နယ်သာလန်ရဲ့ အိပ်မက်တွေကို ကာကွယ်ပေးမယ့် လိမ္မော်ရောင်လက်တစုံ

ကမ္ဘာ့ဖလားမှာ ဂိုးသမားတွေ လက်စွမ်းပြနေကြပါတယ် ။ ပိုလန် က ဆက်ဇ်နီ ဆိုရင် ၂ ပွဲ တိတိ ပင်နယ်တီတွေ ကာကွယ်ပြီး သူရဲကောင်း ဖြစ်ခဲ့သူပါ ။

Man of the Match ရတဲ့ ဂိုးသမားတွေလည်း မနည်း မနောပါပဲ ။ ဆီနီဂေါ က မန်ဒီ ၊ ဘရာဇီး က အက်ဒါဆင် နဲ့ အလီဆင် ဘက်ကာ ၊ အင်္ဂလန် က ပစ်ဖိုဒ့် ၊ အာဂျင် က မာတီနက် တို့လို နာမည်ကြီး ဂိုးသမားတွေလည်း ရှုံးထွက် အဆင့်ကို တက်လှမ်း လာနိုင်ခဲ့ကြ ပါတယ် ။

ဒါပေမယ့် လူအများသတိ မပြုမိတဲ့ ဂိုးသမား တယောက် ရှိလို့နေပါတယ် ။ သူကတော့ နယ်သာလန် အသင်းရဲ့ ပွဲထွက် ဂိုးသမား အန်ဒရီးစ် နော့ပတ် ပါပဲ ။ အရပ် ၆ ပေ ၈ လက်မ မြင့်တဲ့ ဂိုးသမားဟာ နယ်သာလန် လက်ရွေးစင် အတွက် တကြိမ် တခါမှ မကစားပေးဖူးပါဘူး ။ ဒါပေမယ့် အခုချိန်မှာတော့ နော့ပတ် ဟာ လိမ္မော်ရောင် တို့ရဲ့ ကမ္ဘာ့ဖလား အိပ်မက်မှာ အရေးပါသူ တယောက် ဖြစ်လာခဲ့ပါပြီ ။

နော့ပတ် ရဲ့ အားကစာ လမ်းကြောင်းက တကယ်ထူးခြားဆန်းကြယ်ပါတယ် ။ ကံထမ်း လာတာကို မမြင်ရ ၊ လှံထမ်းလာတာကိုသာ မြင်ရ ဆိုတဲ့ စကားအတိုင်းပါပဲ ။ လွန်ခဲ့တဲ့ ၂ နှစ် လောက်တုန်းက အသင်းလက်မဲ့ ဖြစ်နေပြီး ဘောလုံးကို စွန့်လွှတ် ရတော့မယ့် သူတယောက်ဟာ ကာတာ မြေပေါ်က အကြီးကျယ် အခမ်းနားဆုံး ပြိုင်ပွဲကြီးမှာ ပါဝင် အသုံးတော် ခံလို့ နေပါပြီ ။ အဲ့ဒိလူကတော့ အန်ဒရီးစ် နော့ပတ် ပါပဲ ။

 

နော့ပတ် ဟာ နယ်သာလန် ပြည်တွင်းကလပ် ဟီဗန်ရင်း အသင်းရဲ့ လူငယ် အသင်းမှာ ကစားရင်း ကြီးပြင်း လာခဲ့တဲ့သူပါ ။ ဒါပေမယ့် စီနီယာ အသင်းကြီးမှာ တခါမှ မကစားခဲ့ရပါဘူး ။ အသက် ၂၀ အရွယ်မှာတော့ ဟီဗန်ရင်း က နော့ပတ် ကို လမ်းခွဲခဲ့ ပါတယ် ။

အသင်းမရှိတော့တဲ့ နော့ပတ် ဟာ နယ်သာလန် ကလပ်တွေမှာ အရန် ဂိုးသမား အဖြစ် နဲ့ ကျဉ်လည်ခဲ့ရသလို စီးရီးဘီ ကိုလည်း သွား ကစားခဲ့ဖူးပါတယ် ။

ကိုဗစ်တွေ သောင်းကြမ်းတဲ့ ၂၀၂၀ ကတော့ နော့ပတ် အတွက် အခက်ခဲဆုံး အချိန်တွေပါပဲ ။ အဲ့ဒိ အချိန်မှာ ဒဏ်ရာ ရသွားတဲ့ သူ့ကို Dordercht အသင်းက စာချုပ်ထပ်တိုးဖို့ ငြင်းဆန်ပြီး လမ်းခွဲခဲ့ ပါတယ် ။

ဘောလုံးသမား ဘ၀ တလျောက်မှာ ဘာအောင်မြင်မှုမှ လောက်လောက် လားလားမရှိခဲ့တဲ့ နော့ပတ် ကို မိဘတွေ က ဘောလုံးကို စွန့်လွှတ်ဖို့ အကြံပေးခဲ့ပါတယ် ။ ချစ်သူ ကလည်း နော့ပတ် အနေနဲ့ ဂိုးသမား မလုပ်ဘဲ ရဲတပ်ဖွဲ့ ထဲကို ဝင်ဖို့ တိုက်တွန်းခဲ့တာပါ ။

မုန်တိုင်းတွေပြီးရင် လေပြည်လာတယ် ဆိုသလိုပါပဲ ၊ နော့ပတ် ရဲ့ အမှောင်မိုက် ဆုံးသောညတွေ ကုန်ဆုံးချိန် မှာတော့ အလင်းရောင်တွေ စတင် ပေါ်ထွက်လာခဲ့ ပါတယ် ။

၂၀၂၁ မှာ နယ်သာလန် ကလပ် Go Ahead Eagles ကို နော့ပတ် ပြောင်းရွှေ့ ကစားခဲ့ပြီး ဒုတိယ ရာသီဝက် မှာတော့ ပထမဦးစားပေး ဂိုးသမား ဖြစ်လာခဲ့ ပါတယ် ။ နောက်ရာသီမှာတော့ ငယ်ဘ၀ ကလပ် ဟီဗန်ရင်း ဆီ ပြန်လည် ပြောင်းရွှေ့ ကစားခဲ့ ပါတယ် ။

ပြီးခဲ့တဲ့ စက်တင်ဘာလ ထဲမှာတော့ နော့ပတ် ဟာ လူးဝစ် ဗန်ဟား ရဲ့ နယ်သာလန် အသင်းဆီ ဆင့်ခေါ် ခံခဲ့ရ ပါတယ် ။ ဘဝမှာ မမျှော်လင့်တဲ့ အပြောင်းအလဲ အတွက် နော့ပတ် တယောက် အံ့အားသင့်ချိန်တောင် မရလိုက်ပါဘူး ။ နောက်ထပ် ၂ လ အကြာမှာတော့ သူဟာ နယ်သာလန် လက်ရွေးစင် အသင်းနဲ့ အတူ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ဖို့ ကာတာမြေပေါ်ကို ရောက်ရှိနေခဲ့ပါပြီ ။

“ကျွန်တော့ အတွက် တကယ့်ကို ထူးဆန်းနေပါတယ် ။ ဒီလို ဖြစ်လာမယ်လို့ လုံး၀ မမျှော်လင့်ထားခဲ့ ပါဘူး” လို့ နော့ပတ် က သူ့ဘ၀ ရဲ့ အံ့သြစရာ အပြောင်းအလဲတွေကို အခုလို ဖြေကြားသွားခဲ့ ပါတယ် ။

နော့ပတ် ဟာ နယ်သာလန် ရဲ့ ကမ္ဘာ့ဖလား အုပ်စု ပွဲစဉ် ၃ ပွဲစလုံးကို ပါဝင် ဂိုးဖမ်း ပေးခဲ့ပြီး အခုညမှာ ကစားမယ့် ၁၆ သင်းဆင့် ပွဲစဉ် ( အမေရိကန် နှင့် ) မှာလည်း လိမ္မော်ရောင် တပ်သားတို့ရဲ့ ဂိုးပေါက်ကို ကာကွယ် စောင့်ကြပ်ပေးရဦးမှာ ဖြစ်ပါတယ် ။

နယ်သာလန် ဟာ ကမ္ဘာ့ဖလားမှာ တကြိမ်မှ ချန်ပီယံ မဖြစ်ခဲ့ဖူးပါဘူး ။ ဗိုလ်လုပွဲ ၂ ကြိမ်သာ ရောက်ခဲ့ဖူးပါတယ် ။ လူးဝစ် ဗန်ဟား ဟာ ၂၀၁၄ တုန်းက နယ်သာလန် အသင်းကို ကိုင်တွယ်ပြီး တတိယဆု ရရှိအောင် စွမ်းဆောင်ပေး နိုင်ခဲ့ဖူးပါတယ် ။

အဲ့ဒိတုန်းကလည်း ရှုံးထွက် အဆင့်မှာ ဗန်ဟား ဟာ ထူးခြားတဲ့ ဂိုးသမား လဲတဲ့ ဗျူဟာကို အသုံးပြုပြီး ပင်နယ်တီ အဆုံးအဖြတ်ကို အနိုင်ရခဲ့ဖူးပါတယ် ။ သူများတွေနဲ့ မတူ ကွဲထွက်တဲ့ ဗန်ဟား ရဲ့ အတွေး အခေါ် အယူအဆ တွေဟာ နော့ပတ် ကို လက်ရွေးစင် ဂိုးသမား ဖြစ်လာစေခဲ့သလား ၊ ဒီရွေးချယ်မှု ဟာ တကယ် ရော မှန်ကန်တယ်ဆိုတာကို နော့ပတ် တယောက် လက်စွမ်းတွေနဲ့ သက်သေပြနိုင်မလား ဆိုတာတော့ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR