ပီအက်စ်ဂျီ အသင်း ရဲ့ကြယ်ပွင့် မက်ဆီ တစ်ယောက် အမေရိကန် ကလပ် အင်တာမီယာမီ အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီလိုက်ပြီ ဆိုတဲ့ သတင်းတွေဟာ မမှန်ကန်ကြောင်း အာဂျင်သားရဲ့ အေးဂျင့် က ငြင်းဆို လိုက်ပါတယ် ။
ပြီးခဲ့တဲ့ ရက်ပိုင်းက ကစားခဲ့တဲ့ မက္ကဆီကို နဲ့ ပွဲမှာ တစ်ဂိုးသွင်း ၊တစ်ဂိုး ဖန်တီးပြီး အာဂျင်တီးနား အသင်း နိုင်ပွဲ ရအောင် ကူညီ ပေးခဲ့တဲ့ မက်ဆီ ဟာ ပီအက်စ်ဂျီ အသင်း နဲ့ စာချုပ် သက်တမ်း နောက်ဆုံး ၆ လ ထဲကို ရောက်ရှိနေပြီ ဖြစ်ပါတယ် ။
ဒါပေမယ့်လည်း ပီအက်စ်ဂျီ အသင်းဟာ မက်ဆီ ကို နောက်ထပ် တစ်နှစ် သက်တမ်းတိုးခွင့်လည်း ရှိနေပါတယ် ။ မက်ဆီ ဟာ သူ့ရဲ့ကစားသမား ဘဝ နေဝင်ချိန်ကို အသင်းဟောင်း ဘာစီလိုနာ သို့မဟုတ် နယူးဝဲလ်အိုးဘွိုင်းစ် မှာ ကုန်ဆုံးမှာ ဖြစ်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေကြပါတယ် ။
The Times ကတော့ အင်တာမီယာမီ အသင်းဟာ မက်ဆီ ကို ခေါ်ယူနိုင်ရေးကြိုးပမ်းမှု ပြိုင်ပွဲမှာ တခြား အသင်းတွေ အားလုံးကို အနိုင်ရပြီး သဘောတူညီမှု ရရှိ သွားခဲ့ပြီ ဖြစ်တယ်လို့ မနေ့က ရေးသား ဖော်ပြ ခဲ့ပါတယ် ။
သဘောတူညီမှု အရ မက်ဆီ ဟာ အမေရိကန် မေဂျာလိဂ် သမိုင်းတစ်လျှောက် လစာ အများဆုံး ရတဲ့ ကစားသမား ဖြစ်လာမယ်လို့လည်း ဆိုခဲ့ပါတယ် ။ ဒါ့အပြင် အင်တာမီယာမီ အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ပြီးတာနဲ့ မက်ဆီကို ခေါ်ယူဖို့ သဘောတူညီမှု ရသွားပြီ ဖြစ်ကြောင်း ကြေညာမယ်လို့ The Times က အခိုင်အမာ ရေးသား ခဲ့ပါတယ် ။
မက်ဆီ ရဲ့အေးဂျင့် မာဆယ်လို မန်ဒက်ဇ် ကတော့ CNN နဲ့ အင်တာဗျူးမှာ ထွက်ပေါ် နေတဲ့ သတင်းတွေဟာ မမှန်ကန်ကြောင်း ငြင်းဆို သွားခဲ့ပါတယ် ။ ” သတင်းမှားတွေပါ ၊ လုပ်ကြံ ရေးနေကြတာပါ ၊ လာမယ့် ရာသီမှာ အင်တာ မီယာမီ အသင်းဆီ ပြောင်းရွှေ့ ကစားဖို့ ဆွေးနွေး ညှိနှိုင်းနေတာမျိုး မရှိပါဘူး ။ ” လို့ ဖြေရှင်း သွားခဲ့ပါတယ် ။
လက်တစ်လော ထွက်ပေါ်နေတဲ့ သတင်းတွေက မမှန်ကန်ဘူး ဆိုပေမယ့် မက်ဆီ ကိုယ်တိုင်က မေဂျာလိဂ် မှာ ကစားချင်ကြောင်း ပြောခဲ့ဖူးတာကြောင့် အပြောင်းအရွှေ့ ဖြစ်နိုင်ချေ ကတော့ ရှိနေပါတယ် ။ မက်ဆီ ဟာ မီယာမီ မှာ အိမ်ဝယ် ထားသလို အားလပ်ရက် အပန်းဖြေ ခရီး အဖြစ် မိသားစုနဲ့အတူ မီယာမီ ကို ကြိမ်ဖန်များစွာ လာခဲ့ဖူးပါတယ် ။
SM