မက်ဆီ နဲ့ နီးစပ်လာတဲ့ ကလပ်သစ် ၊ ဘောလုံးထဲကရန်ပွဲတွေ ၊ ကမ္ဘာ့ဖလားအကြောင်းတွေနဲ့ . . . နံနက်ခင်း အားကစားသတင်းများ

မနေ့က ကစားခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စု ပွဲစဉ်တွေ အပြီးမှာတော့ အိမ်ပြန်ရမယ့် အသင်း တသင်း ထပ်မံ ပေါ်ထွက် လာခဲ့ ပါတယ် ။ အဲ့ဒိ အသင်းကတော့ ကနေဒါ ပါပဲ ။ ကမ္ဘာ့ဖလား ကို နှစ်ပေါင်း ၃၀ ကျော် အကြာမှ ပြန်ရောက် လာတဲ့ ကနေဒါ ဟာ ၂ ပွဲဆက် ရှုံးနိမ့် အပြီးမှာတော့ အိမ်ပြန်ရဖို့ သေချာ သွားစေခဲ့ ပါတယ် ။

ကနေဒါ ဟာ ခရိုအေးရှား နဲ့ ရင်ဆိုင် ကစားခဲ့တာ ဖြစ်ပြီး ၄-၁ နဲ အရေးနိမ့်ခဲ့ ပါတယ် ။

ဒီပွဲမှာ ကနေဒါ ဘက်က အယ်လ်ဖွန်ဆို ဒေဗီးစ် က ပွဲအစ ၂ မိနစ် မှာတင် ဂိုးသွင်းယူခဲ့ပြီး ဒီဂိုးဟာ လက်ရှိ အချိန်အထိ ၂၀၂၂ ကမ္ဘာ့ဖလား ရဲ့ အမြန်ဆုံး သွင်းဂိုး အဖြစ် ရပ်တည်နေခဲ့ ပါတယ် ။

ကနေဒါ တို့ရဲ့ အုပ်စုထဲမှာတော့ အဖွင့်ပွဲကို အနိုင်ရထားတဲ့ ကမ္ဘာ့အဆင့် ၂ ဘယ်လ်ဂျီယံ ဟာ မော်ရိုကို အသင်းကို ၂-၀ နဲ့ အံ့အားသင့်ဖွယ် အရေးနိမ့်သွားခဲ့ ပါတယ် ။ ဒါကြောင့် ၂ ပွဲစီ ကစားအပြီးမှာ မော်ရိုကို က ၄ မှတ် ၊ ခရိုအေးရှား က ၄ မှတ် နဲ့ ရပ်တည် နေကြပြီး ဘယ်လ်ဂျီယံ က ၃ မှတ် နဲ့ တတိယ နေရာမှာ ရောက်ရှိ နေပါတယ် ။

ဂျပန် အသင်းကလည်း ကော်စတာရီကာ ကို ၁-၀ နဲ့ ရှုံးနိမ့်ပြီး ပရိသတ်တွေကို ထပ်မံ အံ့အားသင့်စေခဲ့ပြန် ပါတယ် ။ ကော်စတာရီကာ ဟာ တပွဲလုံးမှာ ဂိုးပေါက် ၁ ကြိမ်သာ တည့်ခဲ့ပြီး အဆိုပါ အကြိမ်ကနေ အဖိုးတန် ၃ မှတ်ကို ရယူသွားခဲ့တာပဲ ဖြစ်ပါတယ် ။

ဂျာမနီ နဲ့ စပိန် တို့ရဲ့ ပွဲကတော့ ၁ ဂိုးစီ သရေရလဒ် နဲ့ ပြီးဆုံးခဲ့ ပါတယ် ။ လက်ရှိမှာ စပိန် က ၄ မှတ် ၊ ဂျပန် က ၃ မှတ် ၊ ကော်စတာရီကာ က ၃ မှတ် ၊ ဂျာမနီ က ၁ မှတ် နဲ့ အသီးသီး ရပ်တည်နေကြပါတယ် ။

ဇင်းနစ် နဲ့ စပါးတပ် မော်စကို တို့ ကစားခဲ့တဲ့ ရုရှ ပြည်တွင်းဖလား ပွဲစဉ်ဟာ ၂ ဘက် အသင်းရဲ့ ခိုက်ရန် ဖြစ်ပွားမှု နဲ့ အကျည်းတန် ခဲ့ပြီး ကစားသမား ၆ ဦး အထိ အနီကတ်ပြ ထုတ်ပယ် ခံခဲ့ရပါတယ် ။ နောက်ဆုံးမှာတော့ ဇင်းနစ် က ပင်နယ်တီ အဆုံးအဖြတ် မှာ အနိုင်ရရှိခဲ့ ပါတယ် ။

တူရကီ ဒုတိယတန်းလိဂ် ပွဲစဉ် တခု ဟာလည်း ပရိသတ် တဦးက ကွင်းထဲ အထိ ပြေးဝင်ကာ အလံတိုင်ကို ချွတ်ပြီး တဘက် အသင်း ဂိုးသမားကို ရိုက်နှက် ခဲ့မှုကြောင့် ပွဲရပ်နား ခဲ့ရတဲ့ အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ် ။

အင်တာမီလန် အသင်းဟာ ဖူလ်ဟမ် အသင်းရဲ့ ဘယ် နောက်ခံလူ အန်တိုနီ ရော်ဘင်ဆင် ကို ပေါင် သန်း ၂၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ် ထားတယ်လို့ သိရပါတယ် ။ အန်တိုနိ ရော်ဘင်ဆင် ဟာ အခု ကမ္ဘာ့ဖလားမှာ အမေရိကန် အသင်းနဲ့ ပါဝင် ကစားနေသူ ဖြစ်ကာ လွန်ခဲ့တဲ့ ၂ နှစ် တုန်းက အေစီမီလန် ကို ပြောင်းရွှေ့ဖို့ ပြုလုပ်စဉ်မှာ ဆေးစစ်မှု မအောင်မြင်ခဲ့ဖူးသူလည်း ဖြစ်တယ်လို့ သိရပါတယ် ။

ဒေးဗစ် ဘက်ခမ်း ပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီ အသင်းဟာ လီယွန်နယ် မက်ဆီ ကို ၂၀၂၃ ခုနှစ် မှာ ခေါ်ယူ နိုင်ဖို့ အတွက် သဘောတူညီမှု ရရှိဖို့ နိးစပ် နေပြီလို့ သတင်း တခု ထွက်ပေါ် လာခဲ့ ပါတယ် ။ အင်တာ မိုင်ယာမီ ဟာ မက်ဆီ အပြင် ဖာဘရီဂတ်စ် နဲ့ လူးဝစ် ဆွာရက် တို့ကိုပါ ခေါ်ယူဖို့ စီစဉ် နေတယ်လို့ သိရှိရ ပါတယ် ။

ဘုန်းမောက် အသင်းကတော့ ဂယ်ရီ အိုနီးလ် ကို အသင်းနည်းပြသစ် အဖြစ် ၁၈ လ စာချုပ်နဲ့ ခန့်အပ်ကြောင်း ယမန်နေ့က ကြေညာ သွားခဲ့ ပါတယ် ။

ဘရာဇီး နည်းပြကြီး တီတေး က သူ့အနေနဲ့ နေမာ ရဲ့ ဒဏ်ရာ အခြေအနေကို စောစော သိရှိခဲ့ပါက လူစားလဲ ခဲ့မှာ ဖြစ်ကြောင်း ဝန်ခံ သွားခဲ့ပြီး အုပ်စု ပွဲစဉ်တွေ အပြီးမှာ နေမာ ပြန်ကောင်းလာဖို့ မျှော်လင့်ကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဘရာဇီး လက်ရွေးစင်တွေ ဖြစ်ကြတဲ့ အန်တိုနီ ၊ လူးကပ်စ် ပါကွေတာ နဲ့ ဂိုးသမား အဲလစ်ဆင် တို့ ဟာ အဖျားဝေဒနာ ပုံစံမျိုး ခံစား နေကြတာကြောင့် မနေ့က လေ့ကျင့်ခန်း အစီအစဉ်မှာ မပါဝင်လာခဲ့ ကြဘူးလို့လည်း သတင်း ထွက်လာခဲ့ ပါတယ် ။

ပေါ်တူဂီ ခံစစ်မှူး ဒါနီလို ပါရဲရား ဟာ ဂါနာ နဲ့ ပွဲမှာ နံရိုး ဒဏ်ရာ ရရှိခဲ့ပြီး အရိုး အက်မှု ဖြစ်ခဲ့တာကြောင့် ယူရဂွိုင်း နဲ့ ပွဲကို လွဲချော်ဖို့ များနေတယ်လို့လည်း သိရှိရ ပါတယ် ။

အမေရိကန် နဲ့ အီရန် တို့ ကစားမယ့် ကမ္ဘာ့ဖလား အုပ်စု နောက်ဆုံး ပွဲစဉ် ကတော့ နိုင်ငံရေးတွေ ရောယှက် နေခဲ့ပါပြီ ။ အမေရိကန် အသင်းဟာ သတင်းစာ ရှင်းလင်းပွဲမှာ အီရန် သတင်းထောက် ရဲ့ လက်ထောင်မှုကို အကြိမ်များစွာ လစ်လျူရှုခဲ့ပြီး မေးခွန်း တခုတည်းသာ ဖြေကြားခဲ့ ပါတယ် ။

အမေရိကန် သတင်းဌာန ရဲ့ သတင်း ကြေညာမှုမှာလည်း အီရန် အလံကို အစ္စလမ်အမှတ်အသားတွေ ဖျောက်ကာ ဖော်ပြ ခဲ့တာကြောင့် အီရန် ဘောလုံးအဖွဲ့ချုပ်က ဖီဖာ ကို တိုင်ကြားခဲ့တယ်လို့ သိရှိရ ပါတယ် ခင်ဗျာ ။

 

SPORTS MYANMAR