ဥရုဂွေးကို ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာစေခဲ့ရတာဟာ အခြားပွဲစဉ်က ဒိုင်လူကြီးရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကြောင့် ဖြစ်တယ်လို့ ဆိုလိုက်တဲ့ အလွန်ဆို

ဒီယေဂိုအလွန်ဆိုက ဥရုဂွေးတို့ ကမ္ဘာ့ဖလား ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရခြင်းဟာ အုပ်စု H ဒုတိယ ပွဲစဉ် ဖြစ်တဲ့ ပေါ်တူဂီနဲ့ ပွဲမှာ ဒိုင်လူကြီး ပေးခဲ့တဲ့ နောက်ကျ ပင်နယ်တီကြောင့် ဖြစ်တယ်လို့ အပြစ်တင်လိုက်ပါတယ်။ La Celeste ဟာ မနေ့က ဂါနာကို ၂-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့တာကြောင့် နောက်တဆင့်ကို တက်နိုင်မယ့် အခြေအနေ ရှိခဲ့ပေမယ့်လည်း တောင်ကိုရီးယားဟာ ပေါ်တူဂီကို နောက်ကျ အနိ်ုင်ဂိုး သွင်းယူသွားခဲ့တာကြောင့် ဥရုဂွေး တို့ ဂိုးကွာခြားချက်နဲ့ အုပ်စု ပြုတ်ခဲ့ရပါတယ်။

ဥရုဂွေး နဲ့ တောင်ကိုရီးယား တို့ဟာ goal difference တူညီနေပေမယ့် အာရှကလပ်က သွင်းဂိုး ပိုများခဲ့တာကြောင့် နောက်တဆင့် တက်သွားခဲ့တာပါ။ ဥရုဂွေးဟာ ဂါနာနဲ့ပွဲစဉ်မှာ နောက်ကျ ပင်နယ်တီ ရဖို့ ရှိခဲ့ပေမယ့်လည်း ဒိုင်လူကြီးက ကာဗာနီကို ပြစ်ဒဏ်ဘော ရအောင် တမင်သက်သက် လုပ်ခဲ့တယ်လို့ ယူဆကာ ပင်နယ်တီ မပေးခဲ့တာကြောင့် ဥရုဂွေးတို့ လိုအပ်တဲ့ ဂိုးတစ်ဂိုးကို မရခဲ့ဘဲ အုပ်စုကနေ လှည့်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ ဥရုဂွေး ကစားသမားတွေဟာ ပင်နယ်တီ မပေးခဲ့တဲ့ ကိစ္စအတွက် ဒိုင်တွေ အပေါ် အပြင်းအထန် ပေါက်ကွဲခဲ့ပါတယ်။ ဒါပေမယ့်လည်း အလွန်ဆိုက ဥရုဂွေးတို့ အုပ်စု ပြုတ်ခဲ့ရခြင်းဟာ အဆိုပါ အငြင်းပွားဖွယ် ဖြစ်ရပ်ကြောင့် မဟုတ်ဘဲ ပေါ်တူဂီကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ဂျီမီနက်ကို လက်ထိခဲ့တယ် ဆိုပြီး နောက်ကျ ပင်နယ်တီ ပေးခဲ့တဲ့ ဒိ်ုင်လူကြီးရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကြောင့် ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

အလွန်ဆိုက “ကျွန်တော်တို့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဟာ ပေါ်တူဂီကို ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ အဲဒီပွဲက ဂိုးရလဒ်ကြောင့် ဖြစ်ပါတယ်။ ကျွန်တော်တို့ တောင်ကိုရီးယားနဲ့ ပွဲစဉ်မှာ သရေတစ်မှတ်သာ ရယူနိုင်ခဲ့တာကြောင့် ပြိုင်ပွဲကနေ ထွက်ခွာ ခဲ့ရတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ထွက်ခဲ့ရတာဟာ ဖီဖာဘက်က ပင်နယ်တီ မဟုတ်ဘူးလို့ ထုတ်ပြန်ထားခဲ့တဲ့ ပင်နယ်တီကြောင့် ဖြစ်ပါတယ်။ ဒါဟာ လုံး၀ ပင်နယ်တီ မဟုတ်ပါဘူး။” လို့ ဝေဖန်ပြစ်တင်လိုက်ပါတယ်။

ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပေမယ့်လည်း

အလွန်ဆိုက “အခြား ပွဲစဉ်တွေမှာ ကျွန်တော်တို့ ဖန်တီးမှုပိုင်း လိုအပ်ချက်တွေ ရှိခဲ့တာက အဓိက ကျသွားခဲ့ပါတယ်။ ပေါ်တူဂီနဲ့ ပွဲစဉ်မှာ ကျွန်တော်တို့ရဲ့ ကစားပုံ တကယ် ကောင်းပါတယ်။ ဒီနေ့ပွဲစဉ်မှာလည်း အသင်းရဲ့ ကစားပုံ အပေါ် ကျွန်တော် တကယ် ကြိုက်ပါတယ်။ ကျွန်တော်တို့ နိုင်ပွဲလမ်းကြောင်းကို ရှာဖွေနိုင်ခဲ့ပြီး ရဲရင့်မှုမှု အပြည့်နဲ့ ကြောက်ရွံ့မှု ကင်းကင်း ကစားခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့သလို ချိတ်ဆက်ကစားပုံလည်း ကောင်းခဲ့ပါတယ်။

အမှန်ပါပဲ။ ပြိုင်ပွဲအစကတည်းက ဒီလို ကစားပုံကို ကျွန်တော် လိုချင်ခဲ့တာပါ။ ကစားသမားတွေနဲ့ ပက်သက်ပြီး ကျွန်တော့်ဘက်က ဘာမှ ပြောစရာ မရှိပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ဟာ နိုင်ငံအတွက် အကောင်းဆုံး ပေးဆပ်ခဲ့လို့ ဖြစ်ပါတယ်။ အခြားပွဲစဉ်တွေမှာ ကျွန်တော်တို့ ဘာဖြစ်ခဲ့သလဲ ဆိုတာကို အားလုံး သိထားပြီး ဖြစ်ပါတယ်။ ကစားသမားတွေဟာ အစွမ်းကုန် ပေးဆပ်ခဲ့တာကိုတော့ ကျွန်တော် သိပါတယ်။

ပထမ နေ့ကတည်းက ကျွန်တော်ဟာ ဒီကစားသမားတွေ အပေါ် ယုံကြည်ခဲ့ပြီး သူတို့ဘက်က ကွင်းထဲမှာ တုန့်ပြန်ခဲ့ပါတယ်။ ကျွန်တော်တို့ လုပ်ခဲ့တာတွေ အပေါ် တအား ဂုဏ်ယူမိပါတယ်။ ကျွန်တေ်ာတို့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရမှု အတွက် တကယ် ၀မ်းနည်းရပါတယ်။ ဘာလို့လဲဆိုတော့ ဒီကစားသမားတွေရဲ့ character နဲ့ အားထုတ်မှုတွေ အတွက် ဒီပြိုင်ပွဲမှာ ကျွန်တော်တို့ အကောင်းဆုံး လုပ်ပြနိုင်လိမ့်မယ်လို့ ယုံကြည်ထားလို့ပါ။” လို့ ဆိုလိုက်ပါတယ်။

SM