‘ Iran ‘ အသံထွက် မှားခဲ့တဲ့ အမေရိကန် အသင်းခေါင်းဆောင် အပေါ် Racist နိုင်ငံကို ကိုယ်စားပြုရတာ အဆင်ပြေရဲ့လားလို့ မေးခွန်းထုတ်လိုက်တဲ့ အီရန် ဂျာနယ်လစ်

ယနေ့ညမှာ ကမ္ဘာ့ဖလား အုပ်စု A နဲ့ အုပ်စု B ရဲ့ နောက်ဆုံးပွဲစဉ်တွေ ကစားသွားဖို့ ရှိပြီး ၊ ၁၆သင်း ရှုံးထွက်အဆင့်သို့ ဘယ်အသင်းတွေ တက်ရောက်မလဲ ဆိုတာ အဆုံးအဖြတ် ပေးမယ့် ပွဲတွေ ဖြစ်တာကြောင့် အတော်လေး စိတ်ဝင်စားစရာကောင်းနေပါတယ် ။

ထိုအထဲမှာမှ ယနေ့ည နှောင်းပိုင်းမှာ ကစားမယ့် အုပ်စု B မှ အမေရိကန် – အီရန် ပွဲဟာ ဘောလုံး အကြောင်းအရာထက် ၊ လူတွေက နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာနဲ့ ရောထွေးပြီး စောင့်ကြည့်ရနိုင်တဲ့ ပွဲတပွဲလို့ ယူဆနေကြပါတယ် ။

ကမ္ဘာ့ဖလား မတိုင်ခင်ကလည်း နိုင်ငံရေး အရှုပ်အရှင်း ကိစ္စ အချို့ ဒီ၂နိုင်ငံ အကြား ရှိထားတာကြောင့် ယနေ့ည အမေရိကန် – အီရန် ပွဲကို သာမန် ဘောလုံးပွဲ တပွဲထက် ပိုနိုင်တယ်လို့ အများက သတ်မှတ်ထားကြပါတယ် ။ မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာလည်း အီရန် ဂျာနယ်လစ် တဦးဟာ ဘောလုံး အကြောင်းအရာထက် နိုင်ငံရေး အကြောင်းအရာကိုသာ တွန်းအားပေး မေးမြန်းဖို့ ကြိုးစားခဲ့ပါတယ် ။

ပထမဆုံး အနေနဲ့ အီရန် ဂျာနယ်လစ် က အမေရိကန် နည်းပြ ဂရဂ် ဘာဟော်လ်တာထံ ” မနက်ဖြန်ပွဲမှာ အီရန်က အနိုင်ရခဲ့ရင် ၊ ကမ္ဘာပေါ်က လူဦးရေ ဘယ်လောက် ရာခိုင်နှုန်း ပျော်ရွှင်မှာလဲ ? ” ဆိုပြီး မေးခွန်း စထုတ်ခဲ့ပါတယ် ။

ဒါကို နိုင်ငံရေး မပါပဲ ဘေးရှောင်ဖို့ ကြိုးစားခဲ့တဲ့ ဘာဟော်လ်တာ က ” ကျွန်တော်တို့ အတွက်တော့ ဒါဟာ အသင်းကောင်း တသင်းနဲ့ ဘောလုံး ပွဲကောင်း တပွဲ ကစားရခြင်း ဖြစ်ပါတယ် ။ ဒီထက် ဘာမှမပိုပါဘူး ။ ” လို့သာ ဖြေကြားခဲ့ပါတယ် ။

အဲဒီနောက် အီရန် ဂျာနယ်လစ် က အစောပိုင်းမှာ အီရန်နိုင်ငံ အသံထွက် မှားယွင်းခဲ့တဲ့ အမေရိကန် အသင်းခေါင်းဆောင် တိုင်လာ အဒမ်စ် အပေါ် ” ပထမဆုံး အနေနဲ့ ခင်ဗျားက အီရန် နိုင်ငံသားတွေကို အားပေး ထောက်ခံကြောင်း ပြောခဲ့တယ်ဟုတ် ? ဒါပေမယ့် ခင်ဗျား ကိုယ်တိုင်က ကျွန်တော်တို့ နိုင်ငံရဲ့ အသံထွက် ထွက်တာကျ မှားနေပါတယ် ။ ကျွန်တော်တို့ နိုင်ငံဟာ ‘ အီရန် ‘ လို့ အသံထွက်ပါတယ် ။ ‘ အိုင်ရန် ‘ မဟုတ်ပါဘူး ။ ”

” ဒုတိယ မေးခွန်း က ခင်ဗျားတို့ နိုင်ငံ အတွင်းမှာ လူမဲတွေ အပေါ် လူမျိုးရေး ခွဲခြားမှု အများကြီး ရှိနေပြီး ၊ ဒီနိုင်ငံကို ခင်ဗျား ကိုယ်စားပြုရတာ အဆင်ပြေရဲ့လား ။ ” ဆိုပြီး မေးခွန်း ထပ်ထုတ်ခဲ့ပါတယ် ။ ကိုယ်တိုင်လည်း လူမဲ ကစားသမား တယောက် ဖြစ်နေတဲ့ အဒမ်စ် က ယင်းဂျာနယ်လစ်ရဲ့ မေးခွန်း အပေါ် အခုလိုပဲ တည်တည်ငြိမ်ငြိမ် ဖြေကြားခဲ့ပါတယ် ။

အဒမ်စ် က ” ခင်ဗျားတို့ နိုင်ငံ စာလုံးပေါင်း အသံထွက် မှားခဲ့တဲ့ အတွက် ကျွန်တော် တောင်းပန်ပါတယ် ။ ခုနက ခင်ဗျား ပြောသလိုပါပဲ ။ လူမျိုးရေး ခွဲခြားမှုတွေက ကိုယ်သွားတဲ့ နေရာတိုင်းမှာ ရှိပါတယ် ။ အမေရိကန်မှာလည်း ဒါနဲ့ ပတ်သက်ပြီး တနေ့တခြား တိုးတက်မှု ရှိအောင် လုပ်ဆောင်နေတာပါပဲ ။ ခင်ဗျားရဲ့ ကြိုးပမ်းမှု အရာထင်နေဖို့သာ အရေးကြီးဆုံး ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

အုပ်စုပွဲ ၂ပွဲ ကစားထားပြီးချိန် အီရန်က ရမှတ် ၃မှတ်နဲ့ အုပ်စု B ရဲ့ အဆင့် ၂ နေရာမှာ ရှိနေပြီး ၊ အမေရိကန်က ရမှတ် ၂မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ် ။ နောက်တဆင့် တက်ရောက်နိုင်ဖို့ အတွက်ဆို ၂သင်းလုံး အနိုင်ရလဒ်ကို ဦးတည် ကြိုးစားကြမှာ ဖြစ်ပါတယ် ။ ဒီပွဲနဲ့ ပတ်သက်ပြီး အီရန် နည်းပြ ကားလို့စ် ကွီရော့ဇ် က အခုလိုပဲ မှတ်ချက်ပေးခဲ့ပါတယ် ။

ကွီရော့ဇ် က ” စိတ်ဓာတ်စစ်ဆင်ရေး နည်းလမ်းနဲ့ ကျွန်တော် နိုင်ပွဲတွေ ယူနိုင်စွမ်း ရှိတုန်းပဲလို့ ကျွန်တော် ယုံကြည်နေဆဲပါ ။ ဒီတကြိမ် ကမ္ဘာ့ဖလား ဘေးပတ်လည်က ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အားလုံး အနာဂတ်မှာ သင်ခန်းစာ ယူနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ။ ”

” ကျွန်တော်တို့ လုပ်ရမှာက ဖျော်ဖြေမှု အပြည့် ဖန်တီးနိုင်ဖို့ ၊ မိနစ် ၉၀ အပြည့် ပရိသတ်တွေကို ပျော်ရွှင်အောင် လုပ်ပေးနိုင်ဖို့ ဖြစ်ပါတယ် ။ ကျွန်တော်ကတော့ အီရန် ပရိသတ်တွေကို အမှန်တကယ် ကျေးဇူးတင်ရပါမယ် ။ ဝေးလ်စ်နဲ့ ပွဲမှာ သူတို့ဟာ ကျွန်တော်တိုရဲ့ လှပတဲ့ ပွဲတပွဲဖြစ်အောင် ကူညီပေးသွားခဲ့ပါတယ် ။ အခုတော့ ကျွန်တော်တို့ အမေရိကန်နဲ့ ပွဲကို အာရုံစိုက်ရပါမယ် ။ ကျွန်တော်တို့ရဲ့ ခရီးစဉ် မပြီးဆုံးသေးပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR