အမေရိကန်နဲ့ ပွဲမှာ နယ်သာလန် အတွက် အထူး ခြေစွမ်းပြခဲ့ပြီးနောက် ၊ ချဲလ်ဆီး အသင်းနဲ့ အပြောင်းအရွှေ့ ကောလဟလ အကြောင်း မှတ်ချက်ပေးလာတဲ့ ဒမ်ဇဲလ် ဒမ်းဖရီးစ်

မနေ့ညက ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ၁၆သင်း ရှုံးထွက်အဆင့်ရဲ့ ပထမဆုံးပွဲမှာ အုပ်စု A ရဲ့ ဗိုလ်နေရာက နယ်သာလန် အသင်းဟာ အုပ်စု B ရဲ့ ဒုတိယ နေရာက အမေရိကန် အသင်းကို ၃ – ၁ ရလဒ်နဲ့ အနိုင်ရခဲ့ကာ ၊ ကွာတားဖိုင်နယ် အဆင့်သို့ တက်လှမ်းသွားပြီ ဖြစ်ပါတယ် ။

ပွဲစစချင်း အမေရိကန်ရဲ့ တိုက်စစ် ထိုးဖောက်ပုံ ကောင်းခဲ့ပြီး ၊ ခရစ်တီယန် ပူလီဆစ်ရဲ့ ကန်ချက်ကို နယ်သာလန် ဂိုးသမား နော့ပတ်က ကာကွယ်မှု စလုပ်ခဲ့ရပါတယ် ။ ဒီပွဲရဲ့ အဖွင့်ဂိုးကိုတော့ ပွဲချိန် ၁၀မိနစ်မှာ ညာ wing-back ဒမ်ဇဲလ် ဒမ်းဖရီးစ်ရဲ့ ဖြတ်ပေးမှုကတဆင့် နယ်သာလန် တိုက်စစ်မှူး မမ်းဖစ် ဒီပိုင်းက စတင် သွင်းယူခဲ့ပါတယ် ။

အဲဒီနောက် နယ်သာလန်တို့ တန်ပြန်တိုက်စစ် ချောင်းမြောင်းကစားရင်း ၊ ပထမပိုင်း ပြီးခါနီးမှာ ဒမ်းဖရီးစ်ရဲ့ ဖန်တီးမှုကို ဘယ် wing-back ဒေလီ ဘလင်းက first time ကန်ချက်နဲ့ အဆုံးသတ်သွားခဲ့ပါတယ် ။ ဒုတိယပိုင်းမှာတော့ နယ်သာလန်တို့ ခံစစ်ကို ပိုအာရုံစိုက်ကာ ၊ Clean Sheet ရယူနိုင်ဖို့ ဦးတည်သွားခဲ့ပါတယ် ။

အမေရိကန်ဖက်က ဟတ်ဂျီရိုက်ရဲ့ ချေပဂိုးက ကြောင်တောင်တောင်နိုင်ခဲ့ပေမယ့် ၊ ထိုဂိုးအပြီး ၅မိနစ် အကြာမှာ wing-back ချင်း ချိတ်ဆက်မှုကတဆင့် ဒမ်းဖရီးစ်ကပဲ တတိယဂိုး သွင်းကာ ပွဲသိမ်းပေးခဲ့ပါတယ် ။ Man of the Match ခြေစွမ်းကြောင့် ဒမ်းဖရီးစ်ရဲ့ တန်ကြေးဟာ ခါတိုင်းထက် ပိုတက်လာမှာ မလွဲဧကန် ဖြစ်ပါတယ် ။

ပွဲအပြီး The Athletic သတင်းဌာနနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာတော့ အသက် ၂၆နှစ် အရွယ်ရှိ ဒမ်းဖရီးစ်က ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်း ချဲလ်ဆီး အသင်းနဲ့ သတင်းတွေ ထွက်ခဲ့တဲ့ အပေါ် အခုလိုပဲ မှတ်ချက်ပြု ဖြေကြားခဲ့ပါတယ် ။

ဒမ်းဖရီးစ် က ” ဟုတ်ပါတယ် ။ ဒါက ကျွန်တော့ကို အမွှမ်းတင်တဲ့ အပြောင်းအရွှေ့ ကောလဟလမျိုး ဖြစ်ပါတယ် ။ ဒါပေမယ့် အင်တာမီလန်ရဲ့ ဂျာစီကို ဝတ်ဆင်တဲ့ အခိုက်အတန့်တွေဟာလည်း ကျွန်တော့ အတွက် ကြီးမားတဲ့ ချီးမြှောက်မှု တခုပါပဲ ။ ”

” လောလောဆယ်မှာ ကျွန်တော်ဟာ နိုင်ငံ လက်ရွေးစင် အသင်း အတွက် အာရုံစိုက်နေပါတယ် ။ ကျွန်တော်ဟာ အီတလီက အရမ်း အရမ်း လှပတဲ့ ကလပ် တသင်း အတွက် ကစားပေးနေတာပါ ။ အင်တာ အတွက် ကစားခွင့် ရလို့ ကျွန်တော် အရမ်း ဂုဏ်ယူပါတယ် ။ ”

” ဒီအတွက်ကြောင့် ကျွန်တော့ အနေနဲ့ လောလောဆယ်မှာ နယ်သာလန်နဲ့ အင်တာ အတွက် အပြည့်အဝ အာရုံစိုက်ပေးရုံကလွဲပြီး ၊ တခြား ဘာမှမရှိပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။ တဖက်မှာ နယ်သာလန်ဟာ မနေ့ညက ပွဲမှာ ဘောလုံး ပိုင်ဆိုင်မှုထက် ပွဲထိန်းချုပ်နိုင်မှု အပိုင်း ၊ အခွင့်အရေး ဖန်တီးမှု အပိုင်းသာ ပိုမို အာရုံစိုက် ကစားသွားခဲ့ပါတယ် ။

ဒါနဲ့ ပတ်သက်ပြီးလည်း ဒမ်းဖရီးစ် က ” နယ်သာလန်မှာ ကျွန်တော်တို့ဟာ ဘောလုံး ကိုင်ကစားတာသာ များပါတယ် ။ ဒီတော့ ဒီနေ့ ပွဲကစားပုံက ထူးခြားမှု ရှိခဲ့တယ်လို့ ဆိုရမှာပါ ။ ကျွန်တော်တို့ အနေနဲ့ ဒီနည်းစနစ် ပြီးပြည့်စုံစွာ အလုပ်ဖြစ်ဖို့ ဆက်လက် အာရုံစိုက်ရမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

နယ်သာလန် ဟာ ဒီနိုင်ပွဲအပြီး ကွာတားဖိုင်နယ်မှာ တဖက်က သြစတြေးလျကို ၂ – ၁ နဲ့ အနိုင်ရခဲ့တဲ့ အာဂျင်တီးနားနဲ့ ထိပ်တိုက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ် ။

SPORTS MYANMAR