ကမ္ဘာ့ဖလားမှာ တောက်ပနေတဲ့ ကြယ်ပွင့် ၂ဦးကို ခေါ်ယူသွားဖို့ ချဲလ်ဆီး အသင်းထံ တိုက်တွန်းလိုက်တဲ့ ဝိန်းဘရစ်ခ်ျ

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်း ပေါင်သန်း ၂၅၀ ဝန်းကျင် သုံးစွဲကာ ၊ ကစားသမားသစ် အများအပြား ခေါ်ယူပြီးသည့်တိုင် ၊ လာမယ့်နှစ် နွေရာသီမှာလည်း ငွေကြေး သုံးစွဲမှုတွေ ရပ်တန့်ဦးမှာ မဟုတ်ပဲ ၊ ကွင်းလယ်ကို အဓိက အင်အားဖြည့်နိုင်ဖို့ ကြိုးစားမှာ ဖြစ်ပါတယ် ။

လက်ရှိ ချဲလ်ဆီး အသင်းရဲ့ ပစ်မှတ် ကွင်းလယ်လူတွေထဲမှာ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ အဓိက ကစားသမား ၂ဦး ဖြစ်တဲ့ ဒေါ့မွန် ကွင်းလယ်လူ ဂျုဒ်ဘယ်လင်ဂမ်နဲ့ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်တို့လည်း အပါအဝင် ဖြစ်ပါတယ် ။

၂ဦးလုံးဟာ ပရီးမီးယားလိဂ် အင်အားကြီး ကလပ်တွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝ ရထားတဲ့အပြင် ၊ သက်ဆိုင်ရာ ကလပ်တွေကလည်း ၄င်းတို့ကို လွယ်လွယ်နဲ့ လက်လွှတ်မှာ မဟုတ်တာကြောင့် စံချိန်တင်လောက်တဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့မှသာ ခေါ်ယူရန် ဖြစ်နိုင်ဖို့ ရှိပါတယ် ။

ချဲလ်ဆီးနဲ့ မန်စီးတီး နောက်ခံလူဟောင်း ဝိန်းဘရစ်ခ်ျကတော့ ၄င်းရဲ့ အသင်းဟောင်း ချဲလ်ဆီး အနေနဲ့ နဂို အင်္ဂလန်သား အချို့ အသင်းမှာ ရှိနေပြီ ဖြစ်တာကြောင့် ၊ ဘယ်လင်ဂမ်နဲ့ ရိုက်စ်တို့ကိုသာ ခေါ်ယူနိုင်လိုက်ရင် ပြီးပြည့်စုံသွားမှာ သေချာပေမယ့် ၊ ထိုစတား ၂ဦးလုံးဟာ ပျိုတိုင်းကြိုက် နှင်းဆီခိုင် ဖြစ်နေတာကြောင့် ခေါ်ယူဖို့ မလွယ်ကူကြောင်း သုံးသပ်ခဲ့ပါတယ် ။

Football London နဲ့ တွေ့ဆုံခဲ့ရာမှာ ဝိန်းဘရစ်ခ်ျ က ” သူတို့တွေဟာ အနာဂတ် ကြယ်ပွင့်တွေ မဟုတ်လား ။ ထိပ်တန်း ခြေစွမ်း အဆင့်မှာ ရှိနေကြတဲ့ လူငယ် ကစားသမားတွေပါ ။ ဂျုဒ်ဆို အရမ်းတော်တဲ့ ချာတိတ်လေးပါ ။ လက်ရှိ အင်္ဂလန် အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေထဲမှာ သူလည်း အပါအဝင် ဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ် ။ ”

” သူဟာ အင်္ဂလန် အတွက်လည်း အချိန် အကြာကြီး ကစားပေးနေဦးမှာပါ ။ ဒက်ကလန်ကတော့ အင်္ဂလန်ရဲ့ ကွင်းလယ်မှာ ခံစစ် အထိုင်ဆော့ပါတယ် ။ သူဟာ အသင်း အတွက် ရံဖန်ရံခါ ကစားကွက် တည်ပေးနိုင်ပါတယ် ။ သူဟာ မက်ခီလီလီ စတိုင်လ်မျိုး ကစားနေတာပါ ။ ”

” ခံစစ်ကူတဲ့ နေရာမှာလည်း ကျွမ်းကျင်သလို ၊ ဘောလုံးပေးပို့တဲ့ နေရာမှာလည်း တော်ပါတယ် ။ သူဟာ အရည်အချင်း အရမ်းရှိတဲ့ ကစားသမား တယောက် ဖြစ်ရုံမက ၊ ပါးနပ်ထက်မြက်တဲ့ ကစားသမားလည်း ဖြစ်ပါတယ် ။ သူတို့ ၂ယောက်လုံးကို ချဲလ်ဆီးမှာ ကျွန်တော် မြင်ချင်ပါတယ် ။ ”

” အခုခေတ် ပရီးမီးယားလိဂ်မှာ ခင်ဗျားဟာ ကစားသမားကောင်း အမြောက်အမြား လိုပါတယ် ။ ခင်ဗျား အသင်းဟာ ပွဲထွက် ၁၁ယောက်တည်းပဲ ကောင်းနေလို့ မရပါဘူး ။ ၂၂ယောက် ၊ ၂၅ယောက်လုံးက ကောင်းနေဖို့ လိုပါတယ် ။ သူတို့ဟာ ချဲလ်ဆီး အတွက် ပြီးပြည့်စုံတဲ့ ခေါ်ယူမှုတွေ ဖြစ်စေမှာပါ ။ ”

” အထူးသဖြင့် သူတို့ ၂ယောက်လုံး အင်္ဂလန်သားတွေ ဖြစ်ကြတာကြောင့် ချဲလ်ဆီးကို ပြောင်းရွှေ့ဖြစ်ခဲ့တယ်ဆိုရင် ၊ ခင်ဗျားဟာ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ အဓိက ကျောရိုးတိုင်ကို ရလိုက်မှာပါ ။ ရိုမန် အေဘရာမိုဗစ်ခ်ျကြောင့် ချဲလ်ဆီးဟာ အင်္ဂလိပ် ကစားသမားကောင်းလေးတွေ အများကြီး မွေးထုတ်ထားနိုင်ခဲ့ပါတယ် ။ ”

” ကျွန်တော့ အတွက်တော့ သူတို့ ၂ယောက်ဟာ စဉ်းစားစရာတောင် မလိုတဲ့ ခေါ်ယူမှုတွေ ဖြစ်ပါတယ် ။ မေးစရာရှိတာက ချဲလ်ဆီးက သူတို့ ၂ယောက်လုံးကို ခေါ်နိုင်ရဲ့လား ဆိုတာပါပဲ ။ သူတို့ကို လိုချင်တဲ့ အသင်းတွေ အများကြီး ရှိမှာ သေချာပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR