ဆီနီဂေါနဲ့ပွဲစဉ်မှာ အထူးခြေစွမ်းပြကစားခဲ့တဲ့ ဘယ်လင်ဟမ်ကို ဝိုင်း၀န်းချီးကျူးခဲ့ကြတဲ့ ဂယ်ရီနဗီး နဲ့ ဖိုဒန်

ဂယ်ရီနဗီးက မနေ့ညက ဆီနီဂေါကို အနိုင်ရရှိခဲ့တဲ့ ကမ္ဘာ့ဖလား နိုင်ပွဲမှာ အင်္ဂလန် အတွက် အထူး ခြေစွမ်းပြ ကစားခဲ့တဲ့ ဂျူ့ဘယ်လင်ဟမ်ဟာ ပြီးပြည့်စုံတဲ့ ကစားသမား ဖြစ်လာရန် နီးစပ်နေပြီလို့ အင်္ဂလန် နောက်ခံလူဟောင်း ဂယ်ရီနဗီးက ဆိုလိုက်ပါတယ်။ အင်္ဂလန် ဆယ်ကျော်သက် ကစားသမားဟာ ဂါရက်ဆောက်ဂိတ်ရဲ့ အသင်း အာဖရိက ချန်ပီယံကို ၃-၀ နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ် တက်ခဲ့တဲ့ ပွဲစဉ်မှာ ဂိုးဖန်တီးမှု တစ်ကြိမ် နဲ့ ကွင်းလယ်ကနေ စူပါခြေစွမ်းကို ပြသပေးခဲ့ပါတယ်။

 

ဒေ့ါမွန် ကွင်းလယ်လူဟာ ဒီပြိုင်ပွဲမှာ အင်္ဂလန်ရဲ့ အဓိက ကစားသမား အဖြစ် ထွက်ပေါ်လာခဲ့သူ ဖြစ်ပြီး ဆောက်ဂိတ်ရဲ့ ပွဲထွက် စာရင်းမှာ နေရာ တစ်နေရာ အခိုင်အမာ ရယူထားနိုင်ခဲ့တဲ့ ပုံစံပါပဲ။ နဗီးက အသက် ၁၉ နှစ် အရွယ် ကစားသမားဟာ အင်္ဂလန်ရဲ့ ပွဲထွက်စာရင်းနဲ့ တကယ့်ကို ထိုက်တန်မှု ရှိတယ်လို့ ဆိုလိုက်ပြီး ဘယ်လင်ဟမ်ရဲ့ ရင့်ကျက်မှုနဲ့ အရည်အသွေးတွေကို ချီးကျူးသွားခဲ့ပါတယ်။

နဗီးက “တိုက်စစ်ပိုင်းကို လိုက်ပါ ပံ့ပိုးရာမှာ ဒီလိုမျိုး သက်တောင့်သက်သာ ကစားနိုင်တဲ့ ကွင်းလယ်လူ တစ်ဦးကို မြင်ရခဲပါတယ်။ သူ့ကြည့်ရတာ အရာအားလုံး လုပ်နိုင်တဲ့ ပုံစံမျိုးပါပဲ။ သူဟာ ကွင်းလယ် အထိုင် ကစားသမားလား ဒါမှမဟုတ် ကွင်းလယ် တိုက်စစ် ကစားသမားလား? သူ့မှာ အရာအားလုံး ရှိနေပါတယ်။ သူဟာ တအားကို ထူးချွန်ကာ တအားလည်း ငယ်ပါသေးတယ်။ ဒါပေမယ့် သူ့ရဲ့ တည်ငြိမ် ရင့်ကျက်မှု နဲ့ အကြောက်အရွံ့ ကင်းမဲ့စွာ ကစားနိ်ုင်မှုတွေ ကတော့ မချီးကျူးဘဲ မနေနိုင်ပါဘူး။

ကျွန်တော်ဟာ နှစ်ပေါင်းများစွာ အင်္ဂလန် အတွက် ကစားသမားတွေ ကစားပေးခဲ့တာကို ကြည့်လာခဲ့သူပါ။ ဒီအကျီရဲ့ ဖိအားဟာ တအားကို ကြီးမားပါတယ်။ သူ့ကြည့်ရတာ ဘာကိုမှ မခံစားရတဲ့ ပုံစံမျိုးပါပဲ။ သူ့ကြည့်ရတာ အင်္ဂလန်မှာ နေရာတစ်နေရာကို အပိုင်လိုချင်တဲ့ပုံ သူ့ဘ၀မှာ ဒါကို လိုအပ်တဲ့ ပုံစံမျိုး ဖြစ်နေကာ ဒီနေရာနဲ့ ထိုက်တန်မှု ရှိနေသလိုပါပဲ။” လို့ ချီးကျူးလိုက်ပါတယ်။

အင်္ဂလန် အသင်းဖော် ဖီးလ်ဖိ်ုဒန် ကလည်း ဘယ်လင်ဟမ်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကွင်းလယ်လူ ဖြစ်လာနိုင်တယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

ဖိုဒန်က “ကျွန်တော် သူ့ကို ဖိအားတွေ အများကြီး မပေးချင်ပါဘူး။ ဘာလို့လဲဆိုတော့ သူဟာ တအားကို ငယ်သေးလို့ပါ။ ဒါပေမယ့် သူဟာ ကျွန်တော် မြင်တွေ့ခဲ့ဖူးတဲ့ ပါရမီရှင် ကစားသမားတွေ ထဲက တစ်ဦးပါ။ သူ့ဆီမှာ ဘာအားနည်းချက်ကိုမှ ကျွန်တော် မမြင်မိပါဘူး။ သူ့ဆီမှာ အရာအားလုံး ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကွင်းလယ်လူ ဖြစ်လာလိမ့်မယ် ဆိုတာ ကျွန်တော့် ဘက်က သေချာပါတယ်။” ဆိုပြီး ချီးကျူးခဲ့ပါတယ်။

ဘယ်လင်ဟမ် နဲ့ အင်္ဂလန်ဟာ လာမည့် စနေနေ့မှာ လက်ရှိ ကမ္ဘာ့ချန်ပီယံ ပြင်သစ်နဲ့ ကွာတားဖိုင်နယ် ပွဲစဉ်ကို ကစားသွားရမှာ ဖြစ်ပါတယ်။

SM