” ပျော်လွန်းလို့ ကျတဲ့ မျက်ရည်တွေပါ ” ၁၆ သင်း အဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့နောက် ကပ္ပတိန် ဆွန် ရဲ့ ဝမ်းသာပီတိစကားများ

ပေါ်တူဂီ အသင်း ကို နောက်ကျ အနိုင်ဂိုး နဲ့ အနိုင်ရပြီး ၁၆ သင်း အဆင့် ကို တက်လှမ်း ခဲ့တဲ့နောက် တောင်ကိုးရီးယား အသင်း ခေါင်းဆောင် ဆွန်ဟောင်မင် ဟာ မျက်ရည်တွေ နဲ့ အတူ အောင်ပွဲ ခံခဲ့ပါတယ် ။

တောင်ကိုးရီးယား အသင်းဟာ နောက်တဆင့် တက်ဖို့ အခွင့်အရေး နည်းပါးနေတဲ့ အနေအထားကနေ ပေါ်တူဂီ ကို အနိုင် ကစားပြီး ၁၆ သင်း အဆင့် ကို တက်လှမ်း သွားခဲ့တာပါ ။ တောင်ကိုးရီးယား အသင်း နောက်တဆင့် တက်တာကြောင့် ဒီနှစ် ကာတာ ကမ္ဘာ့ဖလား ဟာ သမိုင်းတစ်လျှောက် အာရှ အသင်း သုံးသင်း ၁၆ သင်း အဆင့် တက်တဲ့ ပထမဆုံး ကမ္ဘာ့ဖလား ဖြစ်လာပါတယ် ။

တောင်ကိုးရီးယား အသင်းဟာ ပေါ်တူဂီ အသင်းရဲ့ စောစောစီးစီး ဦးဆောင်ဂိုးကြောင့် နောက်က​နေ လိုက်ကစားခဲ့ရပြီး ကင်ယောင်ဂွမ် ရဲ့ ချေပဂိုး နဲ့ ဟွမ်ဟီချန် ရဲ့ နောက်ကျ အနိုင်ဂိုးကြောင့် အနိုင် ၃ မှတ် အရယူ နိုင်ခဲ့တာ ဖြစ်ပါတယ် ။

တစ်ဖက်မှာလည်း ဥရုဂွေး အသင်းဟာ အနိုင် ကစားနိုင်ခဲ့တာကြောင့် တောင်ကိုးရီးယား နဲ့ ရမှတ်တူ ၊ ဂိုးကွာခြားချက်တူ ၊ ထိပ်တိုက် တွေ့ဆုံမှု သရေ ဖြစ်နေခဲ့ပြီး သွင်းဂိုး စည်းမျဥ်း အရ ဆုံးဖြတ် ခဲ့ရပါတယ် ၊ တောင်ကိုးရီးယား အသင်းဟာ ဥရုဂွေး အသင်းထက် သွင်းဂိုး ပိုများတာကြောင့် သွင်းဂိုး စည်းမျဉ်းအရ နောက်တဆင့် တက်သွားခဲ့တာပါ ။

တောင်ကိုးရီးယား အသင်း ပွဲဟာ ဥရုဂွေး အသင်း ပွဲထက် အများကြီး စောပြီးတာကြောင့် တောင်ကိုးရီးယား အသင်းသားတွေဟာ ပြိုင်ဘက် ရဲ့ ပွဲကို ရင်ခုန် စိတ်လှုပ်ရှားစွာ နဲ့ စောင့်ကြည့် ခဲ့ရပါတယ် ။ ဥရုဂွေး ပွဲပြီးမှသာ အားလုံး သက်ပြင်းချပီး အောင်ပွဲ ခံနိုင်ခဲ့တာ ဖြစ်ပါတယ် ။

နောက်တဆင့် တက်သွားချိန်မှာ တောင်ကိုးရီးယား အသင်း ခေါင်းဆောင် ဆွန်ဟောင်မင် ဟာ ဝမ်းသာလုံးဆို့ပြီး မျက်ရည်တွေ နဲ့ အတူ အောင်ပွဲ ခံခဲ့တာကိုလည်း တွေ့ရပါတယ် ။ အောင်ပွဲ ခံအပြီး အင်တာဗျူး အစီအစဉ်မှာ ဆွန်ဟောင်မင် က ” ဒီမျက်ရည်တွေက ပျော်လွန်းလို့ ကျတဲ့ မျက်ရည်တွေပါ ။ ”

” ဒီအခိုက်အတန့်မျိုး ရောက်ဖို့ ကျနော်တို့ အချိန် အကြာကြီး စောင့်ဆိုင်း ခဲ့ရပါတယ် ၊ ကျနော်တို့ ကစားသမားတွေ အားလုံး အတူတကွ လုပ်နိုင်လိမ့်မယ်လို့ အစကတည်းက ယုံကြည်ပြီးသားပါ ၊ ကျနော် အကောင်းဆုံး မကစားနိုင်ခဲ့တဲ့ အခိုက်အတန့်တွေ ရှိခဲ့ပါတယ် ။ ”

” အဲ့ဒီ အခိုက်အတန့်တွေမှာ ကျနော့်ရဲ့တာဝန်တွေကို ဖြည့်ဆည်း ကစား ပေးခဲ့ကြတဲ့ အသင်းဖော်တွေ အားလုံးကို ကျေးဇူး တင်ပါတယ် ။ သူတို့ အတွက် ကျနော် သိပ်ကို ဂုဏ်ယူ ပါတယ် ၊ ဒီနေ့ ပွဲက ခက်ခဲမယ့် ပွဲဆိုတာ ကျနော်တို့ သိထား ခဲ့ပြီးသားပါ ။ ”

” ခက်ခဲခဲ့ပေမယ့် ကျနော်တို့ ကစားသမားတွေ အားလုံး အရှုံးမပေး ခဲ့ပါဘူး ၊ ကျနော်တို့ အားသွန်ခွန်စိုက် ကြိုးစား ကစားခဲ့ကြပါတယ် ၊ ကျနော်တို့ ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ် ၊ အသင်းက ကစားသမားတွေ အားလုံးအတွက် ဂုဏ်ယူ ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

တောင်ကိုးရီးယား အသင်းဟာ ၁၆ သင်း အဆင့်မှာ ဘရာဇီး အသင်း နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ် ။ ” ၁၆ သင်း အဆင့် ရောက်ဖို့က ကျနော်တို့ရဲ့ရည်မှန်းချက်ပါ ၊ အခုတော့ ဒီထက် မြင့်တဲ့ ရည်မှန်းချက် ထားထားပါတယ် ၊ အဲ့ဒီ ရည်မှန်းချက် ပြည့်မြောက်ဖို့ အကောင်းဆုံး ကြိုးစား သွားမှာပါ ။ ”

” ဘောလုံးမှာ ဘာဖြစ်မလဲ ဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ပါဘူး ၊ ဘရာဇီး အသင်းကို အနိုင် ကစားဖို့ အခွင့်အရေး ရှိနေတဲ့ အတွက် ကျနော်တို့ အကောင်းဆုံး ကြိုးစား သွားမှာပါ ၊ အကောင်းဆုံးလည်းပြင်ဆင် သွားပါမယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM