ဟာ ဂါနာချို ကို လူငယ် အသင်းက လစာထက် ဆယ်ဆ ပိုပေးပြီး စာချုပ်သစ် ကမ်းလှမ်း သွားဖို့ စီစဉ်နေတယ်လို့ သိရှိရ ပါတယ် ။

ဂါနာချို ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကြီးမှာ ကစားခွင့် ရရှိနေ ပေမယ့် လုပ်ခလစာ ကတော့ လူငယ် အသင်းက လစာကိုသာ ရရှိနေသေးသူ ဖြစ်ပါတယ် ။

ဂါနာချို ရဲ့ လက်ရှိ လုပ်ခဟာ တပတ်ကို ပေါင် ၅၀၀၀ ဖြစ်ပြီး စာချုပ်သစ် ချုပ်ဆိုပြီးပါက တပတ်ကို ပေါင် ၅၀၀၀၀ ရရှိတော့မှာပဲ ဖြစ်ပါတယ် ။ ဒါဟာ စကော့ မက်တော်မီနေး ကို ယူနိုက်တက် အကယ်ဒမီ ကနေ အသင်းကြီးဆီ ခေါ်ဆောင် ခဲ့စဉ်က လမ်းကြောင်းပုံစံ အတိုင်း ဖြစ်ပြီး လက်ရှိမှာတော့ တော်မီနေး ဟာ တပတ်ကို လုပ်ခ ပေါင် ၆ သောင်း ရရှိနေပြီ ဖြစ်ပါတယ် ။

၁၈ နှစ်သားလေး ဂါနာချို ဟာ ကမ္ဘာ့ဖလား မတိုင်ခင် နောက်ဆုံး ကစားခဲ့တဲ့ ဖူလ်ဟမ် အသင်းနဲ့ ပွဲမှာ ယူနိုက်တက် အတွက် အနိုင်ဂိုး ကို ၉၃ မိနစ်မှာ သွင်းယူပေး ခဲ့ပြီး အသင်းရဲ့ သူရဲကောင်း ဖြစ်ခဲ့ ပါတယ် ။

ဂါနာချို ဟာ အက်သလက်တီကို မက်ဒရစ် အကယ်ဒမီ ကနေ မန်ယူနိုက်တက် အကယ်ဒမီ ကို ၂၀၂၀ ခုနှစ် မှာ ပေါင် ၄ သိန်းကျော်နဲ့ ပြောင်းရွှေ့ ရောက်ရှိ လာခဲ့တာ ဖြစ်ပြီး အသင်းရဲ့ တနှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆု ( ဂျင်မီမာဖီဆု ) ကိုလည်း ရရှိထားသူ ဖြစ်ပါတယ် ။

ဂါနာချို နဲ့ ယူနိုက်တက် တို့ရဲ့ စာချုပ်ဟာ ၂၀၂၄ မှာ သက်တမ်း ကုန်ဆုံးမှာ ဖြစ်တာကြောင့် အသင်းဘက်က အခုလို လစာတိုးကာ ကာလရှည် စာချုပ်သစ် ချုပ်ဆိုဖို့ စီစဉ်လာရတာပဲ ဖြစ်ပါတယ် ။

လက်ရှိမှာတော့ ဂါနာချို ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စပိန် ကို ရောက်ရှိ နေပြီး ကာဒိဇ် ၊ ရီးရဲ ဘက်တစ် တို့နဲ့ ကစားမယ့် ခြေစမ်းပွဲတွေမှာ ပါဝင် အစွမ်းပြဖို့ လေ့ကျင့် နေပြီဖြစ်ပါတယ် ။

 

SPORTS MYANMAR