တိုက်စစ် ကစားသမားတွေ များပြားပေမယ့် နေမာဟာ ဘရာဇီး အတွက် အစားထိုးမရတဲ့ ကစားသမားလို့ ဖွင့်ဟလာတဲ့ ကာဆီမီရို

လက်ရှိ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်း အစားဆုံး အသင်း ဖြစ်နေတဲ့ ဘရာဇီး အသင်းဟာ လက်ကျန် အုပ်စု ပွဲ နှစ်ပွဲကို သူတို့ရဲ့ အဓိက ကစားသမား နေမာ မပါဝင်ဘဲ ကစားရတော့မှာ ဖြစ်ပါတယ် ။

နေမာ ဟာ ဆားဘီးယား အသင်း နဲ့ ကစားခဲ့ရတဲ့ အုပ်စု အဖွင့်ပွဲစဥ် ဒုတိယပိုင်းမှာ ဒဏ်ရာ ရသွားခဲ့တာ ဖြစ်ပြီး လက်ကျန် အုပ်စု ပွဲစဉ်တွေကို လွဲ​ချော် သွားခဲ့ရပြီ ဖြစ်ပါတယ် ။ ဘရာဇီး ကွင်းလယ်လူ ကာဆီမီရို ကတော့ နေမာ မကစားနိုင်ခြင်းဟာ သူတို့ အတွက် ဘယ်လောက် အထိ ဆုံးရှုံးမှု ကြီးမား သလဲ ဆိုတာ ဖွင့်ဟ ပြောကြား လာခဲ့ပါတယ် ။

” နေမာ က ကမ္ဘာ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးပါ ၊ မထင်မှတ်ဘဲ နောက်လာမယ့်ပွဲတွေမှာ သူ ကျနော်တို့ အသင်း အတွက် မကစားပေးနိုင်တော့ပါဘူး ။ ကျနော်တို့ အသင်းမှာ အရည်အသွေးမြင့် ကစားသမားတွေ များပြားပါတယ် ။ ”

” ဒါပေမယ့် နေမာ နဲ့ နှိုင်းယှဉ် ကြည့်လိုက်ရင်တော့ သူနဲ့ အဆင့်အတန်းချင်းတူတဲ့ ကစားသမားမျိုး က ရှာရ ခက်ခဲတာ အမှန်ပါပဲ ။ ကျနော်တို့မှာ ခြေစွမ်းပြ ကစားနေတဲ့ ကစားသမားတွေ ရှိပါတယ် ၊ ဗင်နီစီးယပ် ရာဖင်ဟာ ရစ်ချာလီဆင် ဂျေးဇု ရိုဒရီဂို နဲ့ မာတင်နယ်လီ တို့ပေါ့ဗျာ ။ ”

” တိုက်စစ် မှာ ရွေးချယ် စရာ ကျယ်ပြန့် များပြားတာက ကျနော်တို့ အသင်း အတွက် ကောင်းမွန်တဲ့ အရာပါပဲ ။ ဒါပေမယ့် ကျနော်တို့ အနေနဲ့ အမှန်တရားကို လက်ခံ နိုင်ဖို့လည်း လိုအပ်ပါတယ် ၊ နေမာ က ကျနော်တို့ အသင်းရဲ့ အကောင်းဆုံး ကစားသမားပါ ။ “လို့ ပြောကြား လိုက်ပါတယ် ။

နောက်ဆုံး ထွက်ပေါ် လာတဲ့ သတင်းတွေအရတော့ နေမာ ရဲ့ ဒဏ်ရာ အခြေအနေဟာ တိုးတက် ကောင်းမွန်မှု ရှိတယ်လို့ သိရပါတယ် ။ နေမာ ကိုယ်တိုင်ကလည်း မကြာခင် ဘောလုံး ပြန်ကစား နိုင်ဖို့ ယုံကြည်မှု ရှိကြောင်း သူ့ရဲ့အင်စတာဂရမ် အကောင့်မှာ ပြောကြား ထားပါတယ် ။

” ကျနော့် ဘဝ မှာ ဘယ်အရာကမှ အလွယ်တကူ မရခဲ့ မဖြစ်ခဲ့ပါဘူး ၊ အိပ်မက်တွေ ရည်မှန်းချက်တွေ ဖြစ်လာဖို့ ကျနော် ကြိုးစား ခဲ့ရတာပါ ၊ ဘယ်သူ့ကိုမှ နစ်နာ ထိခိုက်စေလိုတဲ့ ရည်ရွယ်ချ​က် နဲ့ ဆုမတောင်းခဲ့ဖူးသလို လိုအပ်နေသူတွေကိုလည်း အမြဲ ကူညီ ပေးခဲ့ပါတယ် ။ ”

” ကျနော် ဒဏ်ရာ ရသွားတာ ဟုတ်ပါတယ် ၊ ဒဏ်ရာ ရတာက ကောင်းတဲ့ အရာတော့ ဟုတ်မနေပါဘူး ၊ ကျနော် ကိုယ်တိုင်လည်း နာကျင် ခံစားရပါတယ် ၊ ဒါပေမယ့် ကျနော့်မှာ ပြန်ကစားနိုင်ဖို့ အခွင့်အရေး သေချာပေါက် ရှိပါတယ် ၊နိုင်ငံ အသင်းအတွက် အသင်းဖော်တွေ အတွက် ကျနော် ကိုယ်တိုင် အတွက် အစွမ်းကုန် ပေးဆပ် ကစားသွားမှာပါ ။ ” လို့ ဆိုထားပါတယ် ။

ဘရာဇီး အသင်းဟာ အုပ်စု ဒုတိယ ပွဲစဉ် အဖြစ် ဒီနေ့ည မြန်မာ စံတော်ချိန် ၁၀ နာရီ မိနစ် ၃၀ မှာ ဆွစ်ဇာလန် အသင်း နဲ့ ကစားရဖို့ ရှိပါတယ် ။

SM