ဆားဘီးယား အသင်းဖော် တဦးရဲ့ ဇနီးနဲ့ ဖောက်ပြန်ခဲ့တယ် ဆိုတဲ့ ကောလဟလတွေ အပေါ် တုန့်ပြန်ချေပလာတဲ့ ဒူဆန် ဗလာဟိုဗစ်

ဆားဘီးယား လက်ရွေးစင် တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ် ဟာ လက်ရှိ ကာတာ ကမ္ဘာ့ဖလားမှာ ကစားခွင့် မိနစ် အချို့သာ ရထားပြီး ၊ ပွဲထွက်ခွင့် လုံးဝ ပျောက်ဆုံးလျက်ရှိပါတယ် ။ ဒါဟာ လတ်တလော ထွက်ပေါ်နေတဲ့ ဆာဘီးယား အသင်းဖော် တဦးရဲ့ ဇနီးဖြစ်သူနဲ့ ဖောက်ပြန်ခဲ့ခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက် ဖြစ်တယ်လို့ ဆားဘီးယား မီဒီယာတွေ အကြား သတင်းတွေ ပြန့်နှံ့လျက်ရှိပါတယ် ။

အသက် ၂၂နှစ် အရွယ်ရှိ ယင်းယူဗင်တပ်စ် ကြယ်ပွင့် တိုက်စစ်မှူးဟာ ဘရာဇီး အသင်းကို ၂ – ၀ နဲ့ အရေးနိမ့်ခဲ့တဲ့ အုပ်စု အဖွင့်ပွဲမှာ ၂၅မိနစ်စာလောက်သာ လူစားဝင် ကစားခဲ့ရပြီး ၊ နောက်ဆုံး ကစားခဲ့တဲ့ ကင်မရွန်း အသင်းနဲ့ တဖက် ၃ဂိုးစီ သရေကျခဲ့တဲ့ အုပ်စုပွဲမှာ အရန်ခုံ ထိုင်ခဲ့ရပါတယ် ။

မနေ့က သတင်းစာရှင်းလင်းပွဲမှာတော့ ဗလာဟိုဗစ် က ဆားဘီးယား အသင်းဖော် ဂိုးသမား ပရပ်ဒရဂ် ရက်ဂ်ျကိုဗစ်ရဲ့ ဇနီး ဖြစ်သူ အန်နာ ကာကစ်နဲ့ ဖောက်ပြန်ခဲ့တယ် ဆိုတဲ့ ကောလဟလ အကြောင်း အခုလိုပဲ တုန့်ပြန် ချေပသွားခဲ့ပါတယ် ။

ဗလာဟိုဗစ် က ” ကျွန်တော့ရဲ့ ပထမဆုံး ကမ္ဘာ့ဖလား သတင်းစာရှင်းလင်းပွဲကို ဒီလို ပုံစံမျိုးနဲ့ စတင်ရတာ စိတ်မကောင်းဖြစ်မိပါတယ် ။ ဒါပေမယ့် ကျွန်တော် မဖြစ်မနေ ပြောကို ပြောမှ ရမှာမို့လို့ပါ ။ ဘာလို့လဲဆိုတော့ ကျွန်တော့ရဲ့ နာမည်က လူတွေကြားမှာ မကောင်းပြောစရာ ဖြစ်နေတာကြောင့်ပါပဲ ။ ”

” ကျွန်တော်တို့ ကြားနေရတာတွေ ၊ ဖတ်နေရတာတွေက အမှန်တွေ မဟုတ်တာကြောင့် ၊ ကျွန်တော့ အနေနဲ့ ဒီအပေါ်မှာ ဘာမှတ်ချက်မှ ပေးစရာ အကြောင်း မရှိပါဘူး ။ လူတွေက တနေ့တခြား လုပ်စရာမရှိလို့ ၊ ပျင်းနေကြပြီး ဒီလို သတင်းမျိုးတွေ လုပ်ကြံ ဖန်တီးနေတာ သိသာလွန်းနေပါတယ် ။ ”

” ရေးစရာ အကြောင်းအရာတွေ ပါးနေလို့ သူတို့ စိတ်ပျက်နေတာ ၊ ဒေါသထွက်နေတာ ဖြစ်ပါလိမ့်မယ် ။ ဒါပေမယ့် သူတို့ရဲ့ လက်ရှိ အလုပ်က နိုင်ငံ လက်ရွေးစင် အသင်းတွေနဲ့ ဆန်ကျင်တဲ့ အလုပ်မျိုး ဖြစ်နေပါတယ် ။ ကျွန်တော်တို့ကတော့ ဒါမျိုးတွေကြောင့် ခါတိုင်းထက်တောင် ပိုပြီး စည်းလုံးနေပါပြီ ။ ”

” အသင်းရဲ့ ပတ်ဝန်းကျင်ဟာ အခုထက် ဘယ်တော့မှ ပိုမကောင်းနိုင်တော့ပါဘူး ။ ဒီသတင်းတွေက ရူးလောက်စရာပါ ။ ကျွန်တော်ကတော့ ကိုယ့်ရဲ့ နာမည် ၊ ဂုဏ်သိက္ခာကိုသာ ကာကွယ်ချင်ပါတယ် ။ ဒီတော့ လိုအပ်ရင် ဒီလို လုပ်ကြံဇာတ်လမ်းထွင်တဲ့သူတွေကို ဥပဒေနည်းအရ တရားစွဲသွားမှာပါ ။ ”

” ဒါမျိုး ဖြစ်တာ အခုမှ ပထမဆုံး အကြိမ် မဟုတ်ပါဘူး ။ ကျွန်တော်ကတော့ ပရိသတ်တွေကို အရေးကြီးပွဲ မတိုင်ခင် ကိုယ့်အသင်း အပေါ် အပြည့်အဝ အားပေးဖို့သာ မေတ္တာရပ်ခံလိုပါတယ် ။ ဒါပေမယ့် အဲဒီအစား ကျွန်တော်တို့ဟာ ကိုယ်လည်း ဘာမှမလုပ်ခဲ့ရတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ပြန်ဖြေရှင်းနေရပါတယ် ။

” ဒီလို ဇာတ်လမ်းတွေ ဖန်တီးရေးသားသူတွေဟာ ဘာရာထူးမှ အတည်တကျမရှိကြပါဘူး ။ ဒါ့အပြင် သူတို့ဟာ ကျွန်တော့ နာမည်ကနေ ဘာအာရုံစိုက်မှု တခုမှ ပိုရသွားမှာ မဟုတ်ပါဘူး ။ သူတို့တွေဟာ အမြဲတမ်း သဘောထားသေးသိမ်ကြတယ် ဆိုတာ နေ့စဉ်နဲ့ အမျှ သက်သေပြနေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ဗလာဟိုဗစ် က ပွဲကစားခွင့် မိနစ် အချို့သာ ရထားသေးတဲ့ အပေါ် ” ကျွန်တော် ခုထိ လုံလုံလောက်လောက် ကစားခွင့် မရသေးဘူးဆိုတာ အသင့်မဖြစ်သေးတာကြောင့်ပါ ။ ဒါပေမယ့် ခုချိန်မှာ ကျွန်တော် ပိုပြီး တိုးတက်မှု ရှိလာပြီး ၊ လာမယ့်ပွဲ အပေါ် အပြည့်အဝ အာရုံစိုက်သွားမှာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ရက်ဂ်ျကိုဗစ်ရဲ့ ဇနီးဖြစ်သူ ကာကစ်ကတော့ သူဟာ လတ်တလော ရက်သတ္တပတ်တွေမှာ သူ့ရဲ့ သားဖြစ်သူ ဆေးရုံတင်ထားရတာကြောင့် အလုပ်များနေတဲ့ အကြောင်း ထိုကောလဟလတွေကို ဖြေရှင်းတဲ့ အနေနဲ့ ၄င်းရဲ့ ဆိုရှယ်မီဒီယာက တဆင့် အသိပေးခဲ့ပါတယ် ။

SPORTS MYANMAR