နောင်တရတဲ့ ဂရီလစ်ရှ် ၊ ကမ္ဘာ့ဖလားရဲ့ ထူးခြားချက်တွေ ၊ မက်ဆီ နဲ့ မတ်တီ တို့ရဲ့ ဇာတ်လမ်း ၊ သတင်းကောင်းမကြားရသေးတဲ့ နေမာ တို့နဲ့ . . . နောက်ဆုံးရ အားကစားသတင်းများ

မနေ့ က ကစားသွားတဲ့ ကမ္ဘာ့ဖလား အုပ်စု နောက်ဆုံးပွဲစဉ် တွေကတော့ မမျှော်လင့်ထားတဲ့ ရလဒ်တွေ နဲ့ ပရိသတ်တွေကို အံ့အားသင့် စေခဲ့ ပါတယ် ။ အုပ်စု F မှာ နာမည်ကြီး ဘယ်လ်ဂျီယံ တို့ အိမ်ပြန် ခဲ့ရသလို အုပ်စု E မှာလည်း ၂၀၁၄ ကမ္ဘာ့ဖလား ချန်ပီယံ ဂျာမနီ တို့ အိမ်ပြန် သွားခဲ့ကြရ ပါတယ် ။

အုပ်စု E ရဲ့ နောက်ဆုံးပိတ် ပွဲစဉ်မှာ ဂျပန် ဟာ စပိန် အသင်းကို ၂-၁ နဲ့ အနိုင် ကစားပြိး အုပ်စု ပထမ နေရာကိုပါ ရယူကာ ရှုံးထွက် အဆင့်ကို တက်လှမ်း သွားခဲံ ပါတယ် ။ ဂျပန် ရဲ့ နိုင်ပွဲကြောင့် ဂျာမနီ ဟာ ကော်စတာ ရီကာ ကို အနိုင် ကစားနိုင်ခဲ့ ပေမယ့် အုပ်စု တတိယ နဲ့သာ အဆုံးသတ် ခဲ့ရပါတယ် ။

ဒါဟာ ဂျာမနီ အတွက် ကမ္ဘာ့ဖလား ၂ ကြိမ်ဆက်တိုက် အုပ်စု အဆင့်ကနေ လှည့်ပြန် ခဲ့ရတာလည်း ဖြစ်လာစေခဲ့ ပါတယ် ။

စပိန် ကတော့ အုပ်စု ဒုတိယ နေရာနဲ့ နောက်တဆင့် တက်သွားပြီး ၁၆ သင်းဆင့်မှာ မော်ရိုကို အသင်းနဲ့ ရင်ဆိုင် ရတော့မှာပဲ ဖြစ်ပါတယ် ။

အုပ်စု F မှာတော့ ဘယ်လ်ဂျီယံ ဟာ ခရိုအေးရှား နဲ့ ဂိုးမရှိ သရေကျခဲ့ပြီး အိမ်ပြန် စောသွားခဲ့ ပါတယ် ။ ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူ ဟာ အပိုင်အခွင့်အရေး ၃ ကြိမ်အထိ လွဲချော်ခဲ့ပါတယ် ။

တဘက် မှာတော့ မော်ရိုကို ဟာ ကနေဒါ ကို အနိုင် ကစားပြီး အုပ်စု ပထမ အဖြစ်နဲ့ နောက်တဆင့် တက်နိုင်ခဲ့ ပါတယ် ။ ဒါဟာ ကမ္ဘာ့ဖလား သမိုင်းတလျောက် အာဖရိက အသင်းတသင်း က အုပ်စု ပထမ နေရာကို ပထမဆုံး ရယူနိုင်ခဲ့မှု အဖြစ်လည်း မှတ်တမ်း ဝင်သွားနိုင်ခဲ့ ပါတယ် ။

ပိုလန် လက်ရွေးစင် မတ်တီ ကက်ရှ် က သူဟာ ဗီလာ အသင်းဖော် အီမီလီယာနို မာတီနက် ရဲ့ အကူအညီ နဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီ ရဲ့ ဂျာစီ ကို လက်ဆောင် ရရှိ ခဲ့တယ်လို့ ဖွင့်ဟ ပြောဆို သွားခဲ့ ပါတယ် ။

အာဂျင်တီးနား ဂိုးသမား မာတီနက် ဟာ ပိုလန်-အာဂျင် ပွဲအပြီးမှာ မက်ဆီ ရဲ့ ဂျာစီ ကို တောင်းယူကာ မတ်တီ ကက်ရှ် ကို လက်ဆောင်ပေးအပ်ခဲ့တာပဲ ဖြစ်ပါတယ် ။

ဥရောပ ဘောလုံးအဖွဲ့ချုပ် ဟာ ယူဗင်တပ် အသင်းရဲ့ ဥက္ကဌ အပါအဝင် ဒါရိုက်တာ အဖွဲ့ဝင်တွေ အစုလိုက် အပြုံလိုက် နှုတ်ထွက်မှုကို စုံစမ်းစစ်ဆေး သွားဖို့ လုပ်ဆောင် နေပြီး စပါး ဒါရိုက်တာ ပါရာတစ်ချီ လည်း စုံစမ်း မေးမြန်း ခံရမယ့် စာရင်းမှာ ပါရှိတယ်လို့ ကြားသိရ ပါတယ် ။

ယူဗင်တပ် ဥက္ကဌသစ် ဖြစ်လာတဲ့ ဂီယန်လူကာ ဖာရဲရိုး ဟာ အသင်းရဲ့ သစ္စာရှိ ဂန္ထဝင် တိုက်စစ်မှူးကြီး ဒယ်လ်ပီယာရို ကို ဒုဥက္ကဌ ရာထူး အတွက် ခန့်ထားပေးဖို့ ဆန္ဒ ၇ျိနေတယ်လို့ သိရပါတယ် ။

ဘရာဇီး နောက်ခံ ကစားသမားကြီး ဒါနီ အဲလ်ဗက်စ် ဟာ ဒီကနေ့ ကစားမယ့် ကင်မရွန်း အသင်းနဲ့ ပွဲမှာ အသင်း ခေါင်းဆောင် အဖြစ် ပါဝင် ကစားဖွယ် ရှိနေပြီး ကမ္ဘာ့ဖလား သမိုင်းတလျောက် အသက်အကြီးဆုံး ကပ္ပတိန် အဖြစ် မှတ်တမ်း ဝင်သွား နိုင်တယ်လို့ သိရပါတယ် ။

ဘရာဇီး တိုက်စစ်မှူး နေမာ ရဲ့ ဒဏ်ရာ အခြေအနေ ဟာ မျှော်လင့်ထားတာထက် မြန်ဆန် သက်သာလာခြင်း မရှိသေးဘူးလို့ သိရပါတယ် ။ ကနဦး က နေမာ ဟာ အုပ်စု ပွဲစဉ်တွေ ပြီးပါက ပြန်လည် ပါဝင်နိုင်တယ်လို့ သုံးသပ် ခဲ့ကြပေမယ့် လက်ရှိ မှာတော့ ကွာတားဖိုင်နယ် လောက်မှသာ ကစားပေး နိုင်မယ့် အလားအလာတွေ ရှိလာတယ်လို့ ကြားသိရ ပါတယ် ။

ဘယ်ဂျီယံ အသင်း ကမ္ဘာ့ဖလား ကနေ လက်ပြနှုတ်ဆက် အပြီးမှာ နည်းပြ ရော်ဘတ်တို မာတီနက် ဟာ လက်ရွေးစင် အသင်းနဲ့ လမ်းခွဲ သွားခဲ့ပါတယ် ။

မာတီနက် ဟာ ၂၀၁၆ မှာ ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်း နည်းပြ ဖြစ်လာခဲ့သူ ဖြစ်ပြီး သူ့လက်ထက် မှာ ကမ္ဘာ့ဖလား တတိယ အထိ ရယူနိုင်ခဲ့ ပါတယ် ။

ဂျာမနီ လက်ရွေးစင် နည်းပြ ဟန်ဆီ ဖလစ် ကတော့ သူ့ရဲ့ အနာဂါတ် ကို လျှင်လျှင်မြန်မြန် ဆုံးဖြတ် သွားမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ ပါတယ် ။

အင်္ဂလန် စတား ဂျက်ဂရီလစ်ရှ် ဟာ နယူးကာဆယ် တိုက်စစ်မှူး မီဂွယ် အယ်မီရွန် ကို ဗီဒီယို ထဲမှာ ထည့်သွင်း လှောင်ပြောင်ခဲ့မှု နဲ့ ပတ်သက်ပြီး နောင်တ ရမိကြောင်း ထုတ်ဖော် ဝန်ခံ သွားခဲ့ ပါတယ် ။

နယူးကာဆယ် ဟာ လက်စတာ ကွင်းလယ်လူ မက်ဒီဆင် ကို စိတ်ဝင်စား နေပေမယ့် အခု ဇန်နဝါရီမှာတော့ ခေါ်ယူဖို့ အစီအစဉ် မရှိဘူးလို့ သိရပါတယ် ။

 

SPORTS MYANMAR