ပိုလန်နဲ့ ပွဲမတိုင်မှီ သူတို့ အသင်းကို အန္တရယ် အပေးနိုင်ဆုံး ကစားသမား နာမည် ပြောပြလိုက်တဲ့ ဒေးရွမ့်စ်

လက်ရှိ ကမ္ဘာ့ဖလား ချန်ပီယံ ပြင်သစ် အသင်းဟာ ဒီနေ့မှာ ၁၆ သင်း အဆင့် ရှုံးထွက် ပွဲစဥ် အဖြစ် ပိုလန် အသင်း နဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ် ။ ပြင်သစ် နည်းပြ ဒေးရွမ့်စ် ကတော့ ပိုလန် နဲ့ ပွဲမတိုင်မှီ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ တိုက်စစ်မှူး လီဝန်ဒေါစကီး ကို သတိထားရမယ်လို့ ပြောကြား သွားခဲ့ပါတယ် ။

အသက် ၃၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ လီဝန်ဒေါစကီး ဟာ ဆော်ဒီအာရေးဘီးယား နဲ့ ပွဲမှာ သူ့ရဲ့ ပထမဆုံး ကမ္ဘာ့ဖလား သွင်းဂိုး ကို သွင်းယူ နိုင်ခဲ့ပါတယ် ။ပိုလန် အသင်း ရဲ့ကစားပုံကြောင့် လီဝန်ဒေါစကီး ဟာ လက်ရှိ ကမ္ဘာ့ဖလားမှာ အခွင့်အရေး များများစားစား ရရှိခြင်းတော့ မရှိပါဘူး ။

ပြင်သစ် လက်ရွေးစင် နည်းပြ ဒေးရွမ်စ့် ကတော့ လီဝန်ဒေါစကီး ဟာ အခွင့်အရေး တစ်ကြိမ် ရတာနဲ့ အဲ့ဒီ အခွင့်အရေးကို ဂိုးအဖြစ် ပြောင်းလဲ နိုင်တဲ့ ကစားသမား ဖြစ်တာကြောင့် ပြင်သစ် အတွက် အန္တရယ် ရှိတယ်လို့ ဆိုလိုက်ပါတယ် ။

” လီဝန်ဒေါစကီး က သိပ်ကို အဆုံးသတ် သေချာတဲ့ တိုက်စစ်မှူး တစ်ဦးဆိုတာ အားလုံး ငြင်းစရာ ဖြစ်မယ် မထင်ပါဘူး ။ အဲ့ဒီလို ကစားသမားမျိုး နဲ့ ရင်ဆိုင်ရတဲ့ ပွဲမှာ သူ လုပ်ပြခွင့် မရအောင် လိုက်လံ ကန့်သတ်ဖို့ လိုအပ်ပါတယ် ၊ သူ့ဆီ ဘောလုံးရောက်တာ နည်းလေ သူ လုပ်နိုင်တဲ့ အရာ နည်းလေပါပဲ ။ ”

” သူက အင်မတန် ပါးနပ်မှု ရှိတဲ့ တိုက်စစ်မှူး တစ်ဦးပါ ၊ နည်းစနစ်ပိုင်း လည်း အတော်လေး ထူးချွန် ကောင်းမွန်ပါတယ် ၊ သူ့ရဲ့ ခန္ဓာကိုယ်ကို ဘယ်လို ပါးပါးနပ်နပ် အသုံးချ ရမလဲ သိပါတယ် ၊ အုပ်စု အဆင့်မှာတုန်းက သူ ဘောလုံး များများစားစား မရခဲ့ပါဘူး ။ ”

” ဒါပေမယ့် သူက အခွင့်အရေး တစ်ကြိမ်လောက် ရတာနဲ့ သူက သိပ်ကို အန္တရယ် ပေးနိုင်ပါတယ် ။ ဒါကြောင့် သူ့ကိုချည်းပဲ အရမ်းကြီး အာရုံစိုက်နေဖို့တော့ မလိုအပ်ပါဘူး ၊ တခြား ကစားသမားတွေကိုလည်း သတိထားဖို့ လိုအပ်ပါတယ် ။ ”

” ကျနော်တို့ရဲ့ ပြိုင်ဘက် အသင်းအနေနဲ့လည်း ကျနော်တို့ရဲ့ ကစားသမားကောင်းတွေကို သတိထားဖို့ လိုပါတယ် ။ ဒါပေမယ့် မှန်ပါတယ် ၊လီဝန်ဒေါစကီး က သိပ်ကို အန္တရယ် များတဲ့ ကစားသမား တစ်ဦးပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

လီဝန်ဒေါစကီး ဟာ ဒီကမ္ဘာ့ဖလားမှာ ဂိုးပေါက် ကန်သွင်းမှု ၇ ကြိမ်သာ လုပ်ထားရပြီး တစ်ပွဲကို ပျှမ်းမျှ ၂.၃ ကြိမ်သာ ကန်ခွင့် ရထားပါတယ် ။ လီဝန်ဒေါစကီး ဟာ ဘာစီလိုနာ အသင်းမှာတော့ တစ်ပွဲ ပျှမ်းမျှ ၃.၉၂ ကြိမ် ကန်ခွင့် ရရှိ ထားပါတယ် ။

SM