ဘယ်လ်ဂျီယမ်နဲ့ အုပ်စု နောက်ဆုံးပွဲမှာ အထူး ခြေစွမ်းပြခဲ့ပြီးနောက် ချဲလ်ဆီးနဲ့ အပြောင်းအရွှေ့ သတင်းတွေ အပေါ် မှတ်ချက် ထပ်ပေးလာတဲ့ ဗာဒီယိုးလ်

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ စျေးကွက် ပိတ်သိမ်းခါနီးမှာ လာမယ့် ရာသီ အတွက် ဦးတည်ကာ ၊ လိုက်ပ်ဇစ် အသင်းရဲ့ တက်သစ်စ ကြယ်ပွင့် ခံစစ်မှူး ယော်စကို ဗာဒီယိုးလ်ကို ပေါင် ၇၇သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ၊ ဒါကို ယင်းဘွန်ဒက်စ်လီဂါ ကလပ်က ငြင်းဆန်ပယ်ချခဲ့ပါတယ် ။

အသက် ၂၀နှစ် အရွယ်ရှိ ဗာဒီယိုးလ် ဟာ ပြီးခဲ့တဲ့ နွေတတွင်းကပဲ လိုက်ပ်ဇစ် အသင်းနဲ့ အတူ ၂၀၂၇ ခုနှစ် အထိ သက်တမ်း ရှိစေမယ့် စာချုပ်သစ် တရပ် ချုပ်ဆိုထားသလို ၊ ချဲလ်ဆီး အပြင် လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးကပါ ခေါ်ယူဖို့ စောင့်ကြည့်လျက်ရှိပါတယ် ။

မနေ့က ကစားသွားခဲ့တဲ့ ဘယ်လ်ဂျီယမ် – ခရိုအေးရှား ကမ္ဘာ့ဖလား အုပ်စု နောက်ဆုံးပွဲမှာ ဗာဒီိယိုးလ် တယောက် ထိပ်တန်း စွမ်းဆောင်ရည်မျိုး ပြသသွားခဲ့ပြီး ၊ ဘယ်လ်ဂျီယမ် တိုက်စစ်မှူး ရိုမီလူ လူကာကူရဲ့ နောက်ဆုံး မိနစ် ကြိုးစားအားထုတ်မှု မပြုလုပ်နိုင်မီ ၊ ဘောလုံး လျှောထိုးဖြတ်ထုတ်နိုင်ခဲ့ပါတယ် ။

ဒီလို ခြေစွမ်းမျိုးသာ လက်ကျန် ကမ္ဘာ့ဖလား ပြိုင်ပွဲ တလျှောက် ဆက်လက် ထိန်းသိမ်းနိုင်မယ်ဆိုရင် ဗာဒီယိုးလ်ဟာ အခြား ဥရောပ အင်အားကြီး အသင်းတွေရဲ့ စိတ်ဝင်စားမှု ထပ်ရလာမယ် ဆိုတာ ကျိန်းသေနေပါတယ် ။

ပွဲအပြီး The Athletic သတင်းဌာနနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ဗာဒီယိုးလ် က လက်ရွေးစင် အသင်းဖော် ကွင်းလယ်လူ မတ်တီယို ကိုဗာဆစ် ရှိနေတဲ့ ချဲလ်ဆီး အသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ အပေါ် အခုလိုပဲ မှတ်ချက်ပေးသွားပါတယ် ။

ဗာဒီယိုးလ် က ” ကျွန်တော်နဲ့ ချဲလ်ဆီး အကြောင်း ? ကျွန်တော် မသိပါဘူး ။ ပြီးခဲ့တဲ့ လအနည်းငယ် အတွင်း ဘာတွေ ဖြစ်ပျက်ခဲ့လဲ ဆိုတာ ခင်ဗျားတို့ သိကြမှာပါ ။ အရိုးသားဆုံး ဝန်ခံရရင် ကျွန်တော့မှာ ခင်ဗျား ပြောနေတာနဲ့ ပတ်သက်ပြီး ဘာတခုမှ မသိရပါဘူး ။ ”

” ကျွန်တော့ရဲ့ အပြောင်းအရွှေ့ ၊ စာချုပ် အကြောင်းအရာတွေကို အေးဂျင့်က အစစအရာရာ တာဝန်ယူထားတာကြောင့် ကျွန်တော်တို့ ဆက်လက် စောင့်ကြည့်ကြတာပေါ့ ။ အခုတော့ ကျွန်တော် လိုက်ပ်ဇစ်မှာ ပျော်ရွှင်နေပါတယ် ။ ကျွန်တော်တို့ မြင်တွေ့ရမှာပါ ။ ဘောလုံးမှာ ဘယ်တော့ဘာဖြစ်မလဲ ဆိုတာ ခင်ဗျား မသိနိုင်ပါဘူး ။ ”

” အပြောင်းအရွှေ့ သတင်းတွေ အကြောင်းတော့ ခင်ဗျားတို့လည်း သိကြမှာပါ ။ ဒါပေမယ့် ကျွန်တော် ပြောနိုင်တာ တခုက လိုက်ပ်ဇစ်မှာ ပျော်ရွှင်နေတယ် ဆိုတာပါပဲ ။ ဟုတ်ပါတယ် ။ ချဲလ်ဆီးဟာ ကြီးကျယ်တဲ့ ကလပ် တသင်းပါ ။ ဘယ်သူက သိမှာလဲ ? တနေ့နေ့ ကျွန်တော် ချဲလ်ဆီးကို ရောက်ကောင်းရောက်နိုင်မှာပါ ။ ”

” ဒီလို အင်အားကြီး အသင်း တသင်းနဲ့ သတင်းတွေ ကြားရတာက ဝမ်းသာစရာကောင်းပါတယ် ။ အထူးသဖြင့် ကိုဗာဆစ် အဲဒီမှာ ရှိနေတာကြောင့်ပေါ့လေ ။ ဒီတော့ ခင်ဗျား ဘယ်တော့မှ ကြိုမသိနိုင်ပါဘူး ။ ကျွန်တော် သူနဲ့ စကားပြောဖြစ်ပါတယ် ။ ဒီကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ခရိုအေးရှား အသင်းနဲ့ အတူ ရှိနေတာတောင် ကျွန်တော့ရဲ့ အကြီးကျယ်ဆုံး အခိုက်အတန့် ဖြစ်နေပါပြီ ။ ”

” ဒါက အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ကျွန်တော့ အတွက်တော့ ကြီးကျယ်လွန်းပါတယ် ။ ဒီတော့ ကျွန်တော် ပျော်ရွှင်နေပြီး ၊ အနာဂတ် အကြောင်းနဲ့ ပတ်သက်ပြီး မဖြစ်မနေ ကျွန်တော် တွေးတောသွားမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR