၂၀၁၀ ကမ္ဘာ့ဖလားက ၎င်းရဲ့ နာမည်ကျော် handball အတွက် ဂါနာကို တောင်းပန်ရန် ငြင်းဆန်လိုက်ကာ ပြိုင်ဘက်ကစားသမားကိုသာ အပြစ်တင်လိုက်တဲ့ ဆွာရက်ဇ်

လူး၀စ်ဆွာရက်ဟာ လွန်ခဲ့တဲ့ ၂၀၁၀ ကမ္ဘာ့ဖလား ပြိုင်ပွဲတုန်းက ဂါနာနဲ့ ပွဲစဉ်မှာ ၎င်းရဲ့ နာမည်ကျော် handball အတွက် ပြိုင်ဘက်အသင်းကို တောင်းပန်ရန် ငြင်းဆန်သွားခဲ့ပြီး ပင်နယ်တီကို လွဲချော်ခဲ့တဲ့ အဆာမိုဂျန် ကိုသာ အပြစ်တင်သွားခဲ့ပါတယ်။ ဥရုဂွေးနဲ့ ဂါနာ တို့ တွေ့ဆုံခဲ့တဲ့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်ရဲ့ အချိန်ပို နောက်ဆုံးမိနစ်မှာ ဆွာရက်ဟာ အဒီယာရဲ့ ခေါင်းတိုက်ဘောကို ပင်နယ်တီ စည်းပေါ်ကနေ လက်နဲ့ ပုတ်ထုတ်ခဲ့ကာ ဂါနာရဲ့ အနိုင်ဂိုးကို တားဆီးသွားခဲ့ပါတယ်။

ဆွာရက်ဟာ ဒီလုပ်ရပ်ကြောင့် အနီကတ်ထိကာ ဥရုဂွေးတို့ ပင်နယ်တီ ပေးခဲ့ရပေမယ့်လည်း အဆာမိုဂျန်က အဆိုပါ ပင်နယ်တီကို ၀င်အောင် မကန်သွင်းနိုင်ခဲ့ပါဘူး။ အဲဒီနောက် ဂါနာဟာ ဥရုဂွေးကို ပင်နယ်တီ အဆုံးအဖြတ်မှာ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ ဆွာရက် နဲ့ ဥရုဂွေး တို့ဟာ လာမည့် သောကြာနေ့ ကမ္ဘာ့ဖလား အုပ်စု H ရဲ့ နောက်ဆုံးပွဲစဉ်မှာ တွေ့ဆုံနေကြပြီး နှစ်သင်းစလုံးဟာ နောက်တဆင့် တက်ရောက်နိုင်ရန် မျှော်လင့်ချက် အတွက် မဖြစ်မနေ အနိုင်ရဖို့တော့ လိုအပ်နေပါတယ်။

ဂါနာနဲ့ ပွဲစဉ် မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ ၂၀၁၀ ကမ္ဘာ့ဖလားက ကိစ္စနဲ့ ပက်သက်ပြီး နောင်တရမိသလား ဆိုတဲ့ မေးခွန်းကို ဆွာရက်က “ကျွန်တော် ဒီကိစ္စနဲ့ ပက်သက်ပြီး တောင်းပန်လိုစိတ် မရှိဘူးလို့ ပထမဦးဆုံး ပြောချင်ပါတယ်။ ကျွန်တော် ဒါကို handball လုပ်ခဲ့ပေမယ့် ဂါနာ ကစားသမားက ပင်နယ်တီ လွဲချော်ခဲ့တာပါ။ ကျွန်တော် လွဲချော်ခဲ့တာ မဟုတ်ပါဘူး။

ပြိုင်ဘက် ကစားသမား တစ်ဦးဦးကို ဒဏ်ရာ ရရှိစေခဲ့တယ် ဆိုရင်တော့ ကျွန်တော် တောင်းပန်ကောင်း တောင်းပန်နိုင်ပါတယ်။ ဒါပေမယ့် ဒီကိစ္စမှာတော့ ကျွန်တော်ဟာ ဒီ handball အတွက် အနီကတ်ထိခဲ့ပါတယ်။ ဒိုင်လူကြီး ကလည်း သူတို့ကို ပင်နယ်တီ ပေးခဲ့ပါတယ်။ ဒီကိစ္စဟာ ကျွန်တော့်ရဲ့ အမှား မဟုတ်ပါဘူး။ ပင်နယ်တီ လွဲချော်ခဲ့တဲ့ ကစားသမား ကလည်း ကျွန်တော့်ရဲ့ အခြေအနေမှာ ဒါမျိုး လုပ်သွားမယ်လို့ ခင်ဗျားတို့ ထင်ကြသလား? သူတို့ ပြိုင်ပွဲကနေ ထွက်ခွာ ခဲ့ရတာဟာ ကျွန်တော့်ရဲ့ တာ၀န် မဟုတ်ပါဘူး။

ကျွန်တော်က ပင်နယ်တီ လွဲခဲ့တဲ့သူ မဟုတ်ပါဘူး။ ဒါဟာ ကျွန်တော့် အမှား မဟုတ်ပါဘူး။ လူတွေက ဒီတစ်ခါ တွေ့ဆုံမှုကို ပြန်လည် လက်တုန့်ပြန်မှု ဆိုပြီး ခေါင်းစဉ်တပ်နေကြသလား ဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး။ ဒီအဖြစ်အပျက်က ကြာခဲ့ပါပြီ။ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်က ကျွန်တော်တို့ဟာ ပေါ်တူဂီနဲ့ ကစားပြီး အနိုင်ရခဲ့ပါတယ်။ ပေါ်တူဂီ ပရိတ်သတ်တွေက ကျွန်တော်တို့ကို ရှုံးနိမ့်ခဲ့တဲ့ အတွက် လက်တုန့်ပြန်ဖို့ လိုအပ်နေတယ်လို့ ပြောတာ ခင်ဗျားကြားဖူးသလား? No ပါပဲ။ အတိတ်ကိုပဲ တွေးနေလို့ မရပါဘူး။ လက်တုန့်ပြန်ဖို့ပဲ စဉ်းစားနေမယ် ဆိုရင် ဒါဟာ ကိုယ့်ကို ပြန်လည် ထိခိုက်မှု ရှိစေနိုင်ပါတယ်။” လို့ တုန့်ပြန်သွားပါတယ်။

SM