ဂျေးဇု ကို ‘ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦး ‘ လို့ ချီးကျူးလိုက်တဲ့ ရော်နယ်ဒို

ဘရာဇီး ဂန္တဝင် တိုက်စစ်မှူးကြီး ရော်နယ်ဒို က အာဆင်နယ် အသင်း တိုက်စစ်မှူး ဂါဘရီယဲလ် ဂျေးဇု ဟာ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦး ဖြစ်တယ်လို့ ဆိုလိုက်ပြီး ဂိုးပေါက်ပျောက်နေမှုကို မကြာခင် အဆုံးသတ် နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြား လိုက်ပါတယ် ။

အသက် ၂၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဂျေးဇု ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလမှာ မန်ချက်စတာ စီးတီး အသင်း ကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်း နဲ့ ရောက်ရှိ သွားခဲ့သူ ဖြစ်ပါတယ် ။

ဂျေးဇု ဟာ ရောက်ခါစမှာပဲ အာဆင်နယ် အသင်းအတွက် သွင်းဂိုးတွေ ဂိုးဖန်တီးမှု တွေ ပြုလုပ်ပြီး အကျိုးပြု နိုင်ခဲ့ပါတယ် ။ နောက်ပိုင်း ပွဲစဉ်တွေမှာလည်း ဂျေးဇု ဟာ အာဆင်နယ် အသင်း ရဲ့ တိုက်စစ် အတွက် အားကိုးရသူ အဖြစ် ခြေစွမ်းပြ နေသေးပေမယ့် သွင်းဂိုး မရ ဖြစ်နေခဲ့ပါတယ် ။

ဂျေးဇု ဟာ ကလပ် အသင်း နဲ့ နိုင်ငံ အသင်း နှစ်ခုပေါင်းမှာ သွင်းဂိုး မရ ဖြစ်နေတာ ၁၃ ပွဲဆက် ရှိသွားခဲ့ပြီ ဖြစ်ပါတယ် ။ ဂျေးဇု ဟာ ဒီနေ့ည ကင်မရွန်း နဲ့ ကမ္ဘာ့ဖလားအုပ်စု နောက်ဆုံး ပွဲမှာ ဘရာဇီး အသင်း ရဲ့ တိုက်စစ်ကို ဦးဆောင်ခွင့် ရဖွယ် ရှိနေတာကြောင့် သူ့ရဲ့ ဂိုးမိုးခေါင်မှုကို အဆုံးသတ်ဖို့ အခွင့်အရေးကောင်း ရှိနေပါတယ် ။

ဘရာဇီး အသင်း နောက်ဆုံး အကြိမ် ကမ္ဘာ့ဖလား ရစဉ်တုန်းက ရွှေဖိနပ်ဆု ရခဲ့တဲ့ ရော်နယ်ဒို ကတော့ ဂျေးဇု အပေါ် ယုံကြည်မှု အပြည့် ရှိနေပါတယ် ။ ” ကာတာမှာ ဂျေးဇု နဲ့ အတူ ကျနော် ညစာ စားဖြစ်ခဲ့ပါတယ် ၊ သူ ကျနော့်ဘေးမှာပဲ ထိုင်တာပါ ၊ သူ့ရဲ့ သမီးငယ်လေးနဲ့လည်း တွေ့ခွင့် ရခဲ့ပါတယ် ၊ လှပပြီး ချစ်စရာကောင်းတဲ့ ကလေးလေးပါ ။ ”

” ကျနော်တို့ နှစ်ယောက် တစ်ယောက် နဲ့ တစ်ယောက် idea တွေ မျှဝေ ခဲ့ကြပါတယ် ၊ သူက ကျနော့်ရဲ့သူငယ်ချင်းကောင်းဆိုလည်း မှန်ပါတယ် ၊သူ နဲ့ ကျနော် အခုလို စကားတွေ ပြောဖြစ်တာ ဟိုးအရင်ကတည်းကပါပဲ ။ အခုလည်း သူနဲ့ စကားတွေ ပြောဖြစ်ပါတယ် သူ စိုးရိမ်နေမှုတွေ သက်သာသွားအောင်ပေါ့ ။ ”

” သူက အာဆင်နယ် အသင်းမှာ သိပ်ကို ကောင်းမွန်တဲ့ ဘောလုံး ရာသီ တစ်ခုကို ပိုင်ဆိုင် နေခဲ့တာပါ ။ အာဆင်နယ် ပွဲ ကြည့်ရတာ ဘယ်လောက်တောင် စိတ်ချမ်းသာ ရသလဲ ဆိုတာ သူ့ကို ပြောပြဖြစ်ခဲ့ပါတယ် ။ ”

” ဂါဘရီယဲလ် က လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေကထဲ တစ်ဦးပါ ၊ ၂၀၁၈ ခုနှစ်တုန်းထက် ပို​ပြီးလည်း ရင့်ကျက်လာပါတယ် ။ သူ သွင်းဂိုးတွေ ပြန်ရလာပါလိမ့်မယ် ၊ ဂိုးမိုးခေါင်နေမှုကို စိတ်ထဲ မထားဘဲ ကစားဖို့ လိုပါတယ် ၊ သူ့အနေနဲ့ ကွင်းထဲမှာ ကိုယ်လုပ်ရမယ့် အရာကို သေချာ သိဖို့ အရေးကြီးပါတယ် ။ ” လို့ ချီးကျူး အကြံပေးသွားခဲ့ပါတယ် ။

SM