ကမ္ဘာ့ဖလား အုပ်စုပွဲစဥ်အပြီး ပြိုင်ပွဲရဲ့ အညံ့ဆုံး အသင်းထဲ ပါဝင်လာတဲ့ ရော်နယ်ဒို

ပေါ်တူဂီ လက်ရွေးစင် အသင်းရဲ့ ဂန္တဝင် ကစားသမား ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ကမ္ဘာ့ ဖလား ပြိုင်ပွဲရဲ့ အုပ်စု အဆင့် ပွဲစဥ်တွေ ပြီးဆုံးသွားချိန်မှာပဲ အိမ်ရှင် ကာတာ အသင်းမှ ကစားသမား 4 ဦးနဲ့ အတူ ပြိုင်ပွဲရဲ့ အညံ့ဆုံး အသင်း စာရင်းထဲ ပါဝင်သွားခဲ့ပါတယ် ။

အသက် 37 နှစ် ရှိနေပြီဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုဟာ 2022 ကာတာ ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာတော့ ပေါ်တူဂီ လက်ရွေးစင် အသင်းကြီးအတွက် အုပ်စု ပွဲစဥ် 3 ပွဲလုံး ပွဲထွက် ကစားခွင့်တွေ ရရှိထားနိုင်ခဲ့ပါတယ် ။ အဲ့ဒီမှာတော့ သူဟာ အသင်းအတွက် တစ်ဂိုးလည်း သွင်းယူထားနိုင်ခဲ့ပါသေးတယ် ။

ဒါပေမဲ့ အခြားသော မိနစ်တွေမှာတော့ သူဟာ ပုံစံကောင််း ပြသနိုင်ဖို့ ၊ အကျိုးသက်ရောက်မှု ပေးနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။ အခုတော့ Sofascore က ကမ္ဘာ့ ဖလား ပြိုင်ပွဲရဲ့ အုပ်စု အဆင့် အပြီး ဒီပြိုင်ပွဲရဲ့ အညံ့ဆုံး အသင်းကို ထုတ်ပြန် ကြေငြာသွားခဲ့လိုက်ပါတယ် ။

အဲ့ဒီမှာတော့ ပေါ်တူဂီ လက်ရွေးစင် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒို ဟာ သုံးပွဲ ကစားပြီး Rating 6.37 နဲ့ အညံ့ဆုံး အသင်းထဲ ပါဝင်လာခဲ့တာပဲ ဖြစ်ပါတယ် ။ တကယ်တော့ ရော်နယ်ဒို ဟာ ဒီပြိုင်ပွဲမှာ ဘောလုံးထိခွင့်တွေ နည်းပါးခဲ့ရပါတယ် ။

ဒါ့ကြောင့် သူဟာ ကွင်းထဲမှာ အသင်းဖော်တွေ အပေါ် မကြာခန ဆိုသလို စိတ်အလိုမကျ ဖြစ်နေခဲ့တာကို မြင်တွေ့ခဲ့ရပါသေးတယ် ။ ဒါ့အပြင် တောင် ကိုးရီးယား အသင်းကို 2 – 1 နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဥ်ရဲ့ ပွဲချိန် 65 မိနစ်မှာ လူစားလဲခံခဲ့ရတဲ့ အတွက် သူဟာ မပျော်မရွှင် ဖြစ်ခဲ့ပါသေးတယ် ။

Sofascore ကတော့ သူတို့ အခုလို အညံ့ဆုံး အသင်းကို ဘယ်လို အချက်အလက်တွေ အခြေခံပြီး တွက်ချက်ခဲ့လဲ ဆိုတာ ရှင်းပြခဲ့ပါသေးတယ် ။ သူတို့ရဲ့ ရှင်းလင်းချက်မှာ ဒီပြိုင်ပွဲရဲ့ ပွဲကစားချိန် စုစုပေါင်းရဲ့ 60 ရာခိုင်နှုန်း ကစားခဲ့တဲ့ ကစားသမားတွေကိုပဲ ရွေးချယ်ခဲ့ကြောင်း ပါဝင်ခဲ့ရပါတယ် ။

အဆိုပါ အသင်းရဲ့ ဂိုးသမား နေရာမှာတော့ အိမ်ရှင် ကာတာ အသင်းရဲ့ နံပါတ် တစ် ဂိုးသမား ဖြစ်သူ မီရှာလ် ဘာရှန်း က rating 6.1 နဲ့ ရှိနေခဲ့ပါတယ် ။ သူဟာ ဒီပြိုင်ပွဲမှာ 5 ဂိုးအထိ ပေးခဲ့ရတာပဲ ဖြစ်ပါတယ် ။ သူဟာ အဖွင့်ပွဲမှာ မပါဝင်ခဲ့ပေမဲ့ ကျန်တဲ့ နှစ်ပွဲမှာ ပါဝင်ခွင့်ရခဲ့ပြီး 5 ဂိုးပေးခဲ့ရတာပဲ ဖြစ်ပါတယ် ။

 

အဲ့ဒီနောက် စပိန် လက်ရွေးစင် အသင်းကို 7 ဂိုး အထိ ပေးခဲ့ရတဲ့ ကော်စတာရီကာ အသင်းရဲ့ ဗဟို ခံစစ်မှူး နှစ်ဦး ဖြစ်ကြသူ ဖရန်စစ္စကို ကယ်လ်ဗို နဲ့ အော်စကာ ဒူအာတေး တို့ဟာ ဗဟို ခံစစ် နေရာမှာ ပါဝင်လာခဲ့ကြတာပဲ ဖြစ်ပါတယ် ။ သူတို့ရဲ့ ပျမ်းမျှ rating ကတော့ 6.23 နဲ့ 6.3 သာ ရှိခဲ့ပါတယ် ။

ဘယ်ခံစစ် နေရာမှာတော့ ကာတာအသင်းရဲ့ နောက်ခံလူ ဟော်မန် အာမတ် က rating 6.23 နဲ့ ရှိနေခဲ့ပြီး ညာနောက်ခံံလူ နေရာမှာတော့ ကနေဒါ မှ အလစ္စတာ ဂျွန်ဆင် ဟာ rating 6.4 နဲ့ ရှိနေခဲ့တာပဲ ဖြစ်ပါတယ် ။

ဗဟို ကွင်းလယ် နေရာမှာတော့ ဆော်ဒီ အာရေးဗျ နဲ့ ကာတာ အသင်းတို့ရဲ့ ကွင်းလယ်လူတွေဖြစ်ကြတဲ့ မယ်လ်ကီ နဲ့ ဘူဒီယက်ဖ် တို့ဟာ rating 6.15 , 5.3 တို့နဲ့ ရှိနေခဲ့ကြပါတယ် ။ ဘယ်တောင်ပံမှာတော့ ကနေဒါမှ ဘူချာနန် ဟာ rating 6.1 နဲ့ ရှိနေခဲ့ပါတယ် ။

ညာတောင်ပံ တိုက်စစ် နေရာမှာတော့ သြစတြေးလျ အသင််းမှ မက်သရူး လက်ကီ ဟာ rating 6.33 နဲ့ ရှိနေခဲ့ပြီး တိုက်စစ်မှူး နှစ်ယောက် နေရာမှာတော့ ကာတာ အသင်းရဲ့ တိုက်စစ်မှူး အလီ နဲ့ ပေါ်တူဂီ လက်ရွေးစင် ရော်နယ်ဒို တို့က 6.23 , 6.37 တို့နဲ့ ရပ်တည်နေခဲ့ကြတာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar