ဘ၀ရဲ့ အရှည်ကြာဆုံး ၆ မိနစ်တာ ကာလမှာ တောင်ကိုရီးယား အသင်းသားတွေ ဘာတွေပြောခဲ့ကြသလဲဆိုတာ ထုတ်ဖော်လိုက်တဲ့ ဆွန်

ဆွန်ဟောင်မင်းက မနေ့ညက ပေါ်တူဂီကို ဒရမ်မာဆန်ဆန် ၂-၁ နဲ့ အနိုင်ရရှိခဲ့ကာ နောက်ဆုံး ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ သူ့ရဲ့ နိုင်ငံ တောင်ကိုရီးယား အသင်းနဲ့ ပက်သက်ပြီး တအားကို ဂုဏ်ယူမိတယ်လို့ ဆိုလိုက်ပါတယ်။

ပေါ်တူဂီဟာ နောက်တဆင့်ကို တက်ရောက်ထားခဲ့ပြီး ဖြစ်တာကြောင့် ဒီပွဲစဉ်မှာ လူအပြောင်းအလဲ တစ်ချို့ကို လုပ်ခဲ့ပေမယ့် ဟိုတာက ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ပထမပိုင်း မပြီးခင် တောင်ကိုရီးယား အတွက် ကင်ယောင်ဂွမ်က ချေပဂိုး ပြန်လည် သွင်းယူခဲ့တာကြောင့် မျှော်လင့်ချက် အနည်းငယ်တော့ ရှင်သန်နေခဲ့ပါတယ်။ တဖက်မှာလည်း ဥရုဂွေးဟာ ဂါနာကို ၂-၀ နဲ့ ဦးဆောင်နေခဲ့တာကြောင့် လူတော်တော်များများက La Celeste ဟာ နောက်တဆင့်ကို ပေါ်တူဂီနဲ့ အတူ တက်သွားမယ်လို့ပဲ ထင်မှတ်ထားခဲ့ကြပါတယ်။

ဒါပေမယ့် ဒရမ်မာဆန်ဆန် အလှည့်အပြောင်းက ပွဲပြီးခါနီးမှာ ဖြစ်ပေါ်လာခဲ့ပြီး ဆွန်ဟောင်မင်းဟာ ပေါ်တူဂီ ကစားသမားတွေ ဝိုင်းလိုက်နေတဲ့ ကြားထဲကနေ ဟွမ်ဟီချမ် အတွက် အကောင်းဆုံး ဖန်တီးမှုကို လုပ်ပေးနိုင်ခဲ့ပြီး ဒါကို ဝုဖ် တိုက်စစ်မှုးက သပ်ရပ်စွာ အဆုံးသတ်ကာ အနိုင်ဂိုး သွင်းယူခဲ့ပါတယ်။

တောင်ကိုရီးယားဟာ အနိုင်ရလဒ်ကို ပွဲပြီးတဲ့အထိ ထိန်းထားနိုင်ခဲ့ပေမယ့် နောက်တဆင့် တက်သလား မတက်သလား ဆိုတာ သိရဖို့ အတွက် တဖက်ပွဲစဉ်ရဲ့ ရလဒ်ကို ၁၀ မိနစ်နီးပါး စောင့်နေခဲ့ရပါတယ်။

ဒါပေမယ့် ဥရုဂွေးဟာ လိုအပ်နေတဲ့ သွင်းဂိုး တစ်ဂိုးကို မရှာဖွေနိုင်ခဲ့တာကြောင့် တောင်ကိုရီးယားဟာ ဂိုးကွာခြားချက် အသာစီး ရယူကာ နောက်တဆင့်ကို တက်သွားခဲ့ပါတယ်။

ဆွန် အတွက် ကတော့ ဒါဟာ သူ့ဘ၀ရဲ့ အရှည်ကြာဆုံး ၆ မိနစ်တာကာလ ဖြစ်ခဲ့ပါတယ်။

ဆွန်က “ဒါဟာ ကျွန်တော့် ဘ၀ရဲ့ အရှည်ကြာဆုံး ၆ မိနစ်တာ ကာလလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ကွင်းထဲမှာ စောင့်ဆိုင်းနေခဲ့တဲ့ ကာလအတွင်း ကျွန်တော်တို့ တကယ့်ကို အကောင်းမြင်ထား ခဲ့ပါတယ်။ အသင်းဖော်တွေက ‘ဒီမှာ..ငါတို့ နောက်တဆင့် တက်ဖို့ အတွက် ထိုက်တန်တယ်။ ငါတို့ရဲ့ အားထုတ်မှုတွေဟာ တကယ့်ကို ထိုက်တန်တယ်’ လို့ ပြောနေခဲ့ကြပါတယ်။

 

ကျွန်တော်ကတော့ ဘာတွေပဲ ဖြစ်လာသည် ဖြစ်စေ..အကယ်၍ ဥရုဂွေး ဘက်က ဂိုးသွင်းယူနိုင်ခဲ့မယ် ဆိုရင်တောင် ငါ ဒီအသင်း အတွက် ေ*ာက်ရမ်း ဂုဏ်ယူတယ် ဆိုပြီး ပြောခဲ့ပါတယ်။ ကျွန်တော် ဒီလိုပဲ ပြောခဲ့တာပါ။ ကျွန်တော် ဒီအသင်း အတွက် တအားကို ဂုဏ်ယူပါတယ်။ အသင်းသား အားလုံးဟာ အရာအားလုံး ပေးဆပ်ခဲ့ကြပါတယ်။ ကျွန်တော်တို့ နောက်တဆင့် တက်နိုင်မယ်လို့ ယုံကြည်ထားခဲ့ပါတယ်။ ပွဲပြီးချိန်မှာ အားလုံးဟာ တခြား ပွဲစဉ်ရဲ့ ရလဒ်ကို စောင့်ဆိုင်းနေခဲ့ရပါတယ်။ ဒါပေမယ့် ဒါဟာ အရှည်ကြာဆုံး ခြောက်မိနစ် ပါပဲ။” လို့ ဆိုလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ် ၂၀၁၈ ရုရှား ကမ္ဘာ့ဖလားတုန်းက ဆွန်နဲ့ တောင်ကိုရီးယား အသင်းဟာ ဒီအဆင့်မှာ ရင်ကွဲခဲ့ရပါတယ်။ ဆွန်ရဲ့ အသင်းဟာ ပွဲစဉ် ၃ မှာ ဂျာမနီကို နိုင်ခဲ့ပေမယ့်လည်း ဆွီဒင်က မက္ကဆီကို ၃-၀ နဲ့ နိုင်သွားခဲ့တာကြောင့် တောင်ကိုရီးယားတို့ အုပ်စုပြုတ်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ဒါမျိုး ထပ်မဖြစ်ခဲ့ပါဘူး။

ဆွန်က “အမှန်ပါပဲ။ ဒါဟာ တူညီတဲ့ အခိုက်အတန့်ပါပဲ။ ကျွန်တော်တို့ ဂျာမနီကို ၂-၀ နဲ့ နိုင်ခဲ့ပြီး မက္ကဆီကိုသာ နိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ နောက်တဆင့်ကို တက်မှာပါ။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ရလဒ်က ကွဲပြားခဲ့ပါတယ်။ ကျွန်တော်တို့ အခြား ရလဒ်ကို စောင့်နေခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော် လွန်ခဲ့တဲ့ ၄ နှစ်က အကြောင်းကို လုံး၀ မတွေးမိခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် တအား ပျော်ရွှင်ကာ ဂုဏ်ယူနေလို့ပါ။ ကျွန်တော် ဘာပြောနိုင်မှာလဲ? ကျွန်တော် တကယ် ပျော်ရွှင်ပြီး ဂုဏ်ယူခဲ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM