ဂျာမနီတို့ ကမ္ဘာ့ဖလားကနေ ၂ကြိမ်ဆက် ထွက်ခွာခဲ့ရခြင်းကို သရဲကား ကြည့်နေရသလိုပဲလို့ ခေါင်းစဉ်တပ်လိုက်တဲ့ ကိုင်ဟာဗက်ဇ်

ဂျာမနီ အသင်းဟာ တမြန်နေ့ညက ကစားခဲ့တဲ့ ကော်စတာရီကာ အသင်းနဲ့ အုပ်စု နောက်ဆုံးပွဲမှာ ၂ – ၁ နဲ့ ရှုံးနေရာကနေ ၂ – ၄ နဲ့ ပြန် comeback ပြီး အနိုင်ရခဲ့ပေမယ့် ၊ တဖက်က ဂျပန် – စပိန် ပွဲအဖြေက ၄င်းတို့ကို မျက်နှာသာ မပေးခဲ့ပါဘူး ။

ဂျပန်ဟာ အုပ်စု အဖွင့်ပွဲမှာ ဂျာမနီကို ၂ – ၁ နဲ့ comeback နိုင်ခဲ့သလိုမျိုး ၊ စပိန်ကိုလည်း ထိုနည်းတူ အနိုင်ယူခဲ့ပြီး ၊ အုပ်စု E ရဲ့ ဗိုလ်နေရာကနေ ၁၆သင်း ရှုံးထွက်အဆင့်သို့ တက်လှမ်းသွားပါတယ် ။ စပိန်ကတော့ အုပ်စု E ရဲ့ ဒုတိယ နေရာမှာ ဂျာမနီထက် ဂိုးကွာခြားချက် အသာနဲ့ ရပ်တည်ခဲ့ပါတယ် ။

ဂျာမနီတို့ အုပ်စု နောက်ဆုံးပွဲမှာ ကော်စတာရီကာကို ၂ – ၁ နဲ့ ရှုံးနေခဲ့စဉ် စပိန်ကလည်း ဂျပန်ကို ရှုံးနေခဲ့တာကြောင့် စပိန်ဟာလည်း အုပ်စုအဆင့်ကနေ စောစောစီးစီး လှည့်ပြန်ရမယ့် အရေးနဲ့ ကြုံခဲ့ရပါသေးတယ် ။ သို့ပေမယ့် ဂျာမနီ နည်းပြ ဟန်ဆီဖလစ်ရဲ့ လူစားဝင် ကစားသမားတွေ ဖြစ်တဲ့ ကိုင်ဟာဗက်ဇ်နဲ့ ဖူလ်ခရုဂ်တို့က စပိန်ကို ကယ်တင်သွားခဲ့ပါတယ် ။

ဟာဗက်ဇ်ဆိုရင် မိနစ် ၃၀သာသာပဲ ကစားခဲ့ရပေမယ့် ၊ ဂျာမနီ တိုက်စစ် အတွက် ဂျမဲလ် မူစီယာလာ နည်းတူ ခြေစွမ်း အပြဆုံး ဖြစ်ခဲ့ပြီး ၊ ချေပဂိုးနဲ့ တတိယမြောက်ဂိုးကို သွင်းယူပေးခဲ့ကာ ၊ ဖူလ်ခရုဂ် ကတော့ နာကျင်အချိန်ပိုမှာ Tap-in ဂိုး သွင်းခဲ့ပါတယ် ။

ပွဲအပြီး အင်တာဗျူး တခုမှာ ထိုပွဲရဲ့ Man of the Match ဆုကို ရခဲ့တဲ့ ကိုင်ဟာဗက်ဇ် က ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အုပ်စု အဆင့်ကနေ ၂ကြိမ်ဆက် ထွက်ခွာခဲ့ရခြင်းကို သရဲကား တကား ကြည့်နေရခြင်းနဲ့ ခိုင်းနှိုင်းသွားခဲ့ပါတယ် ။

ဟာဗက်ဇ် က ” ဒီလို ပုံစံမျိုးနဲ့ ကမ္ဘာ့ဖလားကနေ ထွက်ခွာခဲ့ရတာက သရဲကား တကား ကြည့်နေရသလိုမျိုး ခံစားရစေပါတယ် ။ တဖက်က ပွဲမှာ ဂျပန်က ၂ – ၁ နဲ့ ဦးဆောင်နေတယ် ဆိုတာ ကျွန်တော်တို့ သိခဲ့ရပါတယ် ။ နောက်တော့ ကွင်းထဲမှာ အုပ်စုတွင်း ရပ်တည်မှုတွေကို ထုတ်ကြေညာလာပါတယ် ။ ”

” ကျွန်တော်တို့မှာ စပိန်က ချေပဂိုးပြန်သွင်းဖို့ မျှော်လင့်ချက် အနည်းငယ်သာ ရှိခဲ့ပါတယ် ။ အဲဒီနောက် ဂျပန်ပွဲက ပြီးသွားပြီဆိုတာ ကျွန်တော်တို့ သိလိုက်ရပါတယ် ။ ၂၀၁၄ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ပြီးတဲ့နောက်ပိုင်း ဂျာမနီတို့ ယူရို ၂၀၁၆ ဆီမီးဖိုင်နယ် တကြိမ်သာ အမြင့်ဆုံး ပုံစံ ရောက်ခဲ့ပြီး ၊ အဲဒီနောက် ကစားသမားမျိုးဆက် အပြောင်းအလဲကြောင့် အသင်း အထိုင်ကျဖို့ ရုန်းကန်နေရပါတယ် ။

ဒါနဲ့ ပတ်သက်ပြီး ဟာဗက်ဇ် က ” ကမ္ဘာ့ဖလားမှာ ၂ကြိမ်ဆက် အုပ်စု အဆင့်ကနေ လှည့်ပြန်ခဲ့ရတာ ၊ ယူရိုမှာ ၁၆သင်း ရှုံးထွက်အဆင့်နဲ့ ကျေနပ်ခဲ့ရတာတွေက အလွန့်အလွန် ခါးသီးလွန်းပါတယ် ။ ၄နှစ်မှ တခါ ကျင်းပတဲ့ ပြိုင်ပွဲ ဖြစ်တာမို့ ခင်ဗျား အနေနဲ့ ဒီလိုမျိုး ရိုးရိုးသားသား ပြောရပါမယ် ။ ”

” အရာရာက ကျွန်တော်တို့ ဖြစ်ချင်သလို ဖြစ်မလာပါဘူး ။ အခုတော့ ကျွန်တော်တို့ဟာ ၂ကြိမ်ဆက် ကမ္ဘာ့ဖလား အုပ်စု အဆင့်ကနေ ထွက်ခွာခဲ့ရပါပြီ ။ ကျွန်တော်တို့ဟာ ဖလား ပြိုင်ပွဲတွေ အတွက် အဆင်သင့် ဖြစ်နေတဲ့ အသင်းလို့တောင် မထင်တော့ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR