ဘရာဇီးဖက်ကို နောက်ကျ အနိုင်ဂိုး သွင်းယူခဲ့ပြီးနောက် ၂ဝါတနီ ယူကာ ဂျာစီချွတ် အောင်ပွဲခံခဲ့တဲ့ အဘူဘတ်ကာ အပေါ် ချီးကျူးဂုဏ်ပြုလိုက်တဲ့ အီယန်ရိုက်

မနေ့ည နှောင်းပိုင်းက ကစားခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စု G နောက်ဆုံး ပွဲစဉ် ၂ပွဲမှ တပွဲ ဖြစ်တဲ့ ဘရာဇီး – ကင်မရွန်း ပွဲအဖြေဟာ နာကျင်အချိန်ပိုမှာမှ အသက်ဝင်ခဲ့ပြီး ၊ တလုံးတည်းသော အနိုင်ဂိုးကို ဝါရင့် တိုက်စစ်မှူး ဗင်းဆင့် အဘူဘတ်ကာက ကင်မရွန်း အတွက် ဒရာမာဆန်ဆန် ခေါင်းတိုက် သွင်းယူပေးသွားခဲ့ပါတယ် ။

ဒီပွဲမှာ နိုင်နိုင်ရှုံးရှုံး ၁၆သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်မှာ ဖြစ်တာကြောင့် ဘရာဇီးတို့ဟာ ပွဲထွက်စာရင်း ၉ နေရာ အထိ အပြောင်းအလဲလုပ်ခဲ့ကာ ၊ အဓိက ကစားသမား အချို့ ဖြစ်တဲ့ ရစ်ချာလီဆင် ၊ ဗင်နီးဆီးယပ်စ် ဂျူနီယာ ၊ ကတ်ဆီမီရို ၊ သီယာဂို ဆေးလ်ဗား ၊ အလီဆင်တို့ကို အပြည့်အဝ အနားပေးခဲ့ပါတယ် ။

ကင်မရွန်းဖက်ကတော့ ဒီပွဲမှာ အနိုင်ရခဲ့ရင်တောင် ၁၆သင်း အဆင့်သို့ တက်ရောက်ဖို့ မသေချာမှန်း သိပေမယ့် ၊ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်နဲ့ နာမည်ကြီး ဘရာဇီးကို ခံကန် ကစားရင်း ၊ အဆုံးမှာတော့ ၄င်းတို့နဲ့ ထိုက်တန်တဲ့ ဆုလာဘ်ကို ရရှိသွားခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ် ။

ဘရာဇီးတို့ကတော့ ဒုတိယ ဦးစားပေး ပွဲထွက်စာရင်းနဲ့တောင် ပုံမပျက်သွားပဲ ၊ ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှု အများအပြား လုပ်နိုင်ခဲ့ပေမယ့် ၊ ကင်မရွန်း ဂိုးသမား ဒေးဗစ် အပတ်ဆီကို မကျော်လွန်နိုင်ခဲ့ပါဘူး ။ ကင်မရွန်းရဲ့ သမိုင်းဝင် သွင်းဂိုးကတော့ နာကျင်အချိန်ပို ၉မိနစ်ထဲ ဝင်မှ ရောက်လာခဲ့ပြီး ၊ ညာတောင်ပံမှ အန်ဂွန် ဘက်ကယ်လီရဲ့ ဖြတ်တင်ဘောကို အဘူဘတ်ကာက လှလှပပ ခေါင်းတိုက် သွင်းယူပေးသွားခဲ့ပါတယ် ။

ဒါကြောင့် ကင်မရွန်းတို့ ကမ္ဘာ့ဖလား ၁၆သင်း အဆင့်သို့ မတက်နိုင်ခဲ့သည့်တိုင် ၊ သမိုင်းတလျှောက် ဘရာဇီးကို ပထမဆုံး အကြိမ် အနိုင်ရခဲ့တဲ့ မှတ်တမ်းကို ပိုင်ဆိုင်သွားပါတယ် ။ အဘူဘတ်ကာကတော့ ဒီဂိုး အပြီး စိတ်လှုပ်ရှားမှု ပြည့်နှက်နေခဲ့တာကြောင့် ဂျာစီချွတ်ကာ အောင်ပွဲခံခဲ့ပြီး ၊ ဒီအကျိုးဆက်ကြောင့် နောက်တဝါ ထပ်ထိခဲ့ကာ ၊ ၂ဝါတနီနဲ့ အထုတ်ခံခဲ့ရပါတယ် ။

အာဆင်နယ်နဲ့ အင်္ဂလန် ဂန္တဝင် တိုက်စစ်မှူးဟောင်း အီယန်ရိုက်ကတော့ အနီထိမယ်မှန်း သိသိနဲ့ သမိုင်းဝင်ဂိုး အတွက် အဘူဘတ်ကာ ဂျာစီချွတ် အောင်ပွဲခံခဲ့ခြင်း အပေါ် လှပတဲ့ အခိုက်အတန့် အဖြစ် တင်စား ခေါ်ဝေါ်သွားပါတယ် ။

ပွဲအပြီး ITV Sport ရဲ့ သုံးသပ်ချက် အစီအစဉ်မှာ အီယန်ရိုက် က ” ဒါက ကြီးကျယ်ပြီး ၊ လှပတဲ့ အခိုက်အတန့် တရပ်ပါပဲ ။ အဘူဘတ်ကာဟာ ဒီလိုလုပ်ရင် သူ အထုတ်ခံရမယ်ဆိုတာ သိခဲ့ပုံပေါ်ပါတယ် ။ ဒီလိုပုံစံမျိုးနဲ့ပဲ ခင်ဗျား ကွင်းထဲက အထုတ်ခံချင်မှာပါ ။ ( စနောက်သည့် အနေဖြင့် ) နောက်ပြီး သူ့ body ကလည်း အတော်လေး ကိတ်ထွက်နေပါတယ် ။ ”

” ဒီဂိုးက ဘယ်လောက်ထိ ကောင်းလဲ ဆိုတာ ခင်ဗျား လျှော့တွက်လို့ မရပါဘူး ။ ဘာကြောင့်လဲဆိုတော့ ရိုးရိုးလေးပါပဲ ၊ ဖြတ်တင်ဘောကြောင့်ပါ ။ ဒီဖြတ်တင်ဘောက လုံးဝ အံ့သြဖွယ်ကောင်းပါတယ် ။ အဘူဘတ်ကာ လုပ်ပြသွားတာက ဒီလှပတဲ့ ဖြတ်တင်ဘော ညွှန်ပြတဲ့ နေရာကို အလိုက်တသိနဲ့ ခေါင်းတိုက်ခဲ့ရုံပါပဲ ။ ”

” ဒါက ဖတ်စာအုပ်ထဲက ခေါင်းတိုက်ပုံမျိုး ဖြစ်ပါတယ် ။ ဒီဖြတ်တင်ဘောမျိုးက စင်စစ် အချစ်မျိုး ရဖို့ ထိုက်တန်ပါတယ် ။ ဒီ ဖြတ်တင်ဘောကို သူဟာ ဘရာဇီး နောက်ခံလူ ၃ဦး အကြားမှာ ရခဲ့တာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

မနေ့ညက ပွဲကို ရှုံးခဲ့ပေမယ့် ဘရာဇီးကတော့ အုပ်စု G ရဲ့ ဗိုလ်နေရာနဲ့ ၁၆သင်း အဆင့်မှာ တောင်ကိုးရီးယား အသင်းနဲ့ ထိပ်တိုက်တွေ့မှာ ဖြစ်ပြီး ၊ ကင်မရွန်းကတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲက ထွက်ခွာခဲ့ရသည့်တိုင် မနေ့ညက နိုင်ပွဲကြောင့် ခေါင်းမော့ရင်ကော့ပြီး အိမ်ပြန်နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

SPORTS MYANMAR