ရော်နယ်ဒိုရဲ့ နေရာမှာ ပေါ်တူဂီစတား ၂ ဦးနဲ့ အစားထိုးရန် မန်ယူနိုက်တက်ကို တိုက်တွန်းလိုက်တဲ့ ဆာဟာ

သရဲနီ တိုက်စစ်မှုးဟောင်း ဖြစ်သူ လူး၀စ်ဆာဟာက မန်ချက်စတာယူနိုက်တက် အသင်း အနေနဲ့ အသင်းကနေ ထွက်ခွာသွားခဲ့ပြီ ဖြစ်တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ နေရာမှာ ပေါ်တူဂီရဲ့ ကမ္ဘာ့ဖလား ကြယ်ပွင့် ၂ ဦးနဲ့ အစားထိုးသွားရန် စဉ်းစားသင့်တယ်လို့ အကြံပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ နို၀င်ဘာလ အစပိုင်းက ပီယာမော်ဂန်နဲ့ explosive အင်တာဗျူးကို လုပ်ခဲ့ပြီးနောက် ယူနိုက်တက် နဲ့ ရော်နယ်ဒို တို့ဟာ နှစ်ဦးသဘောတူညီ စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။

အဲဒီနောက် လာမည့် ဇန်နဝါရီ အပြောင်းအရွေ့မှာ တိုက်စစ်မှုး တစ်ဦးကို ခေါ်ယူသွားဖို့ဟာ အဲရစ်တန်းဟတ်ရဲ့ ဦးစားပေး အစီအစဉ် ဖြစ်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာ နယ်သာလန်နဲ့အတူ ခြေစွမ်းပြနေတဲ့ PSV ရဲ့ ကိုဒီဂတ်ပို ၊ ချဲလ်ဆီးရဲ့ ပူလီဆစ် တို့နဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆာဟာ ကတော့ ရော်နယ်ဒိုရဲ့ လက်ရွေးစင် အသင်းဖော် ၂ ဦးကို အိုးထရပ်ဖို့ဒ်ထံ ပြောင်းရွေ့လာတာကို မြင်ချင်တယ်လို့ ဆိုလိုက်ပါတယ်။

ဆာဟာက သူ့အနေနဲ့ စပိန်ရဲ့ ကြယ်ပွင့် တစ်ဦး ကလည်း မန်ယူနိုက်တက်တို့ ခေါ်ယူစေချင်ပေမယ့် အဆိုပါ ကစားသမား အနေနဲ့ ပရီးမီးယားလိဂ်မှာ အထိုင်ကျပမလား ဆိုတာ မသေမချာ ဖြစ်နေပါတယ်။

ဆာဟာက “ကျနော် ကတော့ ရာဖေးလီအို နဲ့ ယာအိုဖီးလစ် တို့ကို မန်ချက်စတာယူနိုက်တက် တို့ ခေါ်ယူတာကို မြင်ချင်ပါတယ်။ သူတို့ဟာ တောင်ပံ တိုက်စစ်မှာကော အထောင် တိုက်စစ်မှာပါ ကစားနိုင်စွမ်း ရှိကြပါတယ်။ သူတို့ဟာ အံ့ဖွယ် အရည်အသွေးတွေ ရှိနေသူတွေ ဖြစ်တဲ့ အပြင် ပြိုင်ဘက်တွေ အတွက် အတော်လေး အန္တရာယ် ရှိတဲ့ သူတွေပါ။

မန်ယူနိုက်တက်မှာ ဂါဘီကိုလည်း ကျနော် မြင်ချင်ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ဟာ ခြားနားတဲ့ ပြိုင်ပွဲ တစ်ခု ဖြစ်ပါတယ်။ သူ့အတွက် ဒီပြိုင်ပွဲမှာ အထိုင်ကျဖို့ဟာ ခက်ခဲလောက်ပါတယ်။ စပိန် ကနေ အင်္ဂလန်ကို ပြောင်းရွေ့လာတဲ့ အခါမှာ တအားကို ကွဲပြားတဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်ရပါတယ်။ သူတို့ အနေနဲ့ အင်္ဂလန်မှာ ချက်ချင်း ဆိုသလို အထိုင်ဖို့ လိုအပ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ပေါ်တူဂီဟာ ကာတာ ကမ္ဘာ့ဖလားမှာ ပုံစံကောင်းကို ပြသလျက် ရှိနေပြီး ဂါနာ ဥရုဂွေး တို့ကို အနိုင်ရရှိထားခဲ့ပြီး နောက်ဆုံး ၁၆ သင်း အဆင့်ကို တက်ရောက် နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

အက်သလက်တီကိုရဲ့ ဖီးလစ် နဲ့ မီလန်ရဲ့ လီအို တို့ဟာ ဂါနာကို ၃-၂ နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ်မှာ ရော်နယ်ဒို နဲ့ အတူ ဂိုးသွင်းယူနိုင်ခဲ့ကြပြီး တနင်္လာနေ့က ဥရုဂွေးကို ၂-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ်မှာတော့ ဘရူနိုဖာနန်ဒက်စ်က ၂ ဂိုးစလုံး သွင်းယူခဲ့ပါတယ်။

 

လီအိုကို ချဲလ်ဆီးကလည်း စိတ်၀င်တစား စောင့်ကြည့်လျက် ရှိနေပြီး ကစားသမား ၂ ဦးစလုံးဟာ လက်ရှိအချိန်မှာ တောင်ကိုရီးယားနဲ့ အုပ်စု နောက်ဆုံး ပွဲစဉ်အတွက် ပြင်ဆင်လျက် ရှိနေပါတယ်။

SM