ဘရာဇီးဟာ တောင်ကိုရီးယားကို ချေမှုန်းကာ ပြိုင်ဘက်တွေကို သတိပေးလိုက်ပြီလို့ ဆိုလိုက်တဲ့ ခရစ်ဆက်တန်

ခရစ်ဆက်တန်က ဘရာဇီးဟာ မနေ့ညက တောင်ကိုရီးယားကို ဂိုးပြတ် ခြေပြတ်နဲ့ အနိုင်ယူကာ သူတို့ရဲ့ ကမ္ဘာ့ဖလား ပြိုင်ဘက် အသင်းတွေကို ကောင်းကောင်း သတိပေးလိုက်ပြီလို့ ဆိုလိုက်ပါတယ်။ နည်းပြ တီတေးရဲ့ အသင်းဟာ တောင်ကိုရီးယားကို ဗီနီရှက်စ် နေမာ ရစ်ချာလဆင် ပါကေတာ တို့ရဲ့ ဂိုးတွေနဲ့ အတူ ပထမပိုင်းမှာ ကတည်းက ၄-၀ နဲ့ အနိုင်ယူထားခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ ဘရာဇီးဟာ အင်အားခြွေတာပြီး ပွဲကို ထိန်းချုပ် ကစားသွားခဲ့ကာ တောင်ကိုရီးယားကို ၄-၁ နဲ့ အနိုင်ယူပြီး ကွာတားဖိ်ုင်နယ်မှာ ခရိုအေးရှားနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ခရစ်ဆက်တန်ကတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် အဆင့်ကို ၈ ကြိမ်ဆက် တက်ရောက်နိုင်ခဲ့တဲ့ ကမ္ဘာ့နံပါတ် ၁ ဘရာဇီးကို ချီးကျူးသွားခဲ့ပါတယ်။

ဆက်တန်က “သူတို့ရဲ့ ခြေစွမ်းက တကယ့်ကို ကြောက်စရာပါပဲ။ ဘရာဇီးဟာ ပြိုင်ပွဲမှာ ကျန်ရှိနေတဲ့ အသင်းအားလုံးကို ‘ငါတို့ ဒီမှာ ရှိနေတယ်’ ဆိုပြီး ပြောလိုက်သလို ပါပဲ။ ဘရာဇီး အနေနဲ့ တောင်ကိုရီးယားကို ၈ ဂိုးလောက် သွင်းယူနိုင်မယ့်ပုံ ရှိခဲ့ပါတယ်။ ဘရာဇီးဟာ ဒါတောင် တိုက်စစ်ပိုင်းမှာ အခွင့်အရေးတွေ အများကြီး ဖြုန်းတီးခဲ့တာပါ။

တောင်ကိုရီးယား ကတော့ ဒီပြိုင်ပွဲမှာ သူတို့ရဲ့ စွမ်းဆောင်ရည် အပေါ် ဂုဏ်ယူနေလို့ ရပါတယ်။ ပထမပိုင်းမှာတင် ဒီလို ဂိုးပြတ် ရှုံးနိမ့်နေခဲ့တာကြောင့် သူတို့ စိတ်ဓာတ်ကျသွားလို့ ရခဲ့ပေမယ့် သူတို့ဟာ အလုပ်ကို အပြင်းအထန် ကြိုးစား ကစားခဲ့ကာ ချေပဂိုးလည်း ရခဲ့ပြီး နောက်ဆုံး အချိန်ထိ ယှဉ်ပြိုင် ကစားသွားခဲ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ရွိုင်ကိန်း ကလည်း ဘရာဇီးရဲ့ ကစားပုံဟာ တကယ့်ကို ကြည့်ကောင်းတယ်လို့ ပြောသွားခဲ့ပါသေးတယ်။

ကိန်းက “ဘယ်အရာက ကြီးကြယ်တဲ့ အသင်း ဖြစ်စေသလဲဆိုတာ သူတို့ အနေနဲ့ ဘောလုံး မရှိတဲ့ အချိန်မှာ ဘာကို လုပ်သလဲ ဆိုတာကို ကြည့်ရင် သိနိုင်ပါတယ်။

ဘရာဇီးမှာ အရည်အသွေးမြင့် ကစားသမားတွေ ရှိနေပါတယ်။ ဒါကို ဒီညမှာ ကျွန်တော်တို့ တွေ့ခဲ့ပါတယ်။ သူတို့ရဲ့ ကစားဟန်ကို ကွင်းထဲကနေ တိုက်ရိုက် ကြည့်ရှုရတာဟာ နှစ်သက်စရာပါပဲ။ လျှင်မြန်တဲ့ ဘောလုံးပေးပို့မှုတွေနဲ့ အတူ သူတို့ဟာ ရိုးရှင်းစွာ ကစားသွားခဲ့သလို ရှိပေမယ့် ဒီလို မဟုတ်ပါဘူး။ သူတို့ရဲ့ ကစားဟန်ကို တစ်နေ့လုံးတောင် ထိုင်ကြည့်ချင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM