ဘယ်လ်ဂျီယမ်ကို အနိုင်ရခဲ့တဲ့ ပွဲမှ မော်ရိုကို စတား တဦးရဲ့ ခြေစွမ်း အပေါ် ချီးကျူးရင်း ၊ ပွဲမစခင် ဂိုးသမား လူစားလဲမှု အကြောင်း ရှင်းပြခဲ့တဲ့ မော်ရိုကို နည်းပြ ရီဂရာဂီ

မနေ့ည က ကစားခဲ့တဲ့ ကမ္ဘာ့ဖလား Group F မှ ဘယ်လ်ဂျီယမ် – မော်ရိုကို ပွဲမှာ မော်ရိုကို အသင်းဟာ ကမ္ဘာ့ အဆင့် နံပါတ် ၂ ရှိတဲ့ ဘယ်လ်ဂျီယမ် အသင်းကို ဒုတိယပိုင်းမှ သွင်းဂိုးတွေနဲ့ အတူ ၀ – ၂ ရလဒ်နဲ့ အနိုင်ရကာ ၊ ၁၆သင်း ရှုံးထွက်အဆင့်သို့ တက်လှမ်းနိုင်ဖို့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်ပါတယ် ။

မော်ရိုကိုဟာ ဒီပွဲမှာ ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့ပြီး ၊ အင်အားကြီး ဘယ်လ်ဂျီယမ်ကို ဘောလုံး ပိုင်ဆိုင်မှုက လွဲကာ ၊ အပိုင် ကန်သွင်းခွင့် မည်မည်ရရ မပေးခဲ့ပဲ ၊ တန်ပြန်တိုက်စစ်တွေကနေ ထိထိရောက်ရောက် ထိုးဖောက်နိုင်ခဲ့ပါတယ် ။ အထူးသဖြင့် ညာခြမ်းက တောင်ပံ ကစားသမား ဟာကင် ဇီယက်ခ်ျကို ဘယ်လ်ဂျီယမ်တို့ တပွဲလုံး ထိန်းနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။

ဇီယက်ခ်ျဟာ ဒီကမ္ဘာ့ဖလား မတိုင်ခင် မော်ရိုကို နည်းပြဟောင်း ဗာဟစ် ဟာလီဟိုဇစ်နဲ့ အဝေမတည့်ခဲ့တာကြောင့် လက်ရွေးစင် ကစားသမား ဘဝကနေ အနားယူဖို့ ဆုံးဖြတ်ပြီးခါမှ ၊ နည်းပြ အပြောင်းအလဲ ဖြစ်အပြီး နောက်ပိုင်း မော်ရိုကို အသင်းနဲ့ အတူ ကမ္ဘာ့ဖလား ဆင်နွှဲခွင့် ပြန်ရလာပါတယ် ။

မနေ့ည က ပွဲရဲ့ ပထမပိုင်း နာကျင်အချိန်ပိုမှာ ဇီယက်ခ်ျ တယောက် အဖွင့်ဂိုး ရယူပေးလုနီးပါး ဖြစ်ခဲ့ပြီး ၊ ၄င်းရဲ့ တိုက်ရိုက် ဖရီးကစ် ကန်ချက် ဂိုးဝင်ခဲ့ပေမယ့် ၊ ဘောလုံးလာရာ လမ်းကြောင်းမှာ အသင်းဖော် နောက်ခံလူ ရိုမိန်းဆာအိစ် က ပိတ်ဆို့နေတဲ့ အပြင် ၊ လူကျွံ အနေအထားပါ ဖြစ်ခဲ့လို့ ကံဆိုးခဲ့ရပါတယ် ။

ဒုတိယပိုင်းမှာတော့ မော်ရိုကိုဟာ လူစားလဲ မှန်ကန်ခဲ့ပြီး ၊ ၂ဂိုးလုံးဟာ လူစားဝင် ကစားသမားတွေဆီက ဖြစ်လာခဲ့ပါတယ် ။ အဖွင့်ဂိုးကို ဆက်ဘ်ဟီရီက တိုက်ရိုက် ဖရီးကစ် က တဆင့် သွင်းယူပေးခဲ့ပြီး ၊ ဒုတိယ ဦးဆောင်ဂိုးကိုတော့ နာကျင်အချိန်ပိုမှာ ဇီယက်ခ်ျရဲ့ ဖန်တီးမှုမှတဆင့် အဘူခယ်လ်က သွင်းယူသွားခဲ့ပါတယ် ။

ဒါဟာ ၁၉၈၆ နောက်ပိုင်း မော်ရိုကိုတို့ရဲ့ ပထမဆုံး ကမ္ဘာ့ဖလား နိုင်ပွဲ ဖြစ်ခဲ့ပါတယ် ။ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ မော်ရိုကို နည်းပြ ဝါလစ် ရီဂရာဂီက Man of the Match ခြေစွမ်းမျိုး ပြသခဲ့တဲ့ အသက် ၂၉နှစ် အရွယ်ရှိ ဇီယက်ခ်ျရဲ့ စွမ်းဆောင်ရည် အပေါ် အခုလိုပဲ ချီးမွမ်းခန်း ဖွင့်သွားပါတယ် ။

ရီဂရာဂီ က ” ခင်ဗျားတို့ ဒီကစားသမား အကြောင်း သိကြမှာပါ ။ သူဟာ လုံးဝ အံ့သြဖွယ်ကောင်းပါတယ် ။ လက်ရွေးစင် အသင်းဆီ ပြန်ရောက်လာတဲ့အခါ သူ့ရဲ့ ဝိညာဉ်က ပြန်ပြီး အသက်ဝင်လာပါတယ် ။ လူအများစုက သူဟာ ထိန်းချုပ်ရ ၊ ကိုင်တွယ်ရ ခက်တဲ့ ကစားသမား ၊ အသင်းအတွက် အထောက်အကူ မပေးတဲ့ ကစားသမားလို့ ပြောကြပါတယ် ။ ”

” ဒါပေမယ့် ကျွန်တော့ အတွက်တော့ သူဟာ နည်းပြဆီကနေ ချစ်ခြင်းမေတ္တာနဲ့ ယုံကြည်မှု လုံလုံလောက်လောက် ခံစားရရင် ၊ အသင်း အတွက် သေပေးဖို့တောင် ဝန်မလေးတဲ့ ကစားသမားလို့ မြင်ပါတယ် ။ ဒါတွေ ကျွန်တော် ပေးခဲ့ပြီး ၊ သူကလည်း ကျွန်တော်နဲ့ မော်ရိုကို ပရိသတ်တွေထံ ယုံကြည်မှု တဖန် ပြန်ပေးနိုင်ခဲ့ပါတယ် ။ ”

” မော်ရိုကို ပရိသတ် အများစုဟာ ဟာကင်ကို လက်ရွေးစင် အသင်းဆီ ပြန်လာစေချင်ကြပြီး ၊ ဒါကို ကျွန်တော် သိခဲ့ပါတယ် ။ ဒါပေမယ့် သူဟာ ဆိုဖီယန် ( ဘူဖယ်လ် ) ၊ အချာရပ်ဖ် ( ဟာကီမီ ) ၊ မာဇရာဝီတို့နဲ့ အတူတူ အသင်းရဲ့ အဓိက သော့ချက် ကစားသမား ဖြစ်ပါတယ် ။ ”

” ဒီကစားသမားတွေ ပါဝင်လာရင် အသင်းက လုံးဝ ပြောင်းလဲသွားပြီး ၊ ဥရောပ အတွေ့အကြုံ များစွာ ရှိတဲ့ အသင်းမျိုး ဖြစ်သွားပါတယ် ။ ဟာကင်ဆိုရင် လက်ရွေးစင် အသင်းမှာ ကွဲပြားခြားနားတဲ့ ကစားသမား တယောက် အသွင် ပြောင်းသွားတာ ခင်ဗျားတို့လည်း မြင်တွေ့ရမှာပါ ။ ”

” သူဟာ ကျွန်တော်တို့ရဲ့ ခေါင်းဆောင် တဦး ဖြစ်ပြီး ၊ နည်းပြရဲ့ အခန်းကဏ္ဍက သူ့ကို ယုံကြည်မှုတွေ ပေးဖို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ တဖက်မှာ ပွဲမစခင် အသင်းလိုက် ဓာတ်ပုံ မရိုက်ခင် မော်ရိုကိုရဲ့ အစောပိုင်း ပွဲထွက်စာရင်းမှာ ပါဝင်ခဲ့တဲ့ ဂိုးသမား ယာစင်း ဘိုနူဟာ ထူးဆန်းစွာနဲ့ အရန် ဂိုးသမား မူနီယာ မိုဟာမက်ဒီနဲ့ လူစားလဲခံခဲ့ရပါတယ် ။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ရီဂရာဂီ က ” ခရိုအေးရှားနဲ့ ပွဲမှာ သူ့ မျက်နှာ အားပြင်းတဲ့ ဘောလုံးနဲ့ ရိုက်ခံရအပြီး ၊ အခြေအနေ သိပ်မဟန်ခဲ့ပါဘူး ။ နောက်ဆုံး အခိုက်အတန့် အထိ ကျွန်တော်တို့ ကြိုးစားကြည့်ခဲ့ပေမယ့် ၊ သွေးပူလေ့ကျင့်ခန်း အပြီး ပွဲမစခင်လေးမှာ သူ နေလို့ထိုင်လို့ သိပ်မကောင်းဖြစ်ခဲ့ပါတယ် ။ ”

” အဲဒီနောက် ရိုးရိုးသားသားပဲ သူ ခံစားနေရတာတွေကို ပြောပြပြီး ၊ အခြား အသင်းဖော်ဆီ အခွင့်အရေး လွှဲပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ ပွဲထွက်စာရင်းမှာ ပါဝင်ချင်တယ်ဆိုရင် ခင်ဗျားဟာ အသင်း အတွက် ရာနှုန်းပြည့် ပေးဆပ်နိုင်စွမ်း ရှိရပါမယ် ။ ဒါကို ယာစင်း နားလည်ခဲ့ပြီး ၊ သူ့နေရာကို ဒီနေ့ညပွဲမှာ လက်စွမ်းပြခဲ့တဲ့ မူနီယာဆီ လွှဲပြောင်းပေးခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR