ချဲလ်ဆီးထက်စာရင် မန်ယူနိုက်တက် ကိုသာ ပြောင်းရွေ့ရန် အင်္ဂလန်စတားကို တိုက်တွန်းလိုက်တဲ့ ဒေးဗစ်ဂျိမ်း

ဒေးဗစ်ဂျိမ်းက အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလား ကြယ်ပွင့် ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ် အနေနဲ့ ချဲလ်ဆီး အသင်းထက် စာရင် မန်ချက်စတာယူနိုက်တက် အသင်းကို ပြောင်းရွေ့သင့်တယ်လို့ ဆိုလိုက်ပါတယ်။ ချဲလ်ဆီး အသင်းဟာ အဲဗာတန် ဂိုးသမား ပစ်ဖို့ဒ်ကို စိတ်၀င်စားလျက် ရှိနေပြီး နည်းပြ ဂရေဟမ်ပေါ်တာဟာ အသင်းရဲ့ ဂိုးသမားတွေ ဖြစ်ကြတဲ့ မန်ဒီ နဲ့ ကီပါအရီဇာဘာလာဂါ တို့ကို ရောင်းချသွားရန် စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

ပစ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ၆ နှစ်အတွင်း အဲဗာတန်ရဲ့ ပထမဂိုးသမား အဖြစ် ရှိနေသလို အင်္ဂလန် အသင်း အတွက်လည်း ၄၈ ပွဲ ကစားထားခဲ့ပြီး ဖြစ်ပါတယ်။ ပစ်ဖို့ဒ်ဟာ အင်္ဂလန် အသင်းကို ၂၀၁၈ က ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် နဲ့ ယူရို ၂၀၂၀ ဖိုင်နယ်ထိ တက်ရောက်နိုင်အောင် ကူညီပေးထားခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ် ဂိုးသမားဟာ ချန်ပီယံလိဂ် ကလပ်ကို ပြောင်းရွေ့ဖို့ အတွက် လမ်းဖွင့်ပေးထားနိုင်ပြီး ချဲလ်ဆီးရဲ့ စိတ်၀င်စားမှုကို ရရှိနေကာ အင်္ဂလန် ဂိုးသမားဟောင်း ဂျိမ်းကတော့ အိုးထရပ်ဖို့ဒ်ကို ပြောင်းရွေ့လာတာကသာ ပစ်ဖို့ဒ် အတွက် ပိုမို ကောင်းမွန်တယ်လို့ ဆိုလိုက်ပါတယ်။

ဒီဂီယာဟာ မန်ယူနိုက်တက်ရဲ့ နံပါတ်တစ် ဂိုးသမား နေရာကို ဆယ်စုနှစ် တစ်ခုကြာ ရယူထားခဲ့ပေမယ့်လည်း အဲရစ်တန်းဟတ်ဟာ စပိန် ဂိုးသမားထက် ဘောလုံးဖြန့်ဝေမှု ပိုမို ကောင်းမွန်တဲ့ ဂိုးသမားကို ရှာဖွေနေပါတယ်။

ဂျိမ်းက “ကစားသမားကောင်းတွေနဲ့ အတူ တွဲဖက် ကစားရခြင်းဟာ ကိုယ့်ရဲ့ စွမ်းဆောင်ရည် အရည်အသွေး အပေါ် လွှမ်းမိုးမှု ရှိတယ်ဆိုတာကို အာဆင်နယ်ရဲ့ အာရွမ်ရမ်စ်ဒဲလ်က သက်သေပြထားခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ သူဟာ အနာဂတ်မှာ ဒီနိုင်ငံအတွက် နံပါတ် ၁ ဖြစ်လာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ အများကြီး ပိုကောင်းတဲ့ အသင်းမှာ ကစားနေရတာ မို့လိုပါ။ ဂျော်ဒန်ပစ်ဖို့ဒ် ကလည်း အင်္ဂလန် အသင်းမှာ သူလုပ်ပြနေတဲ့ အရာတွေကို ပရီးမီးယားလိဂ်ရဲ့ အသင်းကြီး တစ်ခုခုမှာသာ ကစားခဲ့မယ်ဆိုရင် ဒါမျိုးကို လုပ်ပြနိုင်မှာ ဖြစ်ပါတယ်။

သူဟာ ချဲလ်ဆီး ဒါမှမဟုတ် မန်စီးတီး တို့လို အသင်းတွေမှာ ကစားရန် လုံလောက်တဲ့ ကောင်းမွန်မှု ရှိတယ် ဆိုတာ ပြောစရာ မလိုပါဘူး။ သူဟာ အင်္ဂလန် လက်ရွေးစင် အသင်းမှာလိုမျိုး ဒီလို ကြီးကြယ်တဲ့ ကလပ်အတွက် ကစားရတဲ့ အခါမှာ ပြသနိုင်မှာပါ။ သူ ချဲလ်ဆီးကို ပြောင်းရွေ့မှာလား? ကီပါဟာ ထိပ်တန်းအသင်းမှာ ထိပ်တန်း ကစားသမား ဖြစ်နိုင်တယ် ဆိုတာကို နောက်ပိုင်းမှာ ပြသနေခဲ့ပါတယ်။

သူ ဘာကြောင့် မန်ချက်စတာယူနိုက်တက်ကို မပြောင်းတာလဲ? ပစ်ဖို့ဒ်ဟာ အဲဗာတန် အတွက် ကစားနေသူပါ။ မန်ချက်စတာဟာ နီးနီးလေးပါပဲ။ ဒါဟာ လန်ဒန်ကို ပြောင်းရွေ့တာထက်စာရင် ပြင်ပအနှောက်အယှက်တွေ ပိုနည်းပါတယ်။ အကယ်၍ သူ့အတွက် ကျွန်တော် အကြံပြုပေးရမယ်ဆိုရင် မန်ယူနိုက်တက်ကိုပဲ သူသွားသင့်တယ်လို့ ထင်ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ မကစားရဘူးဆိုတာ ကျွန်တော် သိပါတယ်။ အကယ်လို့များ ယူနိုက်တက်သာ ပစ်ဖို့ဒ်ကို ခေါ်ယူလိုက်မယ် ဆိုရင် သူဟာ ဒီအသင်းကို ပိုမို ကောင်းမွန်တဲ့ level မှာ ယှဉ်ပြိုင်နိုင်တဲ့ အရည်အသွေးတွေ ပေးနိုင်မယ်ဆိုတာ အသေအချာပါပဲ။” လို့ ဆိုလိုက်ပါတယ်။

SM