ဘရာဇီးကို တန်ပြန်တိုက်စစ် အသင်းလို့ ခေါင်းစဉ်တပ်ရင်း ၊ မက်ဆီနဲ့ အာဂျင်တီးနားကို ဘယ်လို တားဆီးသွားမလဲ ဆိုတာ ဖွင့်ဟလာတဲ့ ဗန်ဟားလ်

ကာတာ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးထဲက တသင်း ဖြစ်တဲ့ ဘရာဇီးဟာ တမြန်နေ့ညက ကစားခဲ့တဲ့ ၁၆သင်း ရှုံးထွက်အဆင့်ပွဲမှာ တောင်ကိုးရီးယား အသင်းကို ပထမပိုင်း အတွင်း သွင်းယူတဲ့ ဂိုးတွေနဲ့ အတူ ၄ – ၁ ရလဒ်နဲ့ သက်တောင့်သက်သာ အနိုင်ရခဲ့ကာ ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင်ခဲ့ပါတယ် ။

ထိုပွဲအပြီး မီဒီယာတွေ အကြား ဘရာဇီးရဲ့ ချန်ပီယံဆု ခြိမ်းခြောက်နိုင်ဖို့ အလေးပေးမှုတွေ ပိုမို မြင့်တက်လာသလို ၊ ချန်ပီယံ ခြေစွမ်းမျိုးလို့ ချီးကျူးခံရတဲ့ အထိ ဖြစ်ခဲ့ပါတယ် ။ ဘရာဇီးဟာ သန်ဖက်ခါညမှာ ၂၀၁၈ ကမ္ဘာ့ဖလား runner-up ခရိုအေးရှား အသင်းနဲ့ ကွာတားဖိုင်နယ် ကစားဖို့ ရှိပါတယ် ။

ဘရာဇီး နည်းတူ ကွာတားအဆင့်သို့ တက်လှမ်းလာတဲ့ နယ်သာလန် နည်းပြ လူးဝစ် ဗန်ဟားလ်ကတော့ ဖိုင်နယ် မတိုင်ခင် အထိ ၄င်းတို့နဲ့ ဆုံတွေ့ဖို့ မရှိတဲ့ ဘရာဇီးရဲ့ တောင်ကိုးရီးယားနဲ့ ပွဲက စွမ်းဆောင်ရည်ဟာ မီဒီယာ မြှောက်ပင့်ရေးသားသလို ကောင်းမနေပဲ ၊ တန်ပြန်တိုက်စစ် အားပြု ကစားခြင်းသာ ဖြစ်ကြောင်း ခေါင်းစဉ်တပ်ခဲ့ပါတယ် ။

ESPN ရုပ်သံဌာနနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ဗန်ဟားလ် က ” ဟုတ်ပါတယ် ။ ဘရာဇီးဟာ တန်ပြန်တိုက်စစ် အသင်းပါ ။ ဒါပေမယ့် ဒတ်ခ်ျမီဒီယာတွေရဲ့ ဖော်ပြချက်တွေမှာ ဘရာဇီး ကစားတာ ဘယ်လောက်ထိ လှပတယ် ဆိုတာပဲ ကျွန်တော် မြင်တွေ့ခဲ့ရပါတယ် ။ ဒါပေမယ့် ဒါက ကောင်တာချောင်းကစားတဲ့ အသင်း တသင်းပါပဲ ။ ”

” တောင်ကိုးရီးယားကသာ တိုက်စစ်ဖွင့်ကစားဖို့ ကြိုးစားခဲ့တာပါ ။ ဘရာဇီးဟာ ကျွန်တော်တို့လို တန်ပြန်တိုက်စစ် အသားပေး ၊ ခံစစ်ကျစ်လျစ်မှုနဲ့ တည်ဆောက်ထားတဲ့ အသင်း တသင်းပါ ။ ဒါပေမယ့် ကစားပုံ အတူတူချင်းတောင် ဒတ်ခ်ျမီဒီယာက ကျွန်တော့ မိတ်ဆွေတွေဟာ ဒါကို တောက်ပတဲ့ ဘောလုံး ကစားဟန်လို့ ချီးကျူးကြပါတယ် ။ ”

” အမေရိကန်နဲ့ ပွဲက ကျွန်တော်တို့ရဲ့ ဂိုးကတောင်မှ သူတို့ ရခဲ့တဲ့ ဂိုးတွေထက် ပိုပြီး လှပပါသေးတယ် ။ ကျွန်တော်တို့ ရခဲ့တဲဂိုးက အသင်းလိုက်ဂိုးမျိုးပါ ။ tempo မြင့်မြင့် ၊ ဘောလုံး ပေးပို့မှု အကြိမ်ရေ ၂၀လောက် လုပ်ပြီးမှ ရခဲ့တဲ့ဂိုးမျိုး ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

နယ်သာလန်ဟာ ကွာတားဖိုင်နယ် အဆင့်မှာ နောက်ထပ် တောင်အမေရိက အင်အားကြီး အသင်း တသင်း ဖြစ်တဲ့ အာဂျင်တီးနားနဲ့ ထိပ်တိုက် ရင်ဆိုင်ရမှာ ဖြစ်ပြီး ၊ ထုံးစံအတိုင်း လီယွန်နယ် မက်ဆီဟာ ဒီပွဲမှာ လူအများ စောင့်ကြည့်ကြမယ့် ကစားသမား ဖြစ်လာဖို့ ရှိပါတယ် ။

မက်ဆီနဲ့ အာဂျင်တီးနားကို ဘယ်လို တားဆီးယူသွားမလဲ ဆိုတာနဲ့ ပတ်သက်ပြီးလည်း ဗန်ဟားလ် က ” မက်ဆီဟာ အန္တရာယ် အရှိဆုံး ၊ ဖန်တီးမှု အလုပ်နိုင်ဆုံး ကစားသမား ဖြစ်ပါတယ် ။ သူဟာ သူ့အသင်းဖော်တွေ အတွက် ဖန်တီးမှု အများကြီး လုပ်နိုင်ရုံမက ၊ ကိုယ်တိုင်လည်း ဂိုးတွေ သွင်းယူတတ်ပါတယ် ။ ”

” ဒါပေမယ့် အသင်းက ဘောလုံး ဆုံးရှုံးပြီး ၊ ပြိုင်ဖက်ရဲ့ ခြေထဲ ဘောလုံး ရှိနေတဲ့အချိန်မှာဆို သူ အများကြီး ပူးပေါင်း မကစားပေးနိုင်ပါဘူး ။ ဒါက ကျွန်တော်တို့ ကောင်းကောင်း အသုံးချရမယ့် အခွင့်အရေး ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR