ဆွာရက်ဇ် နဲ့ အင်္ကျီချင်း လဲလှယ်ခဲ့တာကြောင့် ‘သစ္စာဖောက်’ လို့ သမုတ် ခံနေရတဲ့ သောမက်စ်ပါတေ

မနေ့က ကစားခဲ့တဲ့ ဥရုဂွေး နဲ့ ဂါနာ ပွဲအပြီးမှာ ဥရုဂွေး တိုက်စစ်မှူး လူးဝဇ် ဆွာရက်ဇ် နဲ့ ဂျာစီချင်း လဲခဲ့တဲ့ အတွက် အာဆင်နယ် ကွင်းလယ်လူ သောမက်စ် ပါတေး ကို သစ္စာဖောက် ကစားသမား ဆိုပြီး ဝေဖန် ပြောဆိုမှုတွေ ရှိနေကြပါတယ် ။

ပြီးခဲ့တဲ့ ၁၂ နှစ်တုန်းက ဖြစ်ရပ်ကြောင့် ဆွာရက်ဇ် ဟာ ဂါနာ အသင်း ပရိသတ်တွေရဲ့ မျက်မုန်းကျိုး မုန်းတီးခြင်းကို ခံထားရသူပါ ။ ၂၀၁၀ ခုနှစ် ကမ္ဘာ့ဖလားတုန်းက ဂါနာ အသင်းနဲ့ကွာတားဖိုင်နယ်ပွဲ နာကျင်အချိန်ပို နောက်ဆုံး မိနစ်မှာ ဆွာရက်ဇ် ဟာ ပြိုင်ဘက် ကစားသမား ရဲ့ ခေါင်းတိုက်ချက်ကို ဂိုးစည်းပေါ်ကနေ လက်နဲ့ ရှင်းထုတ် ခဲ့တာ ဖြစ်ပါတယ် ။

ဆွာရက်ဇ် သာ လက်နဲ့ ပုတ်မထုတ်ခဲ့ရင် ဘောလုံးဟာ ဂိုးထဲသေချာပေါက် ဝင်မှာဖြစ်ပြီး ဂါနာ အသင်းကိုလည်း ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် တက်လှမ်းနိုင်တဲ့ ပထမဆုံး အာဖရိက အသင်း ဖြစ်သွားစေမှာပါ ။ဆွာရက်ဇ် ဟာ သူ့ရဲ့ အသင်း ပြိုင်ပွဲက မထွက်ခွာရဖို့ အရေးအတွက် ရရာ နည်းနဲ့ ဂိုးမဝင်အောင် တားဆီးခဲ့တာ ဖြစ်ပြီး အဆိုပါ ဖြစ်ရပ်ကြောင့် သူလည်း အနီကဒ်ပြခံရ သလို ဂါနာ အသင်းလည်း ပင်နယ်တီ ကန်ခွင့် ရရှိခဲ့ပါတယ် ။

ဒါပေမယ့် ကံတရားက ဥရုဂွေး ဘက်မှာ ရှိနေခဲ့ပြီး ဂါနာ အသင်း တိုက်စစ်မှူး အဆာမိုဂျန် ဟာ ရတဲ့ ပင်နယ်တီ အခွင့်အရေးကိုဂိုးဝင်အောင် အဆုံးမသတ် နိုင်ခဲ့ပါဘူး ။ အဲ့ဒီနောက်မှာတော့ ဂါနာ နဲ့ ဥရုဂွေး တို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ကြပြီး အဆုံးသတ်မှာ​တော့ ဆွာရက်ဇ် ရဲ့ ဥရုဂွေး အသင်း ဆီမီးဖိုင်နယ် တက်လှမ်းသွားခဲ့ပါတယ် ။

ဒီနှစ် ၂၀၂၂ ကမ္ဘာ့ဖလားမှာ ဂါနာ နဲ့ ဥရုဂွေး တို့ တစ်အုပ်စုတည်း ကျရောက်ခဲ့ကြပြီး အုပ်စု နောက်ဆုံး ပွဲစဉ်မှာ ရင်ဆိုင် ကစားခဲ့ရပါတယ် ။ အဆိုပါ ပွဲစဉ်မှာလည်း ဥရုဂွေး အသင်းဟာ ဂါနာ အသင်းကို နှစ်ဂိုးပြတ် နဲ့ ထပ်မံ အနိုင် ရခဲ့ပါတယ် ။ ဒါပေမယ့် တောင်ကိုးရီးယား အသင်း ရဲ့ နိုင်ပွဲကြောင့် နှစ်သင်းစလုံး အုပ်စုကနေ ထွက်ခွာ သွားခဲ့ရပါတယ် ။

ဂါနာ အသင်း ပရိသတ်တွေဟာ သူတို့ရဲ့ ရန်သူတော် ဥရုဂွေး အသင်း ကို သူတို့နဲ့ အတူ အုပ်စုက ထွက်ရအောင် လုပ်နိုင်ခဲ့တဲ့ ကျေနပ်နေကြပေမယ့် ကွင်းလယ်လူ ပါတေး ရဲ့ ပွဲပြီး လုပ်ရပ်အပေါ် မနှစ်မြို့ကြောင်း ဆိုရှယ်မီဒီယာထက်မှာ ဝေဖန် ရေးသား နေကြပါတယ် ။

ပရိသတ် တစ်ဦး က ” ဒါက သစ္စာဖောက်မှုပါပဲ ၊ ကိုယ့်နိုင်ငံ ရဲ့ရန်သူနဲ့ သူ ဘယ်လို လုပ်ပြီး အေးအေးဆေးဆေး စကားပြောနေနိုင်တာလဲဗျာ ။ ” တခြား ပရိသတ်တွေကလည်း ပါတေး ကို ‘ သစ္စာဖောက် ‘ ဆိုပြီး အသုံးနှုန်း အမျိုးမျိုးနဲ့ ဝေဖန်ရေးသား နေကြပါတယ် ။

နောက်ထပ် ပရိသတ်တစ်ဦးကတော့ ပါတေး အနေနဲ့ဆွာရက်ဇ် ရဲ့ ဂျာစီ ကို မီးရှို့ပစ်ဖို့ မျှော်လင့်ကြောင်း ရေးသားထားပါတယ် ။ ပါတေး အရင် ဆွာရက်ဇ် နဲ့ ဂျာစီချင်း လဲလှယ်ခဲ့ဖူး တဲ့ ဂါနာ ကစားသမား တစ်ဦး ရှိပါသေးတယ် ၊ သူကတော့ ဒဲရက်ဘိုတန်ပါ ၊ ဘိုတန် ဟာ ၂၀၁၀ ခုနှစ် ကမ္ဘာ့ဖလားမှာ အရန် ကစားသမား အဖြစ် ပါဝင်ခဲ့သူ ဖြစ်ပါတယ် ။

SM