အာဂျင်တီးနား ကို အနိုင်ရလို့ ဆော်ဒီ ကစားသမား အားလုံး တန်ဖိုးကြီးကားတစ်စီးဆီ လက်ဆောင်ရတယ်ဆိုတဲ့ သတင်းတွေက မှန်ကန်သလား

ဆော်ဒီ အာရေဘီးယား အသင်း ရဲ့ နည်းပြ ဟာဗေးရေးနက်ဒ် က အာဂျင်တီးနား အသင်း ကို အနိုင် ကစားနိုင်ခဲ့တာကြောင့် ဆော်ဒီ အသင်း ရဲ့ ကစားသမားအားလုံး Rolls Royce ကား တစ်စီးဆီ လက်ဆောင်ရမှာ ဖြစ်တယ် ဆိုတဲ့ သတင်းတွေဟာ ကောလဟလသာ ဖြစ်ပြီး မမှန်ကန်ကြောင်း ဖြေရှင်း လိုက်ပါတယ် ။

အာဂျင်တီးနား အသင်းကို အနိုင်ရခဲ့ပြီးနောက် ဆော်ဒီအာရေးဘီးယား တော်ဝင် မိသားစုဟာ လက်ရွေးစင် ကစားသမားတိုင်းကို Rollys Royce ကားတစ်စီးဆီ လက်ဆောင် ပေးမှာ ဖြစ်တယ်ဆိုတဲ့ သတင်းဟာ ဆိုရှယ် မီဒီယာထက်မှာ ပျံ့နှံ့ ခဲ့ပါတယ် ။

အဆိုပါ သတင်း ကို စဖြန့်ခဲ့သူကတော့ Social influencer တစ်ဦး ဖြစ်တဲ့ ပါကစ္စတန် သွားဆရာဝန် တစ်ဦးပါ ။ ဆော်ဒီိအာရေးဘီးယား အသင်းဟာ အာဂျင်တီးနား အသင်းကို အနိုင်ရပြီး နောက်တစ်ရက်ကို အများပြည်သူ အားလပ်ရက် ပေးလိုက်တဲ့ သတင်းက မှန်ကန် ပေမယ့် Rollys Royce ကားတစ်စီးဆီ လက်ဆောင်ရတယ်ဆိုတဲ့ သတင်းက မမှန်ကန်ကြောင်း ရေးနက်ဒ် က ဆိုပါတယ် ။

အသက် ၅၄ နှစ်အရွယ် ဆော်ဒီ နည်းပြ ရေးနက်ဒ် က ” ထွက်ပေါ် နေတဲ့ သတင်းတွေက မမှန်ကန်ပါဘူး ၊ ဆော်ဒီ ဘောလုံး အဖွဲ့ချုပ် နဲ့ အားကစား ဝန်ကြီး ဌာန တွေက တကယ့်ကို တည်ကြည်လေးနက်မှု ရှိကြပါတယ် ၊ အခု အချိန်က ဒါမျိုးတွေ လုပ်ရမယ့် အချိန် မဟုတ်ဘူး ဆိုတာ သူတို့ ကောင်းကောင်း သိပါတယ် ။ ”

” အာဂျင်တီးနား နဲ့ ပွဲမတိုင်ခင် press conference မှာ ကျနော် ပြောတာကို ခင်ဗျားတို့ မှတ်မိကြရဲ့လားတော့ မသိပါဘူး ။ အဲ့တုန်းက အာဂျင်တီးနား နဲ့ ပွဲဟာ ကျနော်တို့ အနိုင် ၃ မှတ် ရဖို့ အရေးပါတဲ့ ပွဲတစ်ပွဲ ဖြစ်ကြောင်း ပြောခဲ့ပါတယ် ။ ”

” အုပ်စု ပွဲစဉ်တွေ အားလုံး အပြီးမှာ အဆင့် ၁ သို့မဟုတ် အဆင့် ၂ ရမှပဲ ကျနော်တို့ အတွက် ကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။ ဆော်ဒီ တိုက်စစ် ကစားသမား အယ်ရှရီ ကလည်း Rolls Royce ရတယ်ဆိုတဲ့ သတင်းတွေက မမှန်ကန်ဘူးလို့ ဖြေရှင်း ခဲ့ပါတယ် ။

” ကျနော်တို့ အားလုံး Rolls Royce ရမယ် ဆိုတဲ့ သတင်းတွေက လုံးဝ မမှန်ကန်ပါဘူး ၊ ကျနော်တို့ ဒီကို ရောက်နေတာက တိုင်းပြည် အတွက် ပေးဆပ်ဖို့ အကောင်းဆုံး ကစားဖို့ပါပဲ ။ ဒါတွေ​ကသာလျှင် ကျနော်တို့ အတွက် ဆုလာဘ်ပါပဲ ။ ” လို့ ပြောကြား လိုက်ပါတယ် ။

ဆော်ဒီ အာရေးဘီးယား အသင်းဟာ မနေ့က ကစားခဲ့တဲ့ အုပ်စု ဒုတိယ ပွဲစဉ်မှာတော့ ပိုလန် အသင်းကို နှစ်ဂိုး ဂိုးမရှိ နဲ့ အရေးနိမ့် သွားခဲ့ရပါတယ် ။ ဆော်ဒီ အသင်းဟာ အုပ်စု နောက်ဆုံး ပွဲစဉ် အဖြစ် မက္ကဆီကို နဲ့ ကစားရမှာ ဖြစ်ပါတယ် ။

SM