တောင်ကိုးရီးယားကို ဂိုးပြတ် အနိုင်ရကာ ၊ ကွာတားဖိုင်နယ်သ်ို့ တက်လှမ်းနိုင်ခဲ့ပြီးနောက် ဝန်ခံမှု တခု ပြုလုပ်လာတဲ့ နေမာ

မနေ့ည နှောင်းပိုင်းက ကစားသွားခဲ့တဲ့ ဘရာဇီး – တောင်ကိုးရီးယား ၁၆သင်း ရှုံးထွက်အဆင့်ပွဲမှာ နာမည်ကြီး ဘရာဇီးတို့ ပထမပိုင်းမှာတောင် ၄ဂိုးပြတ်သွင်းပြီး ဦးဆောင်ခဲ့ကာ ၊ ပွဲအပြီးမှာ ၄ – ၁ ရလဒ်နဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်အဆင့်သို့ ထိုက်ထိုက်တန်တန် တက်လှမ်းခဲ့ပါတယ် ။

ဒီပွဲမှာ ဆားဘီးယားနဲ့ အုပ်စု အဖွင့်ပွဲတုန်းက ခြေကျင်းဝတ် ဒဏ်ရာခဲ့တဲ့ နေမာ ဘရာဇီး အတွက် ပွဲထွက် ပြန်ပါခဲ့ပြီး ၊ ပင်နယ်တီကနေတဆင့် အသင်းရဲ့ ဒုတိယ ဦးဆောင်ဂိုးကို အမှားအယွင်းမရှိ အဆုံးသတ် သွင်းယူခဲ့ပါတယ် ။

ယခု ကာတာ ကမ္ဘာ့ဖလားဟာ အသက် ၃၀ အရွယ်ရှိ နေမာရဲ့ နောက်ဆုံး ကမ္ဘာ့ဖလား ဖြစ်လာဖွယ် ရှိတယ်လို့ ခန့်မှန်း သုံးသပ်မှုတွေ ရှိထားပြီး ၊ မနေ့က ပွဲပြီး အင်တာဗျူးမှာတော့ နေမာ ကိုယ်တိုင်က အဖွင့်ပွဲက ဒဏ်ရာကြောင့် ယခု ပြိုင်ပွဲ တလျှောက် ပြန်မကစားရတော့မှာကို စိုးရိမ်မိကြောင်း ဖွင့်ဟ ဝန်ခံခဲ့ပါတယ် ။

နေမာ က ” ဒီကမ္ဘာ့ဖလားမှာ နောက်တခါ ထပ်မကစားရတော့မှာကို ကျွန်တော် စိုးရွံ့ခဲ့မိပါတယ် ။ ဒါပေမယ့် ကျွန်တော့မှာ မိတ်ဆွေတွေ ၊ မိသားစုဝင်တွေဆီက အားပေးထောက်ခံမှုတွေ အပြည့်အဝ ရခဲ့ပြီး ၊ ဒီကနေတဆင့် ကျွန်တော်ဟာ အတတ်နိုင်ဆုံး မရမက ခွန်အားတွေ ရှာဖွေပြီး ပြန်လာဖို့ ကြိုးစားခဲ့ပါတယ် ။ ”

” အခုတော့ ကျွန်တော့ ခြေကျင်းဝတ်က ဘာနာကျင်မှုမှ မခံစားရတော့ပါဘူး ။ ကျွန်တော့ရဲ့ စွမ်းဆောင်ရည်ကလည်း ကောင်းကောင်းမွန်မွန် ရှိခဲ့ပြီး ၊ ဒီအတွက် ကျွန်တော် စိတ်ကျေနပ်မှု ရှိပါတယ် ။ ဒီလိုသာ ပြောရပေမယ့် ၊ ကျွန်တော်တို့ဟာ အမြဲတမ်း တိုးတက်အောင် လုပ်လို့ ရနိုင်သေးပြီး ၊ ဒီအတွက် ကျွန်တော်တို့ ကြိုးစားနေကြတာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ လီဗာပူး မန်နေဂျာဟောင်း ဂရေမီ ဆောင်းနက်စ်က နေမာဟာ တချိန်က ခရစ်တီယာနို ရော်နယ်ဒို ၊ လီယွန်နယ် မက်ဆီတို့ရဲ့ ကမ္ဘာ့ အကောင်းဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို ဆက်ခံဖို့ ရေပန်းစားခဲ့ဖူးပေမယ့် ၊ ခုချိန်ထိ ထိုအဆင့်နဲ့ နီးစပ်မှု မရှိသေးကြောင်း ITV ရုပ်သံဌာနရဲ့ ပွဲပြီး သုံးသပ်ချက် အစီအစဉ်မှာ အခုလိုပဲ ဝေဖန်သွားပါတယ် ။

ဂရေမီ ဆောင်းနက်စ် က ” ကျွန်တော် နေမာဆီကနေ အခုထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေ မြင်ချင်ပါသေးတယ် ။ သူ့မှာ မယုံနိုင်ဖွယ် ပင်ကို အရည်အချင်းတွေ ရှိပါတယ် ။ သူဟာ မက်ဆီ ၊ ရော်နယ်ဒိုတို့ရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူလို့တောင် တခေတ်တခါက တင်စားခံခဲ့ရတာပါ ။ ”

” ဒါပေမယ့် ကျွန်တော့ အတွက်တော့ သူဟာ အဲလို အဆင့်မျိုးနဲ့ အခုအချိန် အထိ နီးစပ်မှု ရှိမနေသေးဘူးလို့ ထင်ပါတယ် ။ ဒီမှာထိုင်ပြီး သူက အရည်အချင်း မရှိဘူးလို့တော့ ကျွန်တော် ပြောနေမှာ မဟုတ်ပါဘူး ။ ဒါပေမယ့် သူ့မျက်လုံးတွေထဲမှာ အရာရာကို လွယ်လွယ်တွက်တဲ့ ခံယူချက်မျိုး ရှိနေပါတယ် ။ ”

” အရာရာက သူထင်ထားသလို ဖြစ်နေတဲ့အချိန် ၊ ကိုယ့်ကိုယ်ကို အလွယ်နည်းနဲ့ပဲ ဆက်သွားတဲ့ သူ့ရဲ့ အကျင့်စရိုက်ကို ကျွန်တော် စိတ်ပျက်မိပါတယ် ။ ကျွန်တော်ဟာ အပျော်တွေကို ဖျက်ဆီးတဲ့ သဘောမျိုးနဲ့ ဒါကို ပြောတာ မဟုတ်ပါဘူး ။ ဘာလို့လဲဆိုတော့ ဒီနေ့မှာ ဘရာဇီး ပြသသွားတဲ့ စွမ်းဆောင်ရည် အချို့က အံ့သြဖွယ်ကောင်းခဲ့လို့ပါ ။ ”

” ဒါပေမယ့် နေမာ တကိုယ်တော် skill တွေ ထုတ်ပြလွန်းတာကို ကျွန်တော်ကတော့ မနှစ်သက်ပါဘူး ။ တချို့လူတွေကတော့ ကြိုက်ကောင်း ကြိုက်ကြမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဘရာဇီးဟာ ကွာတားဖိုင်နယ် အဆင့်မှာ ဂျပန်ကို ပင်နယ်တီ အဆုံးအဖြတ်မှာ နိုင်ခဲ့တဲ့ ခရိုအေးရှားနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ် ။

SPORTS MYANMAR