ပြင်သစ်စတား အမ်ဘက်ပေကို ရပ်တန့်နိုင်မယ့် တစ်ဦးတည်းသော နောက်ခံလူကို ပြောပြလိုက်တဲ့ ဖာဒီနန် နဲ့ ဂယ်ရီနဗီး

ရီယိုဖာဒီနန်က အင်္ဂလန်ရဲ့ ကိုင်းဝေါ်ကာဟာ ပြင်သစ်ရဲ့ ကမ္ဘာ့ဖလား ကြယ်ပွင့် ဖြစ်သူ ကီလီယန်အမ်ဘက်ပေကို ရပ်တန့်နိုင်စွမ်း ရှိတဲ့ ကမ္ဘာပေါ်က တစ်ဦးတည်းသော နောက်ခံလူ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ဖာဒီနန်ရဲ့ မန်ယူနိုက်တက် နဲ့ အင်္ဂလန် အသင်းဖော်ဟောင်း ဂယ်ရီနဗီး ကလည်း အကယ်လို့များ အင်္ဂလန် အနေနဲ့ ကွာတားဖိုင်နယ်မှာ ပြင်သစ်နဲ့ တွေ့ဆုံခဲ့မယ် ဆိုရင် မန်စီးတီး ညာနောက်ခံလူဟာ အမ်ဘက်ပေကို ထိန်းချုပ်နိုင်မယ့် perfect ကစားသမား ဖြစ်တယ်လို့ မြင်နေပါတယ်။

ပီအက်ဂျီ စတားဟာ သြစတေးလျကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ၁ ဂိုး သွင်းယူခဲ့သလို ဒိန်းမတ်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာလည်း အနိုင်ဂိုး ၂ ဂိုးစလုံးကို သွင်းယူခဲ့ပါတယ်။ အမ်ဘက်ပေဟာ မနေ့ညက ပြင်သစ်တို့ တူနီးရှားကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ပွဲထွက်စာရင်းမှာ မပါ၀င်ဘဲ အနားပေးခြင်း ခံခဲ့ရပြီး ၆၃ မိနစ်မှသာ ကိုးမန်း အစား လူစား၀င်ကစားသွားခဲ့ပါတယ်။

အင်္ဂလန်ဟာ ဝေးလ်ကို ၃-၀ နဲ့ သက်တောင့်သက်သာ အနိုင်ရရှိခဲ့ပြီးနောက် အုပ်စုဘီမှာ ထိပ်ဆုံးနေရာကနေ ရှုံးထွက်အဆင့်ကို တက်သွားခဲ့ပြီး ၁၆ သင်း အဆင့်မှာ ဆီနီဂေါနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဆောက်ဂိတ်ရဲ့ အသင်း အနေနဲ့ ကွာတားဖိုင်နယ်မှာ ကာတာ ကမ္ဘာ့ဖလားရဲ့ အတောင့်တင်းဆုံး အသင်းတွေထဲက တစ်ခု ဖြစ်တဲ့ ပြင်သစ်နဲ့ တွေ့ဆုံသွားဖို့ ရှိနေပြီး မန်ယူနိုက်တက် ဂန္တ၀င်တွေ ဖြစ်ကြတဲ့ ဖာဒီနန် နဲ့ နဗီး တို့က အင်္ဂလန်ရဲ့ ဝေါ်ကာဟာ ဘောလုံးကြယ်ပွင့် အမ်ဘက်ပေကို ရပ်တန့်နိုင်လိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။

နဗီးက “ဒီပြိုင်ပွဲမှာ အင်္ဂလန်တို့ နောက်တန်း ၃ ယောက်နဲ့ ကစားသွားလိမ့်မယ်လို့ ကျွန်တော် ထင်ခဲ့ပေမယ့်လည်း ဒီအချိန်မှာတော့ ကျွန်တော်တို့ ဒီကစားကွက်နဲ့ ကစားသွားလိမ့်မယ်လို့ မထင်တော့ပါဘူး။ အင်္ဂလန်ရဲ့ ဗဟိုနောက်ခံအတွဲဟာ လုံလောက်တဲ့ တောင့်တင်းမှု မရှိဘူးလို့ ကျွန်တော် ထင်ခဲ့ပါတယ်။ ဒါပေမယ့် စတုန်း နဲ့ မက်ဂွိုင်းယား တို့အတွဲဟာ ဒါကို မှားယွင်းကြောင်း သက်သေပြထားခဲ့ပါတယ်။ ဒါပေမယ့် လာမည့် အဆင့်တွေမှာ တွေ့ဆုံရမယ့် ပြိုင်ဘက်တွေ ကတော့ အုပ်စုပွဲစဉ်တွေမှာ သူတို့ ရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဘက်တွေနဲ့ ခြားနားသွားမှာပါ။

ကြီးမားတဲ့ ထိပ်တိုက်တွေ့ဆုံမှုကြီးကို မကြာခင် ကြုံလာရနိုင်တဲ့ ပုံစံပါပဲ။ အမ်ဘက်ပေ vs ဝေါ်ကာပေါ့။ ကျွန်တော်တို့ ဆီမှာ အမ်ဘက်ပေရဲ့ ကြံ့ခိုင်မှု လျှင်မြန်မှု နဲ့ အတွေ့အကြုံကို ကောင်းကောင်း ဖြေရှင်းနိုင်တဲ့ perfect ညာနောက်ခံလူ ရှိနေပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဖာဒီနန်ကလည်း “ကျွန်တော့် အတွက်ကတော့ ဝေါ်ကာဟာ ဒီအချိန်မှာ အမ်ဘက်ပေကို ကောင်းကောင်း ယှဉ်ပြိုင်နိုင်စွမ်း ရှိတဲ့ ကမ္ဘာပေါ်က တစ်ဦးတည်းသော နောက်ခံလူလို့ ထင်ပါတယ်။ သူတို့ နှစ်ယောက် 1v1 ယှဉ်ပြိုင်ဖို့ အတွက် စိတ်အားထက်သန်နေမှာပါ။ ဝေါ်ကာကလည်း ဒါကို အားခဲနေမှာပါ။ ကျွန်တော်တို့ ဒါကို ယူရိုမှာ တွေ့ခဲ့ပြီးပါပြီ။ သူ့ဆီမှာ ဒါမျိုး လုပ်နိုင်တဲ့ ယုံကြည်မှုက ရှိနေပါတယ်။ သူဟာ အမ်ဘက်ပေကို တားဆီးနိုင်စွမ်း ရှိတဲ့ တစ်ဦးတည်းသော နောက်ခံလူလို့ ကျွန်တော် ထင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဝေါ်ကာဟာ အီရန် ယူအက်စ်အေ တို့နဲ့ ပွဲစဉ်မှာ အရန်ခုံကနေသာ ပွဲထွက်ခဲ့ရပေမယ့်လည်း ပြီးခဲ့တဲ့ ဝေးလ်နဲ့ ပွဲစဉ်မှာတော့ ပွဲထွက် ပါ၀င် ကစားသွားခဲ့ပါတယ်။

SM